Friday, March 22, 2013

သေခါနီးမှာ ပရိတ်နာ မလားပါယ်ရွာ ဘယ့်ကြောင့်ပါ



မခိုင်စိုးဝေ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ သမိုင်း၊ ရန်ကုန်ရဲ့ လျှောက်ထားသောမေးခွန်းများမှာ…

မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

သေခါနီးမှာ၊ ပရိတ်နာ၊ ပါယ်ရွာ မလားသော၊ 
ပရိတ်နာကြား၊ ပါယ်မလား၊ စကား သူငါပြော၊ 
ဓိပ္ပါယ်မသိရ၊ နာရုံမျှ၊ ပါယ်မှ လွတ်မည်လော...? 

(က) လူတို့သေဆုံးခါနီးတွင် ပရိတ်ကြီး (၁၁) သုတ်ကို အာရုံပြု၍ သေသွားပါက တစ်ဘဝစာ အပါယ်မလား-ဟု ကြားသိရပါသည်ဘုရား၊ ပရိတ်တော်တွေရဲ့ အဓိပ္ပါယ်ကို မသိဘဲ စာသားကို အာရုံပြုနေရုံမျှဖြင့် အပါယ်က လွတ်နိုင်ပါ့ မလားဘုရား? ဤအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထား အပ်ပါသည်ဘုရား။

 ဇောခုနစ်ဖြာ၊ ကြောင်းကျိုးပါ၊ တွဲကာ မိန့်၍ဟော။

(ခ) ကုသိုလ် (အကုသိုလ် တစ်ခုခု ပြုလုပ်သည့်အခါ) ဇော (၇) ကြိမ် ကျသည်-ဟု ကြားသိရပါသည်၊ ထိုဇော(၇)ကြိမ်၏ အသေးစိတ် အကြောင်းအရာများနှင့် အကျိုးပေးပုံများကို သိလိုပါသည်ဘုရား။ 

 ဖြေ။ ။ မခိုင်စိုးဝေရဲ့ မေးခွန်း ၂-ခု၏အဖြေမှာ… 

(က) စမ္ပါမြို့ရဲ့ဂဂ္ဂရာရေကန်အနီး၌ ဘုရားရှင် တရားဟောတော်မူသောအခါ ဖားငယ်တစ်ကောင်ဟာ ဘုရားရှင်ရဲ့ သာယာတဲ့ တရားအသံတော်ကို နာကြားနေစဉ် နွားကျောင်းသားက သူ့ကျောပေါ်မှာ တုတ်နှင့်ထောက် သဖြင့် ဖားငယ် သေဆုံးခဲ့ရတယ်၊ တိရစ္ဆာန်ပင် ဖြစ်သော်လည်း တရားတော်သံကို ရိုသေစွာ နာကြားရခြင်းကြောင့် တာဝတိံသာ နတ်ပြည်၌ နတ်သား ဖြစ်ရကြောင်း ကျမ်းဂန်များ၌ လာရှိပါတယ်၊ ဒါ့ကြောင့် တိရစ္ဆာန်တောင် တရားတော်ရဲ့အဓိပ္ပါယ်ကို မသိပဲ အသံကို နာကြားရရုံကုသိုလ်ကောင်းမှုကြောင့် နတ်ပြည်ရောက်ရသေးလျှင် လူသားက ပါဠိတော်များရဲ့ အဓိပ္ပါယ်ကို မသိစေကာမူ ပရိတ်တရားတော်ကို အာရုံပြု၍ ကွယ်လွန်လျှင် ကောင်းရာသုဂတိရောက်ဖို့ သေချာပါတယ်။ 

(ခ) ကုသိုလ် သို့မဟုတ် အကုသိုလ် တစ်ခုခု ပြုလုပ်သည့်အခါ ဇော (၇) ကြိမ် ကျရာတွင် ပဌမဇောစေတနာကို အကြောင်းညီညွတ်လျှင် ကံပြုရာ ယခုဘဝမှာပင် အကျိုးပေးတတ်သောကြောင့် “ဒိဋ္ဌဓမ္မဝေဒနီယကံ" ဟု ခေါ်တယ်၊ သတ္တမဇောစေတနာကို ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ၂-မျိုးလုံးကိုဖြစ်စေ, တစ်မျိုးမျိုးကိုဖြစ်စေ အခြားမဲ့ ဒုတိယဘဝ၌ အကျိုးပေးသောကြောင့် “ဥပပဇ္ဇဝေဒနီယကံ" ဟု ခေါ်တယ်၊ အလယ်ဇော ၅-ချက်စေတနာကိုတော့ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကျိုးပေးခွင့်ရှိသောကြောင့် “အပရာပရိယဝေဒနီယကံ" ဟု ခေါ်တယ်။ 

ထိုဇောစေတနာများသည် မိမိတို့ သက်ဆိုင်ရာဘဝ၌ အကျိုးမပေးလျှင် “အဟောသိကံ" ဖြစ်ကြတယ်။ ပဌမဇောသည် အကျိုးမပေးပဲ မျက်မှောက်ဘဝကို လွန်လျှင် အဟောသိကံဖြစ်တယ်၊ သတ္တမဇောသည် အကျိုးမပေးပဲ ဒုတိယဘဝကိုလွန်လျှင် အဟောသိကံဖြစ်တယ်၊ အလယ်ဇော ၅-ချက်သည် အကျိုးမပေးပဲ ဘဝပြတ်စဲလျှင် [ရဟန္တာ ဖြစ်သွားလျှင်] အဟောသိကံဖြစ်တယ်-လို့ ဆိုလိုတယ်။ 

ကုသိုလ်ဒိဋ္ဌဓမ္မ ဝေဒနီယကံရဲ့အကျိုးပေးခံရသူများကား “မဟာဒုဂ်သည် ကဿပဘုရားရှင်အား ဆွမ်းလှူခြင်းကြောင့် သူဌေးဖြစ်၏။ ပုဏ္ဏဆင်းရဲသား ဇနီးမောင်နှံတို့သည် အရှင်သာရိပုတ္တရာထေရ်အား ဆွမ်းလှူခြင်းကြောင့် သူဌေးဖြစ်၏။ ကာကဝဠိယ ဇနီးမောင်နှံတို့သည် အရှင်မဟာကဿပထေရ်အား ဆွမ်းလှူခြင်းကြောင့် သူဌေးဖြစ်၏။ 

အကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံရဲ့အကျိုး ရသူများကား- နန္ဒမည်သောလုလင်သည် ဥပ္ပလဝဏ်ထေရီကို အဓမ္မပြုကျင့်ခြင်းကြောင့် ချက်ချင်း မြေမျိုခံရ၏၊ အခြား နန္ဒမည်သော နွားသတ်သမားသည် အမြဲနွားသတ်၍ အသက်မွေးနေရာ တစ်နေ့မှာ ထမင်းပွဲ၌ အမဲဟင်းမပါ၍ နွားလျှာကို လှီးဖြတ်ကင်စားတုန်းမှာပင် လျှာပြတ်ကျလျက် ဟစ်အော်မြည် တမ်းကာ ငရဲကျရ၏။ အခြားတစ်ယောက် နန္ဒမည်သော ဘီလူးသည် အရှင်သာရိပုတ္တရာထေရ်၏ဦးခေါင်းတော်ကို ရိုက်နှက်ပုတ်ခတ်ခြင်းကြောင့် မြေမျို၍ မဟာအဝီစိငရဲ၌ ကျလေ၏။

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

မှတ်ချက်။ ။ မဟာဒုဂ်ဝတ္ထုကို ဓမ္မပဒအဋ္ဌကထာ (၁၊ ၃၆ဝ-၃၆၆), ကျန်ဝတ္ထုများအားလုံးကို ဥပရိပဏ္ဏာသ အဋ္ဌကထာ ဒေဝဒဟသုတ်အဖွင့် (၄-၆), ကာကဝလိယဝတ္ထုကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (၂၊ ၃၃), ဥပ္ပလဝဏ်ထေရီဝတ္ထုကို ဓမ္မပဒအဋ္ဌကထာ (၁၊ ၃၁ဝ-၃၁၁)တို့၌ လာရှိ၏။ 

No comments:

Post a Comment

Followers