Sunday, March 31, 2013

"ပု, ဒိ, အာ"လို မစီတယ် ပဋ္ဌာန်းပါဠိဝယ်



ဦးခင်စန် (ဒေလီစီးတီးမြို့) လျှောက်ထားအပ်သောမေးခွန်းမှာ---


ဘုရားဖြစ်စဉ်၊ ဉာဏ်စဉ်တွင်၊ အစဉ်တစ်မျိုးလာ၊
ဥပနိဿယ၊ ပစ္စယ၊ ကျမ်းက ပဥှဝါ၊
ဉာဏ်စဉ်ဆိုထ၊ မတူကြ၊ ရှင်းပြတော်မူပါ။

မေး။ ။ ရိုသေလေးမြတ်စွာ လျှောက်ထားမေးမြန်းအပ်ပါသည် အရှင်ဘုရား၊

တပည့်တော် မရှင်းလင်းသော ပုစ္ဆာလေးတစ်ပုဒ်ကို မေးခွင့်ပြုပါရန် တင်ပြလျှောက်ထား အပ်ပါသည်ဘုရား။

မြတ်စွာဘုရားအလောင်းတော်သည် ဗောဓိညောင်ပင်အောက်၌ ဝိပဿနာတရားများ အားထုတ်ခဲ့ရာတွင် နေဝင်ချိန်၌ မာရ်နတ်ကို အောင်မြင်ပြီးနောက် ပုဗ္ဗေနိဝါသဉာဏ်ကို ရရှိသည်၊ ထို့နောက်မှ ဒိဗ္ဗစက္ခုဉာဏ်ကို ရရှိသည်၊ အာရုံတက်တွင် အာသဝက္ခယဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူသည်ဟု “ပု, ဒိ, အာ” ဖြင့် ဉာဏ်အစဉ်ကို မှတ်သားထားမိခဲ့ပါသည်ဘုရား။

ယခုအခါ “ပဋ္ဌာန်း, ကုသလတ္တိက, ပဉှာဝါရ, ဥပနိဿယပစ္စယ”ကို ဖတ်ရှုရာတွင် အောက်ပါအတိုင်း ဉာဏ်စဉ်များကို တွေ့ရှိရပါသည်။

“ဒိဗ္ဗစက္ခု ဒိဗ္ဗာယ သောတဓာတုယာ ဥပနိဿယပစ္စယေန ပစ္စယော၊ ဒိဗ္ဗသောတဓာတု ဣဒ္ဓိဝိဓဉာဏဿ ဥပနိဿယပစ္စယေန ပစ္စယော၊ ဣဒ္ဓိဝိဓဉာဏံ စေတောပရိယဉာဏဿ ဥပနိဿယပစ္စယေန ပစ္စယော၊ စေတောပရိယဉာဏံ ပုဗ္ဗေနိဝါသာနုဿတိဉာဏဿ ဥပနိဿယပစ္စယေန ပစ္စယော ။” ဟု တွေ့ရှိပါသည်။

ထိုပါဠိတော်အရ ဒိဗ္ဗစက္ခုမှာ အရင်ဆုံးဖြစ်ပြီး ထိုနောက်မှ ဒိဗ္ဗသောတ, ပြီးမှ ဣဒ္ဓိဝိဓ, ပြီးမှ စေတောပရိယ, ပြီးမှ ပုဗ္ဗေနိဝါသဉာဏ်သို့ တစ်ခု၏အထောက်အပံ့ဖြင့် နောက်တစ်ခုသို့ တက်သည်ဟု ထင်ပါသည်။ “ပု, ဒိ, အာ”တွင် ပုဗ္ဗေနိဝါသဉာဏ်ကို အရင်ရရှိ၍ ပြီးမှ ဒိဗ္ဗစက္ခုရရှိသည်ဖြစ်နေ၍ တူညီမှု မရှိဟု ထင်မိပါသည်ဘုရား။

သို့ဖြစ်ပါ၍ ဉာဏ်စဉ်နှစ်ခုသည် မည်သို့မည်ပုံ ကွဲပြားရသည်ကို ထင်ရှားအောင် ရှင်းလင်းပေးပါရန် လေးမြတ်စွာ လျှောက်ထားအပ်ပါသည်ဘုရား။

ဖြေ။ ။ ဦးခင်စန်မေးတဲ့ ပဋ္ဌာန်းပါဠိတော် ကုသလတိက် ပဉှာဝါရလာ ဥပနိဿယပစ္စည်းနှင့်ဆက်နွှယ်၍ ပြဿနာ တစ်ခုဖြစ်သောကြောင့် ခက်ခဲနက်နဲတဲ့ မေးခွန်းဖြစ်ပါတယ်၊ မေးခွန်းရော အဖြေပါ စာဖတ်သူ အားလုံး အသိပညာတိုးပွါး အကျိုးများစေရန် ရည်သန်လျက် သက်ဆိုင်ရာ ပါဠိတော်နှင့် အဋ္ဌကထာကို ကြည့်ရှုကာ ဖြေဆိုလိုက်ပါတယ်။

မေးခွန်းပါ ကုသလတ္တိက ပဉှာဝါရ ဥပနိဿယပစ္စည်းနှင့်ပတ်သက်တဲ့ပါဠိတော်က အနန္တရူပနိဿယ, အာရမ္မဏူပနိဿယ, ပကတူပနိဿယ- ဥပနိဿယပစ္စည်းသုံးမျိုးတွင် ပကတူပနိဿယပစ္စည်းနှင့် သက်ဆိုင်တဲ့ ပါဠိတော်ဖြစ်ပါတယ်၊ ထိုပါဠိတော်အရ ဥပနိဿယပစ္စည်းသည် ရှေးရှေး စိတ်က နောက်နောက် စိတ်အား (အကြား အလပ်မရှိပဲ) ကျေးဇူးပြုတဲ့သဘော အနန္တရူပနိဿယပစ္စည်းလည်း မဟုတ်, ဒါန တစ်ခုကိုပြုပြီး ထိုဒါနကုသိုလ်ကို အလေးအနက်ထား စဉ်းစားအာရုံပြုလျက် သာယာနှစ်သက်တဲ့သဘော အာရမ္မဏူပနိဿယပစ္စည်းလည်း မဟုတ်ပဲ “ဒိဗ္ဗစက္ခုသည် ဒိဗ္ဗသောတအား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏၊ ဒိဗ္ဗသောတသည် ဣဒ္ဓိဝိဓဉာဏ်အား ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြု၏၊ ဣဒ္ဓွိဝိဓဉာဏ်သည် စေတောပရိယဉာဏ်အား ဥပနိဿယသတ္တိ ဖြင့် ကျေးဇူးပြု၏၊ စေတော ပရိယဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အား ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြု၏” ဟူသော စကားသည် ပကတူပနိဿယပစ္စည်းနှင့် သက်ဆိုင်တဲ့စကားဖြစ်တယ်။

ပဋ္ဌာနပ္ပကရဏအဋ္ဌကထာ ကုသလတိက် ပဉှာဝါရဝိဘင်္ဂအဖွင့်၌---

“အဘိညာဉ်ရ တန်ခိုးရှင်သည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အဝေး၌ရှိသော ရူပါရုံကို မြင်၍ ထိုရူပါရုံပိုင်ရှင်၏အသံကို နားထောင်လိုသောသူ တန်ခိုးရှင်၏ ဒိဗ္ဗစက္ခုအဘိညာဉ်သည် ဒိဗ္ဗသောတ အဘိညာဉ်အား ပကတူပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုသည်၊ ထိုရူပါရုံပိုင်ရှင်၏အသံကို ကြားပြီးလျှင် ထိုအရပ်သို့သွားလိုသော တန်ခိုးရှင်၏ ဒိဗ္ဗသောတ အဘိညာဉ်သည် ဣဒ္ဓိဝိဓဉာဏ်အား ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်၊ ထိုရူပါရုံပိုင်ရှင်၏စိတ်ကို သိလို သော တန်ခိုးရှင်၏ ဣဒ္ဓိဝဓဉာဏ်သည် စေတောပရိယဉာဏ်အား ပကတူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုသည်၊ ထိုရူပါရုံပိုင်ရှင်၏ ရှေး၌နေဘူးသော ဘဝ ခန္ဓွာအစဉ်ကို သိလိုသောတန်ခိုးရှင်၏ စေတောပရိယဉာဏ်သည် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်အား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်”

ဒိဗ္ဗစက္ခု ဒိဗ္ဗာယ သောတဓာတုယာတိ ဒူရေ ရူပါနိ ဒိသွာ တေသံ သဒ္ဒံ သောတုကာမဿ ဒိဗ္ဗစက္ခု သောတဓာတုဝိသုဒ္ဓိယာ ဥပနိဿယော ဟောတိ။ တေသံ ပန သဒ္ဒံ သုတွာ တတ္ထ ဂန္တုကာမတာဒိဝသေန ဒိဗ္ဗသောတဓာတု ဣဒ္ဓိဝိဓဉာဏဿ ဥပနိဿယော ဟောတိ။ ဧဝံ သဗ္ဗတ္ထ တဿ တဿ ဥပကာရက- ဘာဝဝသေန ဥပနိဿယပစ္စယတာ ဝေဒိတဗ္ဗာ။

ဒိဗ္ဗစက္ခု ဒိဗ္ဗသောတဓာတုယာတိ-ကား၊ ဒူရေ-အဝေး၌၊ ရူပါနိ-ရူပါရုံတို့ကို၊ ဒိသွာ-မြင်၍၊ တေသံ-ထိုရူပါရုံရှင်တို့၏၊ သဒ္ဒံ-အသံကို၊ သောတုကာမဿ-နားထောင်ခြင်းငှါ လိုလားသူ၏၊ ဒိဗ္ဗစက္ခု-ဒိဗ္ဗစက္ခု အဘိညာဉ်သည်၊ သောတဓာတုဝိသုဒ္ဓိယာ-စင်ကြယ်သော သောတဓာတ်၏၊ (ဒိဗ္ဗသောတအဘိညာဉ်၏၊) ဥပနိဿယော-ပကတူပ နိဿယသတ္တိဖြင့် ကျေးဇူးပြုသည်၊ ဟောတိ-ဖြစ်၏။ ပန-ဆက်ဦးအံ့၊ တေသံ-ထိုရူပါရုံရှင်တို့၏၊ သဒ္ဒံ-အသံကို၊ သုတွာ-ကြား၍၊ တတ္ထ-ထိုသဒ္ဒါရုံရှင်ရှိရာ အရပ်သို့၊ ဂန္တုကာမတာဒိဝသေန-သွားခြင်းငှါ လိုလားသူ၏အဖြစ် အစရှိသည်တို့နှင့် စပ်သဖြင့် (-တို့၏အစွမ်းဖြင့်၊) ဒိဗ္ဗသောတဓာတု-ဒိဗ္ဗသောတ အဘိညာဉ်သည်၊ ဣဒ္ဓိဝိဓဉာဏဿ-ဣဒ္ဓိဝိဓဉာဏ်၏၊ ဥပနိဿယော ဟောတိ- ၏။ ဧဝံ-ဤသို့၊ သဗ္ဗတ္ထ- အလုံးစုံသောတရားတို့၌၊ တဿ တဿ- ထိုထိုပစ္စယုပ္ပန်တရားအား၊ ဥပကာရကဘာဝဝသေန- လျော်သောကျေးဇူးကို ပြုတတ်သည်၏အဖြစ်၏ အစွမ်းအားဖြင့်၊ ဥပနိဿယတာ- ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သည်၏အဖြစ်ကို၊ ဝေဒိတဗ္ဗာ-သိအပ်၏။ (ပဋ္ဌာနအဋ္ဌကထာ ဘာသာဋီကာ၊ ၂၅ဝ။)

ဆိုခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာတို့အရ “ဒိဗ္ဗစက္ခု အရင်ဆုံးဖြစ်ပြီးမှ ဒိဗ္ဗသောတ, ထို့နောက် ဣဒ္ဓွိဝိဓ, ထို့နောက် စေတောပရိယ, ထို့နောက် ပုဗ္ဗေနိဝါသဉာဏ်- တစ်ခုပြီးမှ အမှီရကာ တစ်ခုဖြစ်တဲ့ အနန္တရ ပစ္စည်းမျိုးကို ဆိုလိုသည် မဟုတ်ပါ၊ ပကတူပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုပုံကို ပြလိုခြင်း ဖြစ်ပါတယ်၊ အဘိညာဉ်ရ တန်ခိုးရှင်သည် အချိန်မရွေး မိမိအလိုရှိတဲ့ အဘိညာဉ်ကို အသုံးပြုနိုင်ပါတယ်၊ ဥပမာ--ဒိဗ္ဗသောတအဘိညာဉ်ဖြင့် အဝေးမှအသံကို ကြားပြီး အသံရှင်ကို မြင်လိုသောတန်ခိုးရှင်မှာ ဒိဗ္ဗသောတအဘိညာဉ်သည် ဒိဗ္ဗစက္ခုအဘိညာဉ်အား ပကတူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပါသည်။

ဒါ့ကြောင့် “ပု, ဒိ, အာ”တွင် မိမိရဲ့ရှေးဘဝခန္ဓွာအစဉ်ကိုအောက်မေ့နိုင်တဲ့ ပုဗ္ဗေနိဝါသဉာဏ်ကို ရပြီးမှ ဒိဗ္ဗစက္ခုရရှိသည် ဆိုတဲ့စကားနှင့် ပဋ္ဌာန်း ကုသလတိက် ပဉှာဝါရလာ အဘိညာဉ်ရပုဂ္ဂိုလ်ရဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် အဝေးမှအဆင်းကိုမြင်ပြီးနောက် ဒိဗ္ဗသောတဖြင့် အဆင်းရှင်၏အသံကိုကြားခြင်း, ဣဒ္ဓွိဝိဓဉာဏ်ဖြင့် အဆင်းရှင်ရှိရာ သွားခြင်း, စေတောပရိယဉာဏ်ဖြင့် အဆင်းရှင်၏စိတ်ကိုသိခြင်း, ပုဗ္ဗေနိဝါသဉာဏ်ဖြင့် အဆင်းရှင်၏ရှေးဘဝတွေကို သိခြင်းတို့တွင် ပုဗ္ဗေနိဝါသဉာဏ်ကို နောက်မှထား၍   ပြဆိုခြင်းသည် မကွဲပြားပါ၊ ပဉှာဝါရလာ စကားသည် ဖြစ်စဉ်ကို ဆိုလိုသည်မဟုတ်ပဲ အဘိညာဉ်ရပုဂ္ဂိုလ်ရဲ့ အလိုဆန္ဒအရ အဘိညာဉ်ဉာဏ်များဖြစ်ပုံကို ပကတူပနိဿယပစ္စည်းအရာ၌ ဟောတော်မူခြင်း ဖြစ်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers