Friday, March 29, 2013

သိကောင်းဖွယ်ရာ ဉာဏ်နှစ်ဖြာ ပုဗ္ဗေ,ဇာတိဿရာ



ဒေါ်ကျင်ရီ (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ဇာတိဿရ၊ ပုဗ္ဗေနိဝါသ၊ နှစ်ဝဉာဏ်အကြောင်း သိကောင်းစရာ

(ဂ) အရှင်ဘုရား ဇာတိဿရဉာဏ်နှင့် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အကြောင်း ရှင်းပြပေးတော်မူပါဘုရား၊ သမထကမ္မဋ္ဌာန်းဆရာများပြောတော့ လူဝင်စားများ ပြန်ပြောနိုင်သော ဘဝဟောင်းနှင့် ကမ္မဋ္ဌာန်းထိုင်ခြင်းကြောင့် ဘဝဟောင်းများကို တစ်ဘဝ, နှစ်ဘဝ--- စသည်ဖြင့် ဘဝဟောင်း များစွာကို ပြောပြနိုင်သည်ဆိုခြင်းမှာ ဆက်စပ်မှုရှိပါသလား ဘုရား?

(ဂ) ဇာတိဿရဉာဏ်ဆိုတာ မိမိဖြစ်ခဲ့ဖူးသော ရှေးဘဝကို အောက်မေ့ သတိရနိုင်တဲ့ ဉာဏ်ကို ခေါ်ပါတယ်၊ ထိုဉာဏ်ရသူများတွင် အချို့ပုဂ္ဂိုလ်များဟာ အမိဝမ်းထဲကပင် အောက်မေ့နိုင်ကြတယ်၊ အချို့ပုဂ္ဂိုလ်များက မွေးဖွားကာစ ပင် အောက်မေ့နိုင်ကြတယ်၊ အချို့ပုဂ္ဂိုလ်များက ရှေးကမိမိနေခဲ့ဘူးတဲ့ နေရာအရပ်ကို တွေ့မြင်တဲ့အခါ၌ဖြစ်စေ, အကြောင်းတိုက်ဆိုင်တဲ့အခါ၌ဖြစ်စေ အောက်မေ့နိုင်ကြတယ်၊ အချို့ပုဂ္ဂိုလ်များက မိမိအလိုအလျောက် မအောက်မေ့ နိုင်ကြပဲ တပါးသောပုဂ္ဂိုလ်၏ပြောစကားကိုကြားသိမှ အောက်မေ့နိုင်ကြတယ်၊ အချို့ပုဂ္ဂိုလ်များက ရှေးဘဝတို့ကို အစဉ်အတိုင်း အောက်မေ့နိုင်ကြတယ်၊ အချို့ပုဂ္ဂိုလ်များကမူ ဘဝအစဉ်အတိုင်း မအောက်မေ့နိုင်ကြပဲ ခုန်ကျော်၍ အောက်မေ့နိုင်ကြတယ်။

ဤကဲ့သို့ ရှေးဘဝကို အောက်မေ့နိုင်သူများ (ဇာတိဿရဉာဏ်ရသူများ) တွင် ၁-ဘဝ အောက်မေ့နိုင်သူ, ၂-ဘဝ အောက်မေ့နိုင်သူ, ၃-ဘဝ အောက်မေ့နိုင်သူ, ၄-ဘဝ အောက်မေ့နိုင်သူ, ၈-ဘဝ အောက်မေ့နိုင်သူ, ၁၂-ဘဝ အောက်မေ့နိုင်သူ, ၁၄-ဘဝ အောက်မေ့နိုင်သူ, ဘဝပေါင်း ၅ဝဝ- အောက်မေ့နိုင်သူ-လို့ အမျိုးမျိုး တွေ့ရှိရတယ်။

ရှေးဘဝတို့ကို အောက်မေ့ သိမြင်နိုင်သူ တွေးခေါ်ရှင်ဟု ခေါ်တွင်တဲ့ တက္ကီပုဂ္ဂိုလ် ၄-ဦးတို့တွင် တစ်ဦးအပါ အဝင်ဖြစ်တဲ့ ဇာတိဿရဉာဏ်ရ ပုဂ္ဂိုလ်သည် ရှေးဘဝတို့ကို အောက်မေ့သိမြင်နိုင်သဖြင့် မိမိဖြစ်ခဲ့ဘူးတဲ့ ရှေးဘဝတို့ကို အခြေခံကာ “အတ္တနှင့်လောကသည် မြဲ၏၊ သတ္တဝါတို့သည်သာ တဘဝမှ တဘဝသို့ ပြောင်းသွား ကျင်လည်ကြရ၏၊ သေကြရ၏၊ ဖြစ်ပေါ်ကြရ၏၊ အတ္တနှင့်လောကသည်ကား မြေကြီး မြင်းမိုရ်တောင် လနေတို့ပမာ အမြဲတည်ရှိ၏”စသည် ဖြင့် ကြံစည်တွေးခေါ်လေသည်၊ ထိုသို့ကြံစည် တွေးခေါ်မှုမှာ မိစ္ဆာဒိဋ္ဌိဖြစ်သည်။ (ဒီ၊ ဋ္ဌ၊ ၁၊ သီလက္ခန်အဋ္ဌကထာ၊ ၉၉)။ မိစ္ဆာဒိဋ္ဌိဖြစ်တဲ့ အဲဒီ ဇာတိဿရတက္ကီပုဂ္ဂိုလ်သည် ဇာတိဿရဉာဏ်ဖြင့် အတိတ် ၇-ဘဝ ၈-ဘဝထက် ပိုမို၍ မအောက်မေ့နိုင်ကြောင်း (မ၊ ဋ္ဌ၊ ၄၊ ၁၅။ သံ၊ ဋ္ဌ၊ ၂၊ ၃၁ရ။ မ၊ ဋီ၊ ၃၊ ၂၃၅) တို့၌ လာပါတယ်။

ရှေးဘဝကို အောက်မေ့ အမှတ်ရသောသူတို့တွင်- သာဝတ္ထိမြို့သူ ပတိပူဇိကာအမည်ရှိ အမျိုးသမီးတစ်ယောက်ဟာ မွေးဖွားစကပင် ဇာတိဿရဉာဏ်ဖြစ်ပေါ်ကာ တာဝတိံသာနတ်ပြည် မာလာဘာရီအမည်ရှိ နတ်သားရဲ့ ဇနီး နတ်သမီးဘဝမှ စုတေကာ လူဖြစ်လာပုံကို သိမြင်ရတယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၂၉)။

ကုမ္မာသပိဏ္ဍိဇာတ်လာ ဘုရားလောင်း ဗြဟ္မဒတ်မင်းသားဟာ သွားနိုင်စ အရွယ်ကပင် ဇာတိဿရဉာဏ်ဖြစ်ပေါ် ကာ ဆင်းရဲသားဘဝမှ စုတေပြီး ပစ္စေကဗုဒ္ဓါတို့အား မုယောမုံ့ လှူဒါန်းခဲ့တဲ့ ဒါနရဲ့အကျိုးအားဖြင့် ဒီဘဝ၌ မင်းသားဖြစ်ရပုံကို ကြည်လင်တဲ့ မှန်အပြင်ဝယ် မျက်နှာရိပ်အလား ထင်ရှားစွာ သိမြင်ရတယ်၊ သူရဲ့ဇနီးဟာလဲ ကျွန်မဘဝမှ စုတေကာ ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူခဲ့တဲ့ ဒါနရဲ့အကျိုးအနေနဲ့ ဒီဘဝ သာဝတ္ထိနေပြည်တော်ဝယ် ကောသလမင်း၏ သမီးတော်ဖြစ်ရပုံကို ဇာတိဿရဉာဏ်ဖြင့် သိမြင်ရပါတယ်။ (ဇာ၊ ဋ္ဌ၊ ၃၊ ၃၈၆-၃၉၂)။

ဂင်္ဂါမာလဇာတ်လာ ဘုရားလောင်း ဥဒယမင်းသားဟာ ကျွန်အမှုလုပ် ဘဝမှ စုတေကာ နေ့ဝက်မျှ ဥပုသ်စောင့်ခဲ့တဲ့ သီလကုသိုလ်ကြောင့် ဒီဘဝ မင်းသားဖြစ်ရတာကို ဇာတိဿရဉာဏ်ဖြင့် သိမြင်ရတယ်။ (ဇာ၊ ဋ္ဌ၊ ၃၊ ၄၂၃-၄၂၄)။

ကဏှဒီပါယနဇာတ်လာ အရှင်အာနန္ဒာအလောင်း မဏ္ဍဗျရသေ့ဟာ ‘သူခိုး’လို့ စွပ်စွဲခံရပြီး တံကျင်လျှိုခံရစဉ် ဇာတိဿရဉာဏ် ဖြစ်ပေါ်ကာ ရှေးဘဝတစ်ခုမှာ ယင်ကောင်များကို ဖမ်းယူပြီး ပင်လယ်ကသစ်သားနဲ့ တံကျင်လျှိုကာ ပြုခဲ့ဘူးတဲ့ လက်သမားရဲ့သားဘဝကို အောက်မေ့မိခဲ့ပါတယ်။ (ဇာ၊ ဋ္ဌ၊ ၄၊ ၂၉)။

ဘုရားလက်ထက်တော်က ဘိက္ခုနီမငယ်တစ်ပါးဟာ ဘုရားရှင်ရဲ့ တရားတော်ကို ကြားနာနေစဉ် ဘုရားရှင်ရဲ့ တင့်တယ်သပ္ပါယ်တဲ့ ရူပကာယတော်ကို ဖူးမြင်ရ၍ “ဘဝပေါင်းများစွာ သံသရာ၌ ကျင်လည်ခဲ့ရတဲ့ ငါဟာ ဒီယောက်ျား မြတ်ရဲ့ ဇနီးမယား ဖြစ်ဘူးပါသလား?”လို့ ကြံစည်စဉ်းစားမိတယ်၊ အဲဒီခဏမှာပင် အဲဒီဘိက္ခုနီမအား ဇာတိဿရ ဉာဏ်ဖြစ်ပေါ်လာကာ အတိတ်ဘဝတစ်ခုဝယ် စူဠသုဘဒ္ဒါအမည်နဲ့ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းရဲ့ ဇနီးငယ် ဆင်မ ဖြစ်ခဲ့ရတာကိုလည်းကောင်း, ဆင်မဘဝမှ စုတေပြီး ဗာရာဏသီပြည်မှာ သုဘဒ္ဒါအမည်နဲ့ ဗာရာဏသီမင်းရဲ့ အဂ္ဂမဟေသီ ဖြစ်ခဲ့ရတာကို လည်းကောင်း သိမြင်ခဲ့ပါတယ်၊ ဗာရာဏသီမင်းရဲ့ အဂ္ဂမဟေသီ သုဘဒ္ဒါဖြစ်စဉ်မှာလဲ ဆဒ္ဒန်ဆင်မင်းရဲ့ ဇနီး စူဠသုဘဒ္ဒါ ဆင်မဘဝကို သိမြင်ခဲ့ပါတယ်။ (ဇာ၊ ဋ္ဌ၊ ၅၊ ၃၇-၄ဝ)။

မူဂပက္ခဇာတ်လာ ဘုရားလောင်းတေမိမင်းသားဟာ တစ်လသားအရွယ်, ခမည်းတော်မင်းကြီးက မိမိရင်ခွင်၌ ထားလျက် သူခိုး ၄-ယောက်အား တရားစီရင်သံကို ကြားရသဖြင့် လွန်စွာ ကြောက်ရွံ့ထိတ်လန့်ကာ “ငါဟာ သူခိုးသတ်ရာ ဒီအိမ်ကို ဘယ်ဘဝမှ ရောက်လာတာလဲ?”လို့ ဆင်ခြင်စဉ်းစားတဲ့အခါ ဇာတိဿရဉာဏ်ဖြစ်ပေါ်လာလျက် တာဝတိံသာနတ်ပြည်မှ သေ၍ ရောက်လာသည်ကိုလည်းကောင်း, ဆက်လက် အောက်မေ့တဲ့အခါ ဥဿဒငရဲ၌ နှစ်ပေါင်း ရှစ်သောင်း ဖြစ်ခဲ့ရပုံကိုလည်းကောင်း, ဆက်လက်ပြီး အောက်မေ့တဲ့အခါ ဗာရာဏသီပြည်၌ အနှစ် ၂ဝ-တိုင်တိုင် မင်းပြုခဲ့တဲ့ ဘဝကိုလည်းကောင်း သိမြင်ခဲ့တယ်။ (ဇာ၊ ဋ္ဌ၊ ၆၊ ၄)။

လူပုဂ္ဂိုလ်များသာ ဇာတိဿရဉာဏ်ဖြင့် ရှေးဘဝတွေကို အောက်မေ့ သိမြင်နိုင်ကြတာ မဟုတ်၊ တိရစ္ဆာန်များလဲ အောက်မေ့ သိမြင်နိုင်ကြပါတယ်၊ မတကဘတ္တဇာတ်လာ သိုးတစ်ကောင်ဟာ ဘဝတစ်ခုမှာ ပုဏ္ဏားဖြစ်ပြီး သိုးတစ်ကောင်ကို သတ်ကာ ‘မတကဘတ်’ခေါ်တဲ့ သေပြီးသူကို ရည်ရွယ်၍ ယဇ်ပူဇော်မှု ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ဘဝ ငါးရာပတ်လုံး ခေါင်းဖြတ်ခံရကာ သေဆုံးခဲ့ရတဲ့ ဘဝများကို အောက်မေ့ သိမြင်နိုင်ခဲ့ပါတယ်။ (ဇာ၊ ဋ္ဌ၊ ၁၊ ၁၈၃)။

သူငယ်တစ်ယောက်သည် မမွေးဖွားမီ အမိဝမ်းတွင်းကပင် ဇာတိဿရဉာဏ်ဖြစ်ပေါ်ကာ အစဉ်အတိုင်း မိမိဖြစ်ခဲ့သော နွားဘဝ, ခွေးဘဝ, လင်းမြွေဘဝ, ညီငယ်နှင့် ချစ်ကြိုက်နေသည့် မိမိမယား၏ တိုက်တွန်းချက်ကြောင့် ညီငယ်၏ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ လူ့ဘဝတို့ကို အောက်မေ့ သိမြင်နိုင်ပါတယ်။ (အံ၊ ဋ္ဌ၊ ၂၊ ၁၈၉-၁၉ဝ) ။
အစရှိသဖြင့် ကျမ်းဂန်များမှ ဇာတ်လမ်းအချို့ကိုလည်းကောင်း,

ငွေလေးဆယ်အတွက် ကျွဲဖြစ်သလား--- မုံရွာခရိုင်၊ မြို့တစ်ခု၌ ငွေတိုးပေး ချေးငှားပြီး စီးပွါးရေးလုပ်နေတဲ့ လူကြီးတစ်ယောက် ဗြိတိသျှခေတ်တုန်းက ရှိခဲ့တယ်။ အဲဒီလူကြီးက လယ်သမားတစ်ဦးထံမှ အကြွေးတောင်းတယ်၊ လယ်သမားက အကြွေးပေးဆပ်ပြီးကြောင်း ပြောတယ်၊ ကြွေးရှင်လူကြီးက မဆပ်ရသေးပါဘူး၊ ဆပ်ပါလို့ အထပ်ထပ်ပြောပြီး နောက်ဆုံးကျတော့ “ကြွေးဆပ်ပြီးဖြစ်ပါလျက် ထပ်တောင်းတာဖြစ်လို့ရှိရင် အဲဒီထပ်ပြီးဆပ်တဲ့ ငွေလေးဆယ်အတွက် မင်းအိမ်မှာ ငါကျွဲဖြစ်ရပါစေ”လို့ ကျိန်ဆိုပြီး အတင်းတောင်းနေသတဲ့။ ဒီတော့ ဆင်းရဲသားလယ်ယာသမားက သိလျက်သားနဲ့ ငွေလေးဆယ်ထပ်ပြီး ပေးဆပ်လိုက်ရတယ်။

အဲဒီ ကြွေးရှင်လူကြီး ဆုံးသွားပြီးတဲ့နောက် အဲဒီကြွေး ၂-ခါဆပ်ရတဲ့ လယ်သမားအိမ်မှာ ကျွဲကလေးတစ်ကောင် မွေးလာတယ်၊ အဲဒီကျွဲကလေးကို သူ့ဆရာကြွေးရှင်လူကြီးက ဖြစ်လာတယ်လို့ ထင်မြင်ယူဆပြီး အဲဒီ လယ်သမားဆင်းရဲ သားက သူ့ဆရာကို ရှေးက ခေါ်နေကျအတိုင်း အဲဒီကျွဲကလေးကို “ဆရာ ဆရာ လာပါ”လို့ ခေါ်ကြည့်တယ်။ အဲဒီလို့ ခေါ်လိုက်တော့ အဲဒီ ကျွဲကလေးက လာသတဲ့၊ အဲဒီ လယ်သမားက “သူ့ကြွေးရှင်လူကြီးဟာ သူ့ကျိန်စာအရ မိမိအိမ်မှာ ကျွဲလာဖြစ်တယ်” ဆိုတာ ယုံကြည်ပြီး ပြောတယ်၊၊ အဲဒီအခါ ကွယ်လွန်သွားတဲ့ ပစ္စည်းရှင်လူကြီး၏သမီးက သူ့အဖေ ဂုဏ်အသရေပျက်အောင် ပြောတယ်ဆိုပြီး ရုံးမှာ တရားစွဲသတဲ့။

အဲဒီတော့ တရားသူကြီးက ကျွဲကလေးနှင့်တကွ တရားလို တရားခံ သက်သေများပါ အစုံခေါ်ယူပြီး စစ်ဆေးတယ်၊ လယ်သမားက အကြွေးရှင်လူကြီးကို ဆရာလို့ ခေါ်လေ့ရှိတဲ့အတိုင်း ကျွဲကလေးကို “ဆရာ လာပါ”လို့ ခေါ်လိုက်တော့ ကျွဲကလေးက အဲဒီလူဆီကို လာသတဲ့၊ အကြွေးရှင်လူကြီးရဲ့ သမီးက သူ့အဖေကို ‘ရှိရှိ’လို့ ခေါ်နေကျအတိုင်း အဲဒီကျွဲ ကလေးကို “ရှိရှိ လာပါ”လို့ ခေါ်လိုက်တဲ့အခါလည်း အဲဒီခေါ်တဲ့ အမျိုးသမီးဆီကို လာသတဲ့။ ဒီတော့ တရားသူကြီးက လယ်သမားပြောတာဟာ ရိုးသားစွာ ပြောတာပဲ လို့ အယုံအကြည်ရှိပြီး အမှုကို ရုပ်သိမ်းလိုက်ပါသတဲ့။

ငညိုရဲ့ ဆန်တစ်စလယ်--- တောင်တွင်းကြီးမြို့၏ အနောက်မြောက်ဘက် ၁ဝ-မိုင်ခန့် ဝေးတဲ့အရပ်မှာ ချောင်းရိုးရွာ ဆိုတာ ရှိတယ်၊ အိမ်ခြေ ၄ဝဝ-ခန့်ရှိတယ်၊ အဲဒီရွာမှာ ငညိုနဲ့ ဘဆိုင်ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ကွမ်းထမ်းပြီး ရောင်းတဲ့အလုပ်ကို လုပ်ကြတယ်၊ တစ်နေ့တော့ ကွမ်းရောင်းရာမှ ပြန်လာတဲ့အခါ ဘဆိုင်မှာ ဆန်ကုန်သွားလို့ ငညိုထံမှ ဆန်တစ်စလယ် ချေးပြီး ချက်စားရတယ်၊ အဲဒီလို စားပြီးနောက် ညဥ့်အခါ လရောင်ဖြင့် ပြန်လာကြရာ လမ်းမှာ ပိုးထိလို့ (မြွေကိုက်လို့) ဘဆိုင်ဟာ သေသွားရှာတယ်၊ အဲဒီအခါတုန်းက သူတို့၏အသက်ဟာ ၂ဝ-ကျော်လောက် ရှိဟန်တူပါတယ်၊ ခုနှစ်ကတော့ ၁၂၇ဝ-နဲ့ ၁၂၈ဝ-အတွင်း ဖြစ်ပါလိမ့်မယ်။

ဘဆိုင်ဟာ သေပြီးတော့ ငညိုအိမ်မှာ ကြက်ဖြစ်ရသတဲ့၊ ဆန်တစ်စလယ်အကြွေးကို စွဲလမ်းပြီး သေသွားဟန်တူပါတယ်၊ အဲဒီကြက်က တိုက်ကြက်ကလေးမို့ ငညိုက အခြားလူများရဲ့ ကြက်များနဲ့ ကြက်တိုက်ပွဲလုပ်တယ်၊ ၃-ပွဲ ၃-ကြိမ်တိုင်အောင် အနိုင်ရတယ်၊ ၄-ကြိမ်မြောက်ပွဲကျတော့ အခြားကြက်က အသက်လည်းရင့် အားအင်လည်း ကြီးတာနဲ့ ငညိုကြက်က ရှုံးတယ်၊ အဲဒီတော့ ငညိုက ရှုံးရမလားဆိုပြီး စိတ်ဆိုးတာနဲ့ သူ့ကြက်ကို ခြေနှစ်ချောင်းကိုင်ပြီး မြေကြီးမှာ ရိုက်လိုက်တယ်၊ မသေမရှင်နဲ့ အိမ်သယ်လာခဲ့ပြီး ရေအိုးစင်နား ပစ်ချထားတယ်၊ အဲဒီအချိန်မှာ ငညိုရဲ့နွားမကြီးက အဲဒီ ကြက်ကလေးကို နမ်းသွားသတဲ့။

အဲဒီကြက်ကလေးက သေပြီးတော့ အဲဒီနွားမကြီးဝမ်းထဲမှာ ပဋိသန္ဓေနေရတယ်၊ မွေးလာတဲ့အခါ နွားမကလေးဖြစ် နေသတဲ့၊ အဲဒီ နွားမကလေး အတော်အတန်ကြီးလာတဲ့အခါ ငညိုရဲ့မိတ်ဆွေများက အဲဒီနွားမကလေးကို တန်ဖိုး ၄-ကျပ် ထားပြီး ငညိုပါ သတ်စားကြသတဲ့၊ အဲဒီလိုသတ်ပြီး အမဲသားတွေ လှီးဖြတ်နေတုန်း တောင်တွင်းကြီးမှ စာရေးကြီးနဲ့ စာရေးကတော်က အဲဒီနေရာ ရောက်လာကြတယ်၊ စာရေးကတော်က နွားမကလေးအား သနားကရုဏာသက်ပြီးတော့ “ငါ့နွားသာဆိုရင် မသတ်ရက်ပါဘူး၊ သူ့အလိုလို သေသွားတောင် မစားရက်ပါဘူး၊ မြေကြီးထဲ မြှပ်ပစ်လိုက်မှာပဲ”လို့ ပြောသတဲ့။

အဲဒီကနောက် စာရေးကြီးကတော်မှာ သားယောက်ျားကလေး ဖွားမြင်လာတယ်၊ ဒီကလေးဟာ အသက်(၇)နှစ် ရှိသည့်တိုင်အောင် စကားမပြောဘူးတဲ့၊ ဒီတော့ ဖခင်စာရေးကြီးက “ငါ့သား စကားပြောပါကွာ၊ ဒီကနေ့ လခထုတ်ရမယ်၊ ငါ့သားအတွက် အဝတ်ကောင်းကောင်း ဝယ်ခဲ့မယ်”လို့ ပြောပြီးတော့ ညနေပြန်လာတဲ့အခါ “ဟောဒီ အဝတ်လှလှ ကလေးတွေဟာ ငါ့သားဖို့ပဲ၊ ကဲ စကားပြောပေတော့”လို့ ပြောတဲ့အခါ အဲဒီကလေးက “ငညို့ ဆန်တစ်စလယ်”လို့ ပြောသတဲ့။

အဲဒီနောက် ဖခင်စာရေးကြီးက “ငါ့သား စကားသာပြောပါ၊ ဆန်တစ်စလယ်မကဘူး၊ ဆန်တစ်အိတ်တောင် ကြွေးဆပ်ပေးမယ်”လို့ ပြောတော့ အဲဒီကလေးက “ဒီလိုဆိုရင် ဆန်အိတ်ကို လှည်းပေါ်တင်ပါ၊ ယခုပဲ သွားပြီး ကြွေးဆပ်ရအောင်”လို့ ပြောသတဲ့၊ ဒါနဲ့ ဆန်တစ်အိတ်ကို လှည်းပေါ်တင်ပြီးတော့ “ဘယ်ကိုမောင်းရမှာလဲ”လို့  မေးတဲ့အခါ   တောင်တွင်းကြီးမြို့မှ    မြောက်ဘက်မောင်းဖို့     ကလေးက ပြောတယ်၊ နောက်လည်း ကလေးပြောတဲ့လမ်း အတိုင်း လှည်းကို မောင်းသွားကြရာ ချောင်းရိုးရွာရောက်တော့ “ဒီရွာပဲ၊ ရွာထဲဝင်ပါ၊ ဒီလမ်းကို မောင်းပါ”စသည်ဖြင့် ကလေးက ညွှန်ပြတယ်၊ နောက်ဆုံး ငညိုအိမ်ရောက်တဲ့အခါ “ဟော ရောက်ပြီ၊ ဒီအိမ်ပဲ”လို့ ကလေးက ပြောတယ်၊ ဒါ ဦးညိုအိမ် ဟုတ်ပါရဲ့လား”လို့ လူကြီးတွေက မေးတော့ ဦးညိုက “ဟုတ်ပါတယ်”ဆိုပြီး အိမ်ပေါ်မှ ဆင်းလာတယ်၊ အနားရောက်တော့ ကလေးက “ဟေ့ ငညို ငါ့ မှတ်မိသေးရဲ့လား”လို့ မေးလိုက်တယ်၊ အဲဒါကို ကြားရတော့ “သူ့အဖေလောက်ရှိတဲ့ ငါ့ကို ငညိုလို့ ခေါ်ရမလား”လို့ ဆိုပြီး ဦးညိုက စိတ်ဆိုးလိုက်တာတဲ့၊ ဒါနဲ့ စာရေးကြီးက “ဦးညိုရေ စိတ်မဆိုးပါနဲ့ဗျာ၊ ဒီကလေးက ထူးခြားတဲ့ အကြောင်းရှိပါတယ်”လို့ ပြောပြီး တောင်းပန်သတဲ့။

အိမ်ပေါ်ရောက်တဲ့အခါကျတော့ ကလေးက “ဟေ့ ငညို မင်းက ငါ့ကို မမှတ်မိတော့ဘူးလားကွ၊ ဟိုတုန်းက မင်းနဲ့ငါ ကွမ်းထမ်းပြီး ရောင်းကြတယ်၊ ငါက မင်းဆီက ဆန်တစ်စလယ် ချေးဖူးတယ်၊ အဲဒီကြွေး မဆပ်ရသေးခင် ပိုးထိလို့ ငါသေခဲ့ရတယ်၊ မင်းအိမ်မှာ ကြက်ဖြစ်ရတယ်၊ တိုက်ပွဲမှာ ၃-ကြိမ်တိုင်တိုင် ငါက အနိုင်ရအောင် ခွပ်ပေးခဲ့တယ်၊ ၄-ကြိမ်မြောက်ကျတော့ ဟိုကြက်ကြီးက ငါ့ထက်အားကြီးလို့ ငါရှုံးခဲ့ရတယ်၊ မင်းက ငါ့ကို ရှုံးရမလားလို့ စိတ်ဆိုးပြီး ရိုက်သတ်တယ်၊ မသေမရှင်နဲ့ ပစ်ချထားရာမှ နွားမကြီးက လာပြီး ငါ့ကိုနမ်းတယ်၊ အဲဒီနွားမကြီးဝမ်းမှာ   ဖြစ်ရပြီး   မွေးလာတော့   နွားမကလေးဖြစ်ရတယ်၊   နွားမတန်းအရွယ်လောက်မှာ   မင်းတို့က ငါ့ကို သတ်စားကြတယ်၊ အဲဒီတုန်းက ဟောဒီ စာရေးကြီးအဖေနဲ့ အမေတို့က အနီးအပါးရောက်လာပြီး သနားသက်ညှာတဲ့စကားကို ပြောသွားတယ်၊ အဲဒီ နွားမဘဝက သေတော့ ဟောဒီ အဖေအမေတို့၏ သား ဖြစ်နေရတယ်၊ ယခု ဆန်တစ်စလယ်အကြွေး ဆပ်ဖို့လာတာ” စသည်ဖြင့် ပြောတယ်၊ ပြောသမျှတွေကလည်း အကုန်လုံးအမှန်ချည်းဖြစ်နေရတယ်၊ ဒါကြောင့် ဦးညိုမှာ သူပြုမိတာတွေကို စဉ်းစားပြီးတော့ အင်မတန် ဝမ်းနည်းတဲ့အတွက် ငိုကြွေးရှာပါသတဲ့။ (ဒီအကြောင်းအရာတွေကို ဦးညိုကိုယ်တိုင်ပင် ရေစကြိုမြို့နယ်က ဦးဘသွင်အား ၁၃၁၃-ခုနှစ်လောက်က ပြောကြားလိုက်ကြောင်း သိရသည်။)

သရဲဖြစ်ရ နွားဖြစ်ရတာ ကြောက်စရာ။ ။ ၁၃ဝ၁-ခုနှစ်လောက်က မန္တလေးမြို့, ဘုရားကြီးတိုက်မှာ စာသင်သား ရဟန်းတော်တစ်ပါး ရှိခဲ့တယ်၊ သူ့ဘွဲ့တော်က ဦးအာစိဏ္ဏတဲ့၊ ရုပ်ရည် ထွားကြိုင်း ဖြူစင်တယ်၊ သဒ္ဓါတရားကောင်းတယ်၊ ပိဋကတ်စာပေကို ကြိုးကြိုးစားစား ကျက်မှတ်တယ်၊ အဲဒီ ဦးအာစိဏ္ဏက တစ်နေ့မှာ သပိတ်ဆေးရင်း “အရှင်ဘုရားတို့ သတိပြုကြပါ၊ သူများတွေလှူတဲ့ ဆွမ်းကို စားပြီး ကောင်းကောင်းကျင့်သုံး နေထိုင်ကြပါ၊ တပည့်တော်ကတော့ သုံးဘဝ တိုင်တိုင် ကိုယ်တွေ့ဖြစ်ခဲ့လို့ အထူးသတိပြုနေပါတယ်” စသည်ဖြင့် အတူနေရဟန်းများအား ပြောကြားတယ်။

အဲဒီလို ပြောပြီးတဲ့နောက် သူ့အကြောင်းသိချင်တာနဲ့ ကိုယ်တော်တစ်ပါးက မေးကြည့်တယ်၊ အဲဒီအခါ သူက ဒီလိုပြောတယ်၊ “သူဟာ လူ့ဘဝမှသေတဲ့အခါ သရဲမကြီး ဖြစ်ခဲ့ရတယ်၊ အဲဒီတုန်းက စားစရာလည်း မပြည့်စုံ နေစရာလည်း ကောင်းကောင်းမရှိတဲ့အတွက် ဟိုသွားရ ဒီသွားရနဲ့ အင်မတန် ဆင်းရဲခဲ့တယ်၊ အဲဒီဘဝမှသေတော့ နွားထီး ဖြစ်ရတယ်၊ အဲဒီဘဝမှာ ဝန်အတူရုန်းဖော်ဖြစ်တဲ့ အခြားနွားတစ်ကောင်နဲ့ စားကျင်းတစ်ခုတည်းမှာ အတူတူစားရတယ်၊ အဲဒီ အတူစားနေရတဲ့ နွားရဲ့နှာခေါင်းမှ နှာရည်ပုပ်တွေ မခံနိုင်အောင် ထွက်နေတဲ့အတွက် အဲဒီနွားကိုဝှေ့တယ်၊ အဲဒီလိုဝှေ့တော့ ပိုင်ရှင်လူက ရိုက်တယ်၊ “ကျယ်တယ် အနိုင်ကျင့်တယ်”ထင်လို့ ရိုက်တာ ဖြစ်ပါလိမ့်မယ်၊ ခဏ ခဏ ဝှေ့တယ်၊ ဝှေ့တိုင်း ဝှေ့တိုင်း အရိုက်ခံရတယ်။ အဲဒီ နွားဘဝမှသေတော့ ယခုဘဝ ရောက်လာရတယ်၊ ဒါကြောင့် သံဝေဂရပြီး ရဟန်းပြုလာတဲ့အကြောင်း ပြောပြတယ်။ (အဲဒီလို ပြောပြစဉ်က အဲဒီ ပြောတဲ့ရဟန်းမှာ ၉-ဝါ ၁ဝ-ဝါခန့် ရနေပြီဖြစ်ကြောင်း သိရတယ်)။

ဒီမျက်မှောက်ခေတ် ဖြစ်ရပ်များကိုတော့ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားတော် မူသော ဓမ္မစကြာ တရားတော် (၂၈၈-၂၉၂)တို့မှ ရယူသည်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဆိုတာ ရှေး၌နေဘူးသော ခန္ဓာအစဉ်ကို အောက်မေ့ အမှတ်ရမှု သတိနှင့်ယှဉ်သောဉာဏ်ကို ဆိုတာပါ။ ရှေးရှေးဘဝ၌ ဖြစ်ခဲ့သမျှအကြောင်းကို ပြန်ပြောင်း၍ အောက်မေ့ သတိရနိုင်သောဉာဏ်။
ပုဗ္ဗေ- ရှေး၌ (ရှေးဘဝတွေ၌) +
နိဝါသ- နေဘူးသော (ဖြစ်ဘူးသော) ခန္ဓာအစဉ် +
အနုဿတိ- အောက်မေ့ အမှတ်ရသော သတိ +
ဉာဏ်(ဉာဏ)= ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။

နိဝါသအရ မိမိနေခဲ့ဘူးရာ ဘုံဌာနလောက်ကိုသာ ဆိုလိုသည်မဟုတ်, ရှေးရှေးဘဝတို့၌ မိမိစိတ်ဖြင့် တွေ့ဘူးကြုံဘူး အာရုံပြုအပ်ဘူးတဲ့ မိမိခန္ဓာကိုယ်- သူတပါးခန္ဓာကိုယ်- ထိုခန္ဓာနှင့် ဆက်သွယ်လျက်ရှိတဲ့ အမျိုးအနွယ်, ထိုသူတပါးတို့ ပရိနိဗ္ဗာန်စံပြီးဖြစ်လျှင် ထိုပုဂ္ဂိုလ်တို့၏နိဗ္ဗာန်, ဤအလုံးစုံသည် စိတ်ဖြင့် စွဲမှီအပ်, ကိုယ်တိုင်တွေ့အပ်, အာရုံပြုအပ်ဘူးသောကြောင့် “ပုဗ္ဗေနိဝါသ”မည်သည်ချည်းပင်၊ ဒါကြောင့် ပုဗ္ဗေနိဝါသ အရ ကျမ်းဂန်တို့၌---

(၁) အာရမ္မဏနိဝါသ-အာရုံပြုအပ်တဲ့ သူတပါးရဲ့ခန္ဓာစသည်,
(၂) အဇ္ဈာဝုတ္ထနိဝါသ-မိမိကိုယ်တိုင် တွေ့ကြုံအပ်တဲ့ မိမိခန္ဓာစသည်-လို့ ၂-မျိုးပြတယ်။
ထိုအလုံးစုံကို ပြန်ပြောင်း၍ အောက်မေ့နိုင်တဲ့ သတိနှင့်ယှဉ်သော ဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်- မည်တယ်၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်လည်း ခေါ်တယ်။

ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရနိုင်သောပုဂ္ဂိုလ် ၆-ဦး
(၁) တိတ္ထိ-သာသနာပ ရသေ့များ။
(၂) ပကတိသာဝကများ၊
(၃) မဟာသာဝကများ၊
(၄) အဂ္ဂသာဝကများ၊
(၅) ပစ္စေကဗုဒ္ဓါများ၊
(၆) သမ္မာသမ္ဗုဒ္ဓဘုရားရှင်များ။
သာသနာပရသေ့များက ကမ္ဘာလေးဆယ်သာ အောက်မေ့နိုင်ကြတယ်၊ ဒီထက်ပို၍ မအောက်မေ့နိုင်ကြပါ၊ ရုပ် နာမ်ကို ပိုင်းခြားသိတဲ့ ဉာဏ်မရှိသောကြောင့် ပညာအားနည်းကြတယ်၊ ဒါကြောင့် ကမ္ဘာလေးဆယ်ထက်ပို၍ မအောက် မေ့နိုင်ကြခြင်း ဖြစ်တယ်။

ပကတိသာဝကများက ပညာအားကောင်းသောကြောင့် ကမ္ဘာ တရာ, တထောင်ကိုပင် အောက်မေ့နိုင်ကြတယ်။
ရှစ်ကျိပ်သော မဟာသာဝကများက ကမ္ဘာတစ်သိန်းတိုင်အောင် အောက်မေ့နိုင်ကြတယ်။
နှစ်ပါးသော အဂ္ဂသာဝကတို့ကား ကမ္ဘာပေါင်း တစ်သင်္ချေနှင့် တစ်သိန်းတိုင်အောင် အောက်မေ့နိုင်ကြတယ်။
အရှင်ပစ္စေကဗုဒ္ဓါများကား ကမ္ဘာပေါင်း နှစ်သင်္ချေနှင့် တစ်သိန်းတိုင်အောင် အောက်မေ့နိုင်ကြတယ်။
သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကားမူ ကမ္ဘာအပိုင်းအခြား မရှိ၊ အလိုရှိတိုင်း အောက်မေ့တော်မူနိုင်ကြပါတယ်။
တိတ္ထိတို့သည် ခန္ဓာအစဉ်ကိုသာလျှင် အောက်မေ့နိုင်ကြတယ်၊ ခန္ဓာအစဉ်ကို လွှတ်၍ စုတိပဋိသန္ဓေအလိုအားဖြင့် အောက်မေ့ရန် မစွမ်းနိုင်ကြပါ။

ပကတိသာဝကတို့သည် ခန္ဓာတို့၏အစဉ်အားဖြင့်လည်း အောက်မေ့နိုင်ကြတယ်၊ စုတိပဋိသန္ဓေအလိုအားဖြင့်လည်း ပြောင်းရွှေ့၍ အောက်မေ့နိုင်ကြတယ်။ ရှစ်ကျိပ်သော မဟာသာဝကတို့လည်း အလားတူ အောက်မေ့နိုင်ကြတယ်။ နှစ်ပါးသော အဂ္ဂသာဝကတို့မှာမူ ခန္ဓာအစဉ်ဖြင့် ပြုဖွယ်ကိစ္စ မရှိပြီ၊ တခုသောဘဝ၏စုတိကို မြင်ပြီးလျှင် ပဋိသန္ဓေကို မြင်ကုန်၏၊ တဖန် အခြားဘဝ၏ စုတိကို မြင်ပြီးလျှင် ပဋိသန္ဓွေကို မြင်ကုန်၏- ဤသို့ စုတိနှင့် ပဋိသန္ဓွေ အလိုအားဖြင့်သာလျှင် ပြောင်းရွှေ့လျက် အောက်မေ့သွားကုန်၏။ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည်လည်း အလားတူပင်။

သမ္မသမ္ဗုဒ္ဓွဘုရားရှင်တို့မှာမူ ခန္ဓွာအစဉ်ဖြင့် ပြုဖွယ်ကိစ္စလည်း မရှိ၊ စုတိနှင့်ပဋိသန္ဓွေအလိုအားဖြင့် ပြောင်းရွှေ့၍ ဆင်ခြင်ဖွယ်လည်း မရှိ၊ အမှန်တော့ ဘုရားရှင်တို့မှာ များစွာသော ကမ္ဘာကုဋေတို့ဝယ် အောက်၌ဖြစ်စေ, အထက်၌ ဖြစ်စေ အလိုရှိရာရာ ဌာနသည် ထင်ရှားသည်သာ၊ ဒါကြောင့် များစွာသော ကမ္ဘာကုဋေတို့ကိုသော်လည်း ထိုထို အလိုရှိရာ အလိုရှိရာ၌သာလျှင် ဉာဏ်ဖြင့် သက်ရောက်ကုန်လျက် ခြင်္သေ့ခုန်သွားပုံကဲ့သို့သော သွားပုံအားဖြင့် အောက်မေ့သွားတော်မူကုန်၏။

သမထကမ္မဋ္ဌာန်းဆရာများပြောတော့ လူဝင်စားများ ပြန်ပြောနိုင်သော ဘဝဟောင်းနှင့် ကမ္မဋ္ဌာန်းထိုင်ခြင်းကြောင့် ဘဝဟောင်းများကို တစ်ဘဝ, နှစ်ဘဝ--- စသည်ဖြင့် ဘဝဟောင်း များစွာကို ပြောပြနိုင်သည်ဆိုခြင်းမှာ ဆက်စပ်မှုမရှိပါ။ အထက်ပါ ဇာတိဿရဉာဏ်ရ (လူဝင်စား) ဝတ္ထုဇာတ်များကို ကြည့်လျှင် မည်သူမျှ ကမ္မဋ္ဌာန်းတရား အားထုတ်သောကြောင့် ဇာတိဿရဉာဏ်ရလာကြတာ, ဖြစ်လာကြတာ မဟုတ်ပါ။ အမှန်တော့ ရှေးရှေးဘဝတွေ၌ မိမိတို့ရဲ့ ထင်ရှားသော ဖြစ်ရပ်များကို စွဲ၍ ဖြစ်စေ, ဘဝဟောင်းကိုအောက်မေ့နိုင်သော ဇာတိဿရဉာဏ်ကို ရပါလို၏ဟု ဆုတောင်း၍ ဖြစ်စေ ဤဇာတိဿရဉာဏ်ကို ရနိုင်ကြပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers