Tuesday, March 26, 2013

မတူကွဲပြား လုံးရေထား လိုရာစွဲသုံး ပုတီးကုံး



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား

ပုတီးလုံးရေ၊ ထားပုံတွေ၊ ကွဲလေ ဘာ့ကြောင့်နည်း?

(ဃ) ပုတီးလုံးရေကို ဘာကြောင့် ၉-လုံး, ၂၄-လုံး, ၃၂-လုံး, ၃၇-လုံး, ၁ဝ၈-လုံး စသည်ဖြင့် မတူကွဲပြားစွာ ထားရပါသလဲဘုရား?

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

(ဃ) “မိမိသုံးစွဲသည့် ပုတီးနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရမည်" လို့ မင်းကွန်း တိပိဋကဓရဆရာတော် ဘုရားကြီးရဲ့ မိန့်တော်မူချက်နှင့်အညီ ပုတီးလုံးရေများ မတူကွဲပြားရခြင်း အကြောင်းရင်းမှာ ရည်ရွယ်ချက် ကွဲပြားခြားနားခြင်းကြောင့်ပင် ဖြစ်သည်ဟု ဆိုရမည်----

၁။ ရတနာသုံးပါးကို ရည်ရွယ်၍ ပုတီးလုံးရေ ၃-လုံး၊
၂။ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်၍ ၈-လုံး၊
၃။ ဘုရားဂုဏ်တော်ကိုးပါးကို ရည်ရွယ်၍ ၉-လုံး၊ သို့မဟုတ်
“သဝေမပါ ကိုးဂါထာ”ခေါ် သရဏဂုံသုံးပါး သုံးကြိမ် (၃x၃=၉)ကို ရည်ရွယ်၍ ၉-လုံး၊
၎။ မီးဆယ့်တစ်တန် ငြိမ်းအေးရန်ကို ရည်ရွယ်၍ ၁၁-လုံး ၊
၅။ ပဋ္ဌာန်း ၂၄-ပစ္စည်းကို ရည်ရွယ်၍ ၂၄-လုံး၊
၆။ ကိုယ်ခန္ဓာရဲ့အစိတ်အပိုင်း ၃၂-မျိုး (၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းစီးဖြန်းရန်ကို ရည်ရွယ်၍ ၃၂-လုံး၊
၇။ ဗောဓိပက္ခိယတရား ၃၇-ပါးကို ရည်ရွယ်၍ ၃၇-လုံး၊
၈။ မြတ်စွာဘုရား၏ (၁ဝ၈)ကွက် စက်လက္ခဏာတော်များကို ရည်ရွယ်၍ ၁ဝ၈-လုံးတို့ ထားတယ်-လို့ ဆိုပါတယ်။

ဆူးခါးဆရာတော်ရဲ့အဆုံးအဖြတ်ကတော့ ဘုရားရှင်ရဲ့သာသနာတော်ကို ကြည်ညိုဆည်းကပ်ကြတဲ့ သူတော် ကောင်းတို့သည် သမထဝိပဿနာ ဘာဝနာနှစ်ပါး ကိစ္စပြီးဘွယ် အကြောင်းဖြစ်တယ်-လို့ နှလုံးသွင်း၍ (၁ဝ၈)လုံး ပုတီးပြုလုပ် ရွတ်ကြ စိပ်ကြရာ—

ဗုဒ္ဓဂုဏံ ဆပညာသံ၊
ဓမ္မဂုဏံ အဋ္ဌတိံသံ။
သံဃဂုဏဉ္စ စုဒ္ဒသံ၊
ကတွာ သုခံ ဖလံ လဘတိ။
ဟူ၍ သာမညဂါထာပြုလုပ်ပြီးလျှင် “ဘုရားဂုဏ်တော် ၅၆, တရားဂုဏ်တော် ၃၈, သံဃာ့ဂုဏ်တော် ၁၄= သုံးစုပေါင်း ၁ဝ၈-ရသော သင်္ကေတစကားသည် ပါဠိအဋ္ဌကထာဋီကာများ၌ တိုက်ရိုက် မလာသော်လည်း သွယ်ဝိုက်သောအားဖြင့် ထောက်ဆဆင်ခြင်လျှင် အသင့်ပင်ဖြစ်သည် (လောကီ အင်္ဂုတ္တိုရ်ကျမ်း၌ အကျယ်ရှုပါ)”လို့ မိန့်မှာပါတယ်။

ဒီစကားအရ ဘုရားဂုဏ်တော် ၅၆-ပါးဆိုသည်မှာ “ဣတိပိ သော ဘဂဝါ-မှ ဗုဒ္ဓေါ ဘဂဝါတိ" အထိ အက္ခရာ လုံးရေ ၅၆, တရားဂုဏ်တော် ၃၈-ပါးဆိုသည်မှာ “သွာက္ခာတော-မှ ဝိညူဟီတိ" အထိ အက္ခရာလုံးရေ ၃၈, သံဃာ့ ဂုဏ်တော် ၁၄-ပါးဆိုသည်မှာ “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော" ဆိုတဲ့ ပဌမဂုဏ်တော်ရဲ့ အက္ခရာလုံးရေ ၁၄= စုစုပေါင်း ၁ဝ၈-လုံး ဖြစ်ပါတယ်။

အခြားအယူအဆများမှာ “ပုတီးသမိုင်းနှင့် ပုတီးစွမ်း အမျိုးမျိုး" စာအုပ်အဆိုအရမူ ဘုရားဂုဏ်တော် ၉-ပါး, သံဃာ့ဂုဏ်တော် ၉-ပါးတို့ကို ၁၂-ပတ်ဖြင့် နဝင်းကြေစိပ်ရန်လည်းကောင်း (၉x၁၂=၁ဝ၈), တရားဂုဏ်တော် ၆-ပါးကို ၁၈-ပတ်ဖြင့် အပြတ်စိပ်နိုင်ရန်လည်းကောင်း(၆x၁၈=၁ဝ၈) ရည်ရွယ်၍ ပုတီးစေ့ကို ၁ဝ၈-လုံး ထားတယ်-လို့ ဆိုပါတယ်။

ဘုန်းကြီးရဲ့အယူအဆပြောရလျှင် တဏှာအစစ် ၁ဝ၈-ပါးကို ပယ်သတ်ရန်ကို ရည်ရွယ်၍ ၁ဝ၈-လုံးထားတယ် လို့လည်း ဆိုနိုင်ပါတယ်။

တဏှာသုံးတန်၊ တည်ထားပြန်၊ အာ, ကာ, သန်နှင့်မြှောက်၊
တဏှာအစစ်၊ တရာ့ရှစ်၊ ဖြစ်၏ လူမှာရောက်။
တဏှာ ၃-ပါးကိုတည် အာယတန ၆-ပါးx ကာလ ၃-ပါးx သန္တာန် ၂-ပါးတို့ဖြင့် ဆက်လက် မြှောက်ပါက တဏှာအစစ် ၁ဝ၈-ပါး ဖြစ်တော့၏(၃x၆x၃x၂=၁ဝ၈)။

ဂျပန်မဟာယာနဗုဒ္ဓြွဘာသာအရ ကိလေသာ ၁ဝ၈-ပါး (百八煩悩Hyakuhachi Bonnou) ကို ပယ်သတ်ရန် ရည်ရွယ်၍ ၁ဝ၈-လုံး ထားတယ်-လို့ ဆိုပါတယ်။

မည်သို့ပင် လုပ်ရိုးလုပ်စဉ် အစဉ်အလာအရ ပုတီးလုံးရေ ကွဲပြားခြားနားမှု ရှိစေကာမူ ပုတီးတစ်ကုံး၌ လုံးရေ ဘယ်မျှသာ ရှိရမည်-လို့တော့ သတ်မှတ်ချက် မရှိပါ။

ရည်ရွယ်ချက်တွေ၊ မတူပေ၊ ကွဲလေ အကြောင်းတည်း။
ရတနာသုံးပါး၊ ရည်ရွယ်ငြား၊ ပြုထား သုံးလုံးတည်း။
မဂ္ဂင်ရှစ်ဖြာ၊ ရည်ရွယ်ကာ၊ ပြုရှာ ရှစ်လုံးတည်း။
ဂုဏ်တော်ကိုးပါး၊ ရည်ရွယ်ငြား၊ ပြုထား ကိုးလုံးတည်း။
သဝေမပါ၊ ကိုးဂါထာ၊ ရွယ်ကာ ကြောင်းတစ်နည်း။
မီးဆယ့်တစ်တန်၊ ငြိမ်းဖို့ရန်၊ ထားပြန် ဆယ်တစ်တည်း။
ပစ္စည်းနှစ်ဆယ့်လေး၊ မျှော်ရည်တွေး၊ ပြုရေး ၂၄လုံးတည်း။
သုံးဆယ့်နှစ်ခု၊ ကာယစု၊ မျှော်ရှု သုံးဆယ့်နှစ်တည်း။
ဗောဓိပက္ခိယ၊ ရည်မျှော်ဆ၊ ပြုကြ သုံးဆယ့်ခွန်တည်း။
တရာ့ရှစ်ကွက်၊ စက်လက္ခဏာ၊ ရည်ရွယ်ကာ၊ ပြုတာ ၁ဝ၈ တည်း။
ကိုးဂုဏ် ဆယ့်နှစ်ပတ်၊ နဝင်းပြတ်၊ ပြုအပ် ၁ဝ၈ တည်း၊
ခြောက်ဂုဏ် ဆယ့်ရှစ်ပတ်၊ ရည်မျှော်လတ်၊ ပြုအပ်နောက်တည်း။
တဏှာအစစ်၊ တရာ့ရှစ်၊ ပယ်ပစ် မျှော်သတည်း၊
တရာ့ရှစ်ဆို၊ ဘွန်းနိုးကို၊ ပယ်လို ဂျပန်ယူသတည်း။
တရာ့ရှစ်မှာ၊ နည်းစုံဖြာ၊ လိုရာ ယူတော့တည်း။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers