Thursday, March 28, 2013

အကောင်းတွေဘဲ ဖြစ်ချင်တယ် ဘယ်လိုဆုတောင်းယူရမယ်



မေး။ ။ ဘုန်းဘုန်းဘုရား တပည့်တော် သိချင်တာလေး (ဆုတောင်းများ)  ကို      မေးမြန်းလျှောက်ထားအပ်ပါသည် ဘုရား။

ပညာတတ်ချင်၊ မျိုးမြတ်ချင်၊ လှချင် သက်ရှည်ပါ၊
စိတ်ထားကောင်းသူ၊ ဒါနလှူ၊ စွဲယူ ဗုဒ္ဓဘာသာ၊
အိမ်ထောင်ဖက်ကောင်း၊ သားသ္မီးကောင်း (မျိုးဆက်ကောင်း)၊ ရကြောင်းဆုထွေလာ၊
ကျမ်းဂန်ထောက်ဆ၊ ညွှန်းဖော်ပြ၊ ဆုံးမတော်မူပါ။

(က) နောင်ဘဝအဆက်ဆက်မှာ (နိဗ္ဗာန်မရောက်ခင်) ပညာတတ် (ဆရာဝန်) ဖြစ်ချင်ပါသည်၊
(ခ) အမျိုးမြင့်မြတ်သူ ဖြစ်ချင်ပါသည်၊
(ဂ) အလွန်မှ လှပချောမောချင်ပါသည်၊
(ဃ) အသက်ရှည်သူ, မွေးရာပါ စိတ်ထားကောင်းမွန်သူ, အလှူဒါနထက်သန်သူ, ဗုဒ္ဓဘာသာဝင်သူ ဖြစ်ချင်ပါသည်၊
(င) အိမ်ထောင်ဘက်ကောင်း, သားသမီးကောင်းများ ရရှိသူ ဖြစ်ချင်သည်၊ ဒီဆုတောင်းများ ပြည့်စုံနိုင်ရန် ဘယ်လိုကုသိုလ်ကောင်းမှုများ ပြုလုပ်ရပါမလဲဘုရား?

မအေးအေးဆွေ (Lake Stevens, WA)

ဖြေ။ ။ မအေးအေးဆွေရဲ့ မေးခွန်းတွေအနက်---
(က) နောင်ဘဝအဆက်ဆက်မှာ ပညာတတ်ဖြစ်ချင်ရင်တော့ ဘုရားရှင်က သုဘလုလင်ရဲ့ မေးခွန်းကို ဖြေရာတွင် “အကြင်ပုဂ္ဂိုလ်က ပညာရှင်များထံ ချဉ်းကပ်ပြီး မေးမြန်းထိုက်တဲ့တရားကို မေးမြန်းတယ်၊ စုံစမ်းထိုက်တဲ့တရားကို စုံစမ်းတယ်၊ မေးမြန်းစုံစမ်းပြီး ကျင့်သင့်ကျင့်ထိုက်တဲ့တရားကို ကျင့်တယ်၊ ထိုပုဂ္ဂိုလ် ကွယ်လွန်လျှင် နတ်ဖြစ်တယ်၊ အကယ်၍ လူဖြစ်ခဲ့လျှင်လည်း ဉာဏ်ပညာကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်”လို့ မိန့်တော်မူပါတယ်၊ ဒါ့ကြောင့် မအေးအေးဆွေလဲ ဘုရားရှင်ဖြေကြားတော်မူတဲ့နည်းအတိုင်း လိုက်နာကျင့်သုံးလျှင် ‘ပညာရှိ, ပညာတတ်ကြီး’   ဖြစ်မှာပါ။

အချို့သူမှာ၊ ဉာဏ်ကန်းပါ၊ ချို့မှာ ဉာဏ်ကြီး၏။
အကြောင်းခြင်းရာ၊ မည်သို့ကွာ၊ ကျမ်းလာ မိန့်တော်ရှိ။
မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီး၏။
အကြောင်းခြင်းရာ၊ ဤသို့ကွာ၊ ကျမ်းလာ မိန့်ပါ၏။

(ခ) "ဘုရား, ရဟန်းသံဃာ, မိဘ, ဆရာ, အစ်ကို, အစ်မ စတဲ့ ရိုသေထိုက်တဲ့သူ တွေကို ရိုသေခြင်း, ခရီးဦး ကြိုဆိုခြင်း, နေရာထိုင်ခင်းပေးခြင်း, လမ်းခရီးပေးခြင်း, အလေးအမြတ်ပြုခြင်းများကို ပြုလုပ်သူ ကွယ်လွန်လျှင် နတ်ဖြစ်ရခြင်း၊ လူဖြစ်လျှင်လဲ အမျိုးမြတ်မှာ ဖြစ်ရတယ်”ဘုရားရှင် ဖြေဆိုတော်မူပါတယ်၊ အမျိုးမြတ်သူ ဖြစ်ချင်ရင် ဘုရားစကားတော်အတိုင်း လိုက်နာကျင့်သုံးပါ။

အချို့သူမှာ၊ မျိုးမြတ်ပါ၊ ချို့မှာ မျိုးယုတ်၏။
အကြောင်းခြင်းရာ၊ မည်သို့ကွာ၊ ကျမ်းလာ မိန့်တော်ရှိ။
မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်၏။
အကြောင်းခြင်းရာ၊ ဤသို့ကွာ၊ ကျမ်းလာ မိန့်ပါ၏။

(ဂ) အလွန်မှ လှပချောမောချင်ရင်တော့ ပါထိကဝဂ္ဂအဋ္ဌကထာ လက္ခဏသုတ်အဖွင့် မှာ---

၁။ ဆွမ်းစသော အာမိသ (စားဖွယ်)ကို ပေးလှူခြင်း၊
၂။ အဝတ်ပုဆိုး, သင်္ကန်းကို ပေးလှူခြင်း၊
၃။ တံမြက်လှည်းခြင်း (သန့်ရှင်းရေးလုပ်ခြင်း)၊
၎။ အမျက်ဒေါသ မထွက်ခြင်း၊
ဤလေးပါးသောအကြောင်းတို့ကြောင့် ဖြစ်ရာဘဝတွေမှာ အဆင်းလှပပါလိမ့်မယ်။

လှူချင်သဖွယ်၊ ဆင်းနိကာယ်နှင့်၊ ပြည့်ကြွယ်သူများ၊ အကြောင်းကားမူ၊ လေးပါးဟူ၏၊ အလှူဒါန၊ အာမိသမျိုး၊ ဆွမ်းအကျိုးနှင့်၊ ပုဆိုးအဝတ်၊ ပေးစွန့်လွှတ်၍၊ မချွတ်အမြဲ၊ တံမြက်လှဲက၊ မလွဲကျိုးထင်၊ ဒေါသဉာဉ်ကို၊ အစဉ်ဉာဏ်ရောက်၊ စွန့်ပယ်ဖျောက်သော်၊ အံ့လောက်ပေရာ၊ ရုပ်ဆင်းလွှာသည်၊ လွန်စွာလှပ ဖြစ်ရသော်။ (ကိုရည်သွေး ၏ အတွေးပုံရိပ်များ၊ ၁၁၇။)

အချို့သူမှာ၊ ကျည်းတန်ပါ၊ ချို့မှာ လှပ၏။
အကြောင်းခြင်းရာ၊ မည်သို့ကွာ၊ ကျမ်းလာ မိန့်တော်ရှိ။
ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပ၏။
အကြောင်းခြင်းရာ၊ ဤသို့ကွာ၊ ကျမ်းလာ မိန့်ပါ၏။

(ဃ) အသက်ရှည်သူဖြစ်ချင်လျှင် သုဘလုလင်အား ဘုရားရှင် အဖြေတော်အရ “သူ့အသက်ကိုမသတ်, သူတပါးကို မညှင်းဆဲ, မေတ္တာထားတယ်, သနားတတ်တယ်, သူ့အကျိုးစီးပွါးကိုလိုလားတယ်၊ ထိုသူ ကွယ်လွန်လျှင် နတ်ပြည်ကို ရောက်နိုင်တယ်၊ အကယ်၍ လူဖြစ်ခဲ့လျှင် အသက်ရှည်တယ်”လို့ မိန့်တော်မူပါတယ် ။

အချို့သူမှာ၊ သက်တိုပါ၊ ချို့မှာ သက်ရှည်၏။
အကြောင်းခြင်းရာ၊ မည်သို့ကွာ၊ ကျမ်းလာ မိန့်တော်ရှိ။
သူ့ကိုသတ်ဖြတ်၊ သက်တိုလတ်၊ မသတ် သက်ရှည်၏။
အကြောင်းခြင်းရာ၊ ဤသို့ကွာ၊ ကျမ်းလာ မိန့်ပါ၏။

ထို့ပြင် အင်္ဂုတ္တိုရ် ပဉ္စကနိပါတ် ဘောဇနသုတ် (အံ၊ ၂၊ ၃၅) လာ ဆွမ်းလှူရခြင်း၏ အကျိုးငါးပါး- “အသက်ရှည်ခြင်း, အဆင်းလှခြင်း, ခွန်အားကြီးခြင်း, ချမ်းသာကြီးခြင်း, ဉာဏ်ပညာကြီးခြင်း”တို့တွင် ဆွမ်းအစာအာဟာရ လှူရခြင်းကြောင့်လည်း အသက်ရှည်သူ ဖြစ်နိုင်ပါတယ်။

သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ကြီးခြင်း။
ဆွမ်းကိုအလှူ၊ ပေးသောသူ၊ ရယူ ကျိုးငါးစင်း။
ဒီဃာယုက၊ သုဝဏ္ဏနှင့်၊ ဗလကြီးမား၊ ချမ်းသာများလျက်၊ လျင်လျားပညာ၊
ငါးဖြာမယုတ်၊ ဆွမ်းကျိုးထုတ်၍၊ အင်္ဂုတ္တရ၊ ပဉ္စနိပါတ်၊ မိန့်လတ်တဝ။

မွေးရာပါ စိတ်ထားကောင်းမွန်သူဖြစ်ဖို့ကတော့ “သူတပါးအကျိုးကို လိုလား၍ မေတ္တာထားရ, ဆင်းရဲသူတွေ အပေါ် သနားတတ်ရ, ချမ်းသာသူတွေအပေါ် ဝမ်းမြောက်မှု မုဒိတာပွါးရတယ်, မနာလို (ဣဿာ) ဝန်တို (မစ္ဆရိယ) မရှိရဘူး”၊ အဲဒီလိုပုဂ္ဂိုလ်က မွေးရာပါ စိတ်ထားကောင်းမွန်သူ ဖြစ်ရတယ်။

အလှူဒါန ထက်သန်သူဖြစ်ဖို့ကတော့ လှူစရာကြုံလာလျှင် မတွန့်မတို ရက်ရက်ရောရော ပြတ်ပြတ်သားသား လှူလေ့ရှိသူဖြစ်ရပါမယ်။

ဗုဒ္ဓဘာသာဝင်သူ ဖြစ်ချင်ရင် ဗုဒ္ဓတရားတော်တွေကို နာယူခြင်း, လက်တွေ့ကျင့်သုံးခြင်းများကို ကြိုးစားအား ထုတ်ဖို့လိုပါတယ်။

(င) အိမ်ထောင်ဘက်ကောင်းရဖို့ကတော့ ဇနီးမောင်နှံ နှစ်ဦးလုံးအပေါ်မှာ တည်နေပါတယ်၊ “ဇနီးမောင်နှံနှစ်ဦး တို့ဟာ ဒီဘဝမှာ အချင်းချင်း မြင်တွေ့လို, နောက်တမလွန်ဘဝတွေမှာလည်း အိမ်ထောင်ဘက်ကောင်းတွေအဖြစ် ဆုံဆည်း လိုကြရင်တော့ (၁) တူညီတဲ့ ယုံကြည်မှု သဒ္ဓါရှိခြင်း, (၂) တူညီတဲ့ ကိုယ်ကျင့်သီလရှိခြင်း, (၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှု ရှိခြင်း, (၄) တူညီတဲ့ အသိဉာဏ်ပညာရှိခြင်း”- ဤလေးပါးတို့ လိုအပ်ပါတယ် ။

သားကောင်း သမီးကောင်းရရှိဖို့ကတော့ ဘဝသံသရာမှာ သားသမီး ပဋိသန္ဓေတည်နေသည်ကစ၍ သားသမီးတွေအပေါ်မှာ မေတ္တာပွါးခြင်း, သနားကြင်နာခြင်း, အဆုံးအမစကားလေးတွေကို ပြောကြားပေးခြင်းများကို နေ့စဉ် ပြုလုပ်ပေးရပါမယ်၊ မေတ္တာပျက် ကရုဏာမဖက်တဲ့ အပြုအမူ အပြောအဆိုမျိုး မလုပ်သင့်ပါဘူး၊ အဲဒီအတိုင်း လိုက်နာကျင့်သုံးနိုင်လျှင် ဘဝအဆက်ဆက်မှာ သားကောင်း သမီးကောင်းတွေ ရရှိပါလိမ့်မယ်။

အချုပ်အားဖြင့်---
(၁) သဒ္ဓါ (သြကပ္ပနီယသဒ္ဓါ)- ရတနာသုံးပါး, ကုသိုလ်- အကုသိုလ်ကံ, ထိုကံ၏အကျိုး, တမလွန်လောက- ဤယုံကြည်ထိုက်ရာများ၌ လေးလေးနက်နက် သက်ဝင်ယုံကြည်မှု၊
(၂) သီလ (စတုပါရိသုဒ္ဓိသီလ)- ပင်ကိုယ်ငါးပါး ရှစ်ပါးစတဲ့သီလ, ဣနြေ္ဒစောင့်စည်းမှုသီလ, အသက်မွေးဝမ်းကျောင်း စင်ကြယ်မှု, စား ဝတ် နေရေး ကျန်းမာရေးတို့၌ ဆင်ခြင်သုံးစွဲမှုသီလ၊
(၃) သုတ (ဗုဒ္ဓဝစနဗာဟုသစ္စ)- ဘုရားစကား တရားတော်နှင့်ပတ်သက်၍ အကြားအမြင်များခြင်း၊
(၄) စာဂ (အာမိသပရိစ္စာဂ)- ဆွမ်းသင်္ကန်းစသည်ကို စွန့်ကြဲ ပေးကမ်းခြင်း၊
(၅) ပညာ- (ကမ္မဿကတာဉာဏ)- ကံသာ မိမိကိုယ်ပိုင် ဥစ္စာရှိသည်၏အဖြစ်ကို သိသောဉာဏ်---
ဤတရားငါးပါးတို့နှင့် ပြည့်စုံလျက်
(၆) ပတ္ထနာ- ဆုတောင်းလျှင် မိမိလိုရာ ရရှိနိုင်ကြောင်း ကျမ်းဂန်မှာ လာရှိပါတယ် ။

ထိုထိုများစွာ၊ သတ္တဝါနှိုက်၊ 
သဒ္ဓါ သီလ၊ သုတ စာဂါ၊ ပညာတရား၊ 
ဤငါးပါးနှင့်၊ ပြည့်ငြားသူသာ၊ လိုရာရာလျှင်၊ 
ပတ္ထနာဆုကောင်း၊ တောင်းတိုင်းမုချ၊ ရတတ်စွတည့်၊ 
ပဉ္စဓမ္မာ၊ ဤငါးဖြာနှင့်၊ ကင်းကွာ သူပေါင်း၊ ဆုပင်တောင်းလည်း၊
တောင်းတိုင်းမရ၊ ကျမ်းဝယ်ပြ၏။

                                (မဃဒေဝလင်္ကာသစ်၊ ပိုဒ်မ ၂၅၃၊ နှာ ၁၈၅။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers