Sunday, June 23, 2013

မသိလို့ဖြစ်တဲ့ လောဒေါကို မောဟ,ဆို-မဆို...?



Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---


လောဘ, ဒေါသ၊ ထိုနှစ်ဝ၊ မောဟ ဖြစ်သလော? 


မေး။ ။(ဂ) မသိလို့လောဘဖြစ်သည်၊ မသိလို့ဒေါသဖြစ်သည်၊
လောဘ, ဒေါသသည် မောဟပင် ဖြစ်ပါသလားဘုရား?

ဖြေ။ ။(ဂ) နှစ်သက်ဖွယ်အာရုံတွေအပေါ်မှာ သတိဖြင့် မထိန်းနိုင်လျှင်လောဘဖြစ်တယ်၊ လောဘရဲ့အမှတ်အသားမှာ အာလမ္ဗဂ္ဂါဟလက္ခဏော- အာရုံကို တပ်မက်ခုံမင် ယူချင်လိုချင်တဲ့သဘော လက္ခဏာရှိတယ်၊

မနှစ်သက်ဖွယ် အာရုံတွေ အပေါ်မှာ သတိဖြင့် မထိန်းနိုင်လျှင် ဒေါသ ဖြစ်တယ်၊ ဒေါသသည် စဏ္ဍိက္က လက္ခဏော-မနှစ်သက်ဖွယ်သော အာရုံနှင့် တွေ့ကြုံလာသည့်အခါ ကိုယ်ရောစိတ်ပါ ကြမ်းတမ်းလျက် အမျက်ထွက်ခြင်း လက္ခဏာရှိတယ်၊

မောဟကတော့ အညာဏလက္ခဏော- အာရုံရဲ့အမှန်သဘောကို မသိခြင်း လက္ခဏာရှိတယ်၊

အာလမ္ဗသဘာဝစ္ဆာဒနရသော- အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်းကိစ္စရှိသည့်အတွက်            နှစ်သက်စရာအာရုံတွေအပေါ်မှာ လောဘ, 
   မနှစ်သက်စရာအာရုံတွေ အပေါ်မှာ ဒေါသဖြစ်ရတယ်၊ ဒါ့ကြောင့် လောဘဖြစ်တိုင်း မောဟပါသလို ဒေါသဖြစ်တိုင်းလည်း မောဟပါတယ်၊

ဒါပေမဲ့ လက္ခဏာ သီးခြားစီဖြစ်၍ လောဘ, ဒေါသ တို့သည် မောဟတော့ မဖြစ်ကြပါ၊ သို့သော် လောဘ, ဒေါသဖြစ်တိုင်း မောဟလွှမ်းမိုးမှုတော့ အမြဲပါနေပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, June 13, 2013

အားထုတ်စမှာ မေတ္တာဟာ မပွါးရဟုဆိုနေတာ...



Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---


ကမ္မဋ္ဌာန်းစမှာ၊ အားထုတ်ရာ၊ မေတ္တာမပို့ရ၊
ဒုက္ခမရှိ၊ စင်ကြယ်သိ၊ ပို့ဘိ မေတ္တာက၊
ထိုသည့်လမ်းညွှန်၊ မှန်, မမှန်၊ အမြန် သိလိုလှ။

မေး။ ။(ခ) ကမ္မဋ္ဌာန်းကျောင်းတခုမှာ ကမ္မဋ္ဌာန်းစ အားထုတ်တဲ့ အချိန်တွင် မေတ္တာမပွါးခိုင်းပါဘူး၊ ၁ဝ-ရက်ပြည့် သင်တန်းပြီးမှ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, မိမိကိုယ်တိုင် ဒုက္ခမရှိခြင်း ရှိမှ မေတ္တာပွါးခိုင်းပါသည်၊ အဲဒါမှန် ပါသလားဘုရား?

ဖြေ။ ။(ခ) ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ ရဟန်းဟာ ရှေးဦးစွာ မေတ္တာပွါးစေအပ်၏၊ မေတ္တာပွါးထားသဖြင့် ကမ္မဋ္ဌာန်းအားထုတ်တဲ့ ရဟန်းကို နတ်များစောင့်ရှောက်ခြင်း, အနှောင့်အယှက်မရှိခြင်း-စသည်ဖြင့် ဝိသုဒ္ဓိမဂ် ကမ္မဋ္ဌာနဒါယကအဖွင့်၌ လာရှိသောကြောင့် ကမ္မဋ္ဌာန်းစအားထုတ်တဲ့အချိန်တွင် မေတ္တာမပွါး ခိုင်းတာ မမှန်ပါ၊ ပင်မကမ္မဋ္ဌာန်းရဲ့ ပရိကံ (အခြေခံ)အနေနဲ့ သဗ္ဗတ္ထကကမ္မဋ္ဌာန်း ၃-မျိုး, သို့မဟုတ် စတုရာရက္ခ ကမ္မဋ္ဌာန်း ၄-မျိုးတွင် မေတ္တာပါဝင်နေသောကြောင့် ၁ဝ-ရက်ပြည့် သင်တန်းပြီးမှ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, မိမိကိုယ်တိုင် ဒုက္ခမရှိခြင်း ရှိမှ မေတ္တာပွါးခိုင်း ပို့ခိုင်းတာလည်း မမှန်ပါ၊ ၁ဝ-ရက် သင်တန်းပြီးရုံမျှနဲ့ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, ဒုက္ခမရှိခြင်းကို ဘယ်လိုသတ်မှတ်ချက်ဖြင့် သိနိုင်ပါ့ မလဲ? ရှေးက နှစ်ပေါင်းများစွာ တရားအားထုတ်သော်လည်း တရားမရ, စိတ်မစင်ကြယ်သူပုဂ္ဂိုလ်တွေ ရှိခဲ့ကြတယ်၊ မိမိကိုယ်တိုင် ဒုက္ခမရှိခြင်းရှိမှ-ဆိုတာလည်း မဖြစ်နိုင်၊ ခန္ဓာရှိလျှင် ဒုက္ခရှိမည်သာ ဖြစ်တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Sunday, June 2, 2013

မေတ္တာပို့ခြင်း ကျင့်ကြံခြင်း အရှင်း မည်သို့ ပြုရမည်---?



Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေတ္တသုတ်လာ၊ ပို့ မေတ္တာ၊ ပွါးတာ မပြောပဲ၊
ကျင့်ကြံရမည်၊ ပြောနေသည်၊ ရွယ်ရည် ဘယ်သို့လဲ?

မေး။ ။(က)မေတ္တသုတ်နှင့်ပတ်သက်၍ မေတ္တာပို့တာ ပွါးတာကို မပြောပဲ ကျင့်ကြံရမည်ကို ပြောနေပါသည် ဘုရား၊ ရှင်းပြပါဘုရား။

ဖြေ။ ။(က) မေတ္တာပို့တာ, မေတ္တာပွါးတာ-ဆိုတဲ့စကားထဲမှ မေတ္တာပို့-ဆိုတာက (ပစ္စည်းတစ်ခုခုကို တစ်စုံ တစ်ယောက်ထံသို့ ပို့လိုက်သကဲ့သို့) မေတ္တာကို (အခြားသတ္တဝါတွေထံသို့) ပို့လိုက်တယ်လို့ ဆိုလိုတာပါ၊ မေတ္တာပွါး-ဆိုတာက မေတ္တာကို အကြိမ်ကြိမ် ပွါးများနေတယ်လို့ ဆိုလိုပါတယ်၊ ပို့တာ ပွါးတာ-စကား ၂-မျိုးဟာ ကျင့်ကြံတယ်- ဆိုတဲ့စကားရဲ့ ပရိယာယ်ပါပဲ၊ မေတ္တာပို့တာ, မေတ္တာပွါးတာဟာ ကောင်းတဲ့အလေ့အကျင့် တစ်ခု ဖြစ်၍ စရဏ (အကျင့်) လို့ ဆိုလိုပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers