Wednesday, September 4, 2013

အောင်ရှစ်ချက် ဂါထာတော်ကြီး---


အောင်ရှစ်ချက် ဂါထာတော်ကြီး

ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။

ဇယစက္ကော- အောင်ကြောင်းနိမိတ်, အောင်အတိတ်နှင့်, အောင်ဟိတ်ဝေလျှံ, အောင်သံထစ်ချုံး, သောင်းတိုက်လုံးဝယ်, ခေါင်ဆုံးမကိုဋ်, အောင်လံစိုက်၍, အမြိုက်အောင်ခင်း, အောင်မြေနင်းဖို့, နဝင်းဓာတ်စစ်, တရာ့ရှစ်ဟု, ရှင်ချစ် ဘုန်းမော်, စိန္တေယျော်၏, ခြေတော်အစုံ, ကြာပဒုမ်ဝယ်, ရောင်ဟုန်ပြိုးပြက်, စက်လက္ခဏာ, နှိုင်းမရာသည့်, သိင်္ဂါရွှေစင်, အောင်ရုပ်သွင်နှင့်, စုံလင်ပြည့်ဖြိုးတော်မူပေထသော၊

ဇယုတ္တရော- ဗြဟ္မာနတ်လူ, သုံးဘုံသူဝယ်, အောင်သူတကာ, သင်္ချာသင်္ချေ, သိန်းကုဋေထက်, ဂုဏ်နေမြင့်လှ, တုမရ ဖက်မမြင်, မယှဉ်သာ မနှိုင်းသာ, တေဇာမဟိဒ္ဓိ, သိဒ္ဓိပိုင်စိုး, အောင်ရိပ်ဖြူမိုးတော်မူထသော၊

ယော ဇိနော- အောင်ဇေယာဘိ, အောင်သိဒ္ဓိနှင့်, ဗောဓိညွန့်ရှင်, အောင်ပလ္လင်ဝယ်, ငါးအင်မာရ်ယုတ်, ရန်ခလုတ်ကို, တမုဟုတ်ရှောင်တခင်, ဘုန်းတော်ညွန့်အောင်လံတင်၍, အောင်ပလ္လင် ကနက္ကဒဏ်ရိပ်မှာ, အောင်ဘိသိက် သွန်းတော်မူသော, အကြင်မြတ်စွာဘုရားကြီးသည်၊

ဇယာသနေ- နေရဉ္စရာ, မည်ထူးသာသည့်, နီလာရောင်ရွှန်း, ရေယာဉ်စန်းနှင့်, မြစ်ကမ်းသောင်စွယ်, သာမောဖွယ်လျှင်, ဘုန်းကြွယ်ဆူဆူ, ဗုဒ္ဓင်္ကူတို့, ရိပ်ဖြူရှစ်ဆင့်, ကဒဏ်ဖွင့်၍, အမြင့်ခေါင်ထီး, ဉာဏ်တော်ကြီးကို, အပြီးပိုင်သ, အတုလဇေယသိန်, ဘူမိန်အထွတ်, တုလွတ်အောင်မြေ, မိုက်မှောင်ကျွေသည့်, ဇယာသန ရွှေပလ္လင်တော်ကြီး၌၊

ဇယိတဗ္ဗေ- အောင်တပ်ခင်း၍, နှိမ်နင်းထိုက်စွာ, ခန္ဓာ ကမ္မ, ကိလေသနှင့်, မရဏဘိဘူ, ရန်သူစင်စစ်, ဆိုးညစ် မိုက်မှောင်, သံသာထောင်ဝယ်, ချုပ်နှောင်ပိတ်ဆီး, ငါးစုံသောမာရ်အသင်းကြီးတို့ကို၊

ဇယန္တော- ဘုန်းတော်အနန္တ, ကံတော်အနန္တ, ဉာဏ်တော်အနန္တ, တန်ခိုးတော်အနန္တ, ကြီးမြတ်လှ၍, မရစံနှုန်း, ဖက်မဲ့ကြုံးလျက်, နှလုံးကြည်သာ, အေးမြတ်စွာပင်, မျက်လွှာကိုမျှ, မငြိမ့်ရပဲ, လက်စသိမ်းကြုံး, မာရ်အားလုံးကို, အဆုံး ပယ်နှင်, အောင်ပွဲကြီးဆင်တော်မူသည်ဖြစ်၍၊

ဇယေသီနံ- အောင်ဆုမင်္ဂလာ, အဖြာဖြာကို, ဖွေရှာတောင့်တ, မျှော်လင့်ကြသည့်, များလှဟိန္ဒဂူ, နတ်လူသောင်း သောင်း, သတွာအပေါင်းတို့ကို၊

ဇယာပေသိ- လောကီလောကုတ်, မယုတ်မယို, ဆယ်ဆပိုလျက်, လိုရာလိုရာ, ချမ်းသာ သီးသီး, ကြံတိုင်းပြီးအောင်, ဆုကြီးငှဝေ, အောင်စေတော်မူပြီ။

သော ဇိနော-ထိုဇာတိ ပုည, ဂုဏ်မာနဖြင့်, တက်ကြွထောင်လွှား, ငါတကားဟု, ကြုံးဝါးကြသူ, လူမင်းနတ်မင်း, ဗြဟ္မာမင်းတို့၏, ဝပ်စင်းညွတ်ကျိုး, မာရ်စွယ်ချိုး၍, ရှိခိုးကော်ရော်, ဥုးတော်တင်ရာ, တေဇာခေါင်ဖူး, အောင်ပွဲမှူးဖြစ် တော်မူပေသော မြတ်စွာဘုရားကြီးသည်၊

မေ- နာမ်ရုပ်ဆတ်ဆတ်, ပရမတ်၌, ပညတ်တင်စား, တပည့်တော်များအား၊

ဇယံ- ဘေးဒဏ်ရန်မာရ်, အန္တရာယ်အပေါင်း, မကောင်းဟူသမျှ, ဝေးကရှောင်ကွင်း, ကင်းကြီးကင်းလျက်, ကောင်းခြင်းဣဋ္ဌာ, သုခမင်္ဂလာ, ရှစ်ဖြာသုံးဆယ်, ပြည့်ဖြိုးကြွယ်၍, မိုးလယ်တောက်ထွန်း, လဝန်းစန္ဒြာ, ကဲ့ပမာသို့, ရောင်ဝါထိန်ဝေ, သိရ်သရေနှင့်, ဂုဏ်နေကြီးမြင့်, နေလိုပွင့်လျက်, တင့်တယ်ရိပ်ငြိမ်, စီးစိမ်တက်တိုး, ဘဝဂ်မိုးအောင်, ကောင်းကျိုးဝေဆာ, အောင်ရာအောင်ကြောင်း, အောင်ဆုအပေါင်းကို၊

ဒေတု-တရာသက်တိုင်, မပျက်နိုင်ပဲ, တည်ခိုင်ကျန်းမာ, ဘယာနတ္ထိ, ပကတိပင်ကိုယ်, နုပျိုရုပ်ဆင်း, ပြည့်တင်းအင်္ဂါ, မင်္ဂလာသီးသီး, ကြံတိုင်းပြီးအောင်, အောင်ဆုကြီး ပေးတော်မူပါအရှင်မြတ်ကြီးဘုရား။
(တောင်မြို့ဆရာတော်ဘုရားကြီးရေး၊ (မှတ်) ၁၃၃၄-ခုနှစ် တန်ဆောင်မုန်းလဆန်း ၂-ရက် အင်္ဂါနေ့။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers