Saturday, March 23, 2013

ကြားသမျှဆိုကာ မျှဝေတာ ဘယ်သူတွေရမှာ...?



ဦးရေချမ်း (San Bruno, CA) လျှောက်ထားသော မေးခွန်းမှာ-


မေး။ ။ ဆရာတော်ဘုရား

ကြားကြားသမျှ၊ မျှဝေက၊ ကြားရသူတွေသာ၊
မကြားရသူ၊ မရဟူ၊ ဆိုယူ ဓိပ္ပါယ်ပါ၊
ထိုယူအဆ၊ မှန်, မှားပြ၊ မိန့်ဟတော်မူပါ။

(က) “အမျှဝေရာတွင် ကြားကြားသမျှ အမျှ" လို့ဆိုကြရာတွင် မကြားတဲ့ သူတွေ မရကြစေနဲ့, မယူကြစေနဲ့-လို့ သတ်မှတ်သလို ဖြစ်မနေဘူးလားဘုရား?

သာဟတ္တိက၊ လှူဒါန်းမှ၊ ကျိုးရများမည်ဆို၊
တဆင့်ပေးကမ်း၊ ထိုလှူဒါန်း၊ ကျိုးမှန်း နည်းမည်ကို၊
ထိုနှစ်မျိုးခင်း၊ ခြားနားခြင်း၊ ရှင်းလင်းပေးစေလို။

(ခ) လှူဒါန်းရာတွင် မိမိလက်နှင့်ထိပြီးလှူမှ ပိုအကျိုးများမည်ဆိုလျှင် မြန်မာပြည်မှ ရဟန်းများအား ဆွမ်းကပ်ပေးဖို့, ခလေးသူငယ်များအား စားဝတ် နေရေးဖို့လှူမှု, ဒုက္ခသည်များအား ပေးလှူမှုတို့သည် အကျိုးပေးနည်းသလို ဖြစ်မလားဘုရား? တပည့်တော်တို့မှာ လေယာဉ်ခကို အလှူအတွက် သုံးခြင်းဖြစ်၍ ကိုယ့်လက်ဖြင့် မလှူလိုက်ရပေမဲ့ သဒ္ဓါတရားလုံးဝ လျော့ပါးခြင်း မရှိပါ။ (မမြင်ရပေမဲ့ စိတ်ထဲမှ ကျိတ်ပြီး ပီတိသုခ ဖြစ်မိပါသည်။)

ဖြေ။ ။ ဦးရေချမ်းရဲ့ မေးခွန်းများနှင့်ပတ်သက်၍--

(က) “အမျှဝေရာတွင် ကြားကြားသမျှ အမျှ" လို့ ဆိုကြရာတွင် မကြားတဲ့သူတွေ မရကြပါစေနဲ့, မယူကြစေနဲ့-လို့ သတ်မှတ်သလို မဖြစ်ပါဘူး၊ ကြားတဲ့သူတွေတောင် (သူတပါးတို့ပြုလုပ်သော ကုသိုလ်အဖို့ကို) ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်မှ ရနိုင်မည့်ကိစ္စကို လုံးဝမကြားတဲ့သူတွေက ကြားမှမကြားတာ ဘယ်လို သာဓုခေါ်နိုင်ပါ့မလဲ?

(ခ) အခြေအနေအရ ကိုယ်တိုင် မသွားနိုင်, မပြုနိုင်တဲ့အခါ လူ့ကံ လက်ဆင့်ကမ်းလှူဒါန်းရခြင်းကိုပင် မမြင်ရပေမဲ့ စိတ်ထဲမှ ကျိတ်ပြီး ပီတိသုခဖြစ်မိသေးရင် ကိုယ်တိုင်လှူဒါန်းရပါက အဘယ်မျှ ပီတိသုခဖြစ်မည်ဆိုတာ ပြောပြစရာပင် မလိုတော့ပါ။ ကိုယ်တိုင်လှူရရင် “သာဟတ္ထိကဒါန- အလှူခံရှေ့မှောက် မိမိကိုယ်လက်ဖြင့် ပေးလှူရခြင်း" လည်း ဖြစ်တယ်၊ “သက္ကစ္စဒါန-ရိုရိုသေသေ ပေးလှူရခြင်း”လည်း ဖြစ်တယ်၊ “အလှူခံပုဂ္ဂိုလ်တွေကို ကိုယ်တိုင်ဖူးရ, တွေ့မြင်ရတော့ ပို၍လည်း သဒ္ဓါတရားတွေလဲဖြစ်, မေတ္တာ ကရုဏာဖြစ်စရာဆိုရင်လဲ ပိုလို့ မေတ္တာကရုဏာ တိုးပွါးဖြစ်တယ်၊ ရဟန်းသံဃာများထံမှ တရားလဲနာရ၊ အမျှအတန်းလဲ ကောင်းစွာဝေရတယ်၊ ကလေးသူငယ်တွေ, ဒုက္ခသည်တွေထံမှ တုံ့ပြန်တဲ့ မေတ္တာဓာတ်ကိုလဲ တိုက်ရိုက် ခံယူလို့ရတယ်" စတဲ့ အကြောင်းတွေကြောင့် ကိုယ်တိုင်ကိုယ်ကျ လှူတာက ကုသိုလ်တွေ များစွာ ပိုရပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers