Sunday, March 24, 2013

ရဟန်းနှင့် ဖို ဘာလိုလို


ဒေါက်တာတင်အောင် (ဆန်ဖရန်စစ္စကိုမြို့) လျှောက်ထားသောမေးခွန်းများမှာ---


မေး။ ။ ဆရာတော်ဘုရား---

ဖိုထိုးရွှေမှန်း၊ ထိုရဟန်းနှင့်၊ ဆင့်တန်းသီလ၊ ဝိသေသ၊ တူမျှပါသလော?

(က) ဝိသေသဘာဂိယသီလ (သမထတရား-သီလ) သည် ရွှေဖြစ်အောင် ဖိုထိုး နေသော ရဟန်းနှင့် တူပါသလား?

အင်္ဂဝိဇ္ဇာ၊ ဟောဆရာ၏၊ ကျင့်ရာမှုနှင့်၊ ထူးပြုသီလ၊ ဝိသေသ၊ တူကြပါသလော?

(ခ) အင်္ဂဝိဇ္ဇာဆန်ဆန် ဟောပြောနိုင်သော ရဟန်းပုဂ္ဂိုလ် (ဥပမာ- တောင်တွင်းကြီးဆရာတော်) တို့၏ ကျင့်ကြံမှုမှာ ‘ဝိသေသဘာဂိယသီလ' နှင့် တူပါသလား?

ဒေသနာကြား၊ ပြုပြီးငြား၊ နောက်ကား အာပတ်ဖြေမည်လော?

(ဂ) ဒေသနာကြားပြီး အာပတ်ပြန်ဖြေလို့ ရပါသလား?

ဖြေ။ ။ ဒေါက်တာတင်အောင်ရဲ့ မေးခွန်းများနှင့် ပတ်သက်သော အဖြေများမှာ---

(က) ပြည့်စုံ စင်ကြယ်တဲ့ သီလရှိပြီး ဈာန်သမာဓိရဖို့အတွက် အားထုတ်နေတဲ့ ရဟန်းရဲ့ သီလသည် “ဝိသေသဘာဂိယသီလ (ထူးခြားသောအဖို့ရှိသောသီလ)” မည်၏ လို့ ဝိသုဒ္ဓိမဂ်မှာ လာသောကြောင့် ရွှေဖြစ်အောင် ဖိုထိုးနေသော ရဟန်းနှင့် မည်သို့မျှ မတူပါ, မသက်ဆိုင်ပါ။

(ခ) အခါတပါး အရှင်သာရိပုတ္တရာထေရ်သည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်များကို အစာကျွေးရာဖြစ်သော ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်က သုစိမုခီအမည်ရှိ ပရိဗိုဇ်မသည် မထေရ်မြတ်အား လျှောက်ထားပါတယ်- “အရှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော? နှမငါသည် အောက်သို့ငုံ့၍ မစားပါ။ အရှင်ရဟန်းသို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော? နှမငါသည် အထက်သို့ မော့၍ မစားပါ။ အရှင်ရဟန်းသို့ဖြစ်လျှင် အရပ်လေး မျက်နှာသို့ လှည့်၍ စားပါသလော? နှမငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ။ အရှင်ရဟန်း သို့ဖြစ်လျှင် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော? နှမငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ" ဟု မထေရ်မြတ်က ဖြေကြားတော်မူ၏။

ပရိဗိုဇ်မက “အရှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော? ဟု ဤသို့မေးရာတွင် နှမငါသည် အောက်သို့ငုံ့၍ မစား" ဟု ဆို၏၊ “အရှင်ရဟန်းသို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော? ဟု ဤသို့မေးရာ တွင် နှမ ငါသည် အထက်သို့ မော့၍ မစား" ဟု ဆို၏၊ “အရှင်ရဟန်းသို့ဖြစ်လျှင် အရပ်လေး မျက်နှာသို့ လှည့်၍ စားပါသလော? ဟု ဤသို့မေးရာတွင် နှမငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစား" ဟု ဆို၏၊ “အရှင်ရဟန်း သို့ဖြစ်လျှင် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော? ဟု ဤသို့မေးရာတွင် နှမငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ မစား" ဟု ဆို၏။ “အရှင်ရဟန်းသို့ဖြစ်လျှင် အဘယ်သို့ စားပါသနည်း? ဟု မေးလျှောက်ပြန်လေ၏။

မထေရ်မြတ်က “နှမ မြေယာအကြောင်းအရာကို တတ်သိသော ဝတ္ထုဝိဇ္ဇာ ဟူသော မဂ်ဖိုလ်မှ ဖီလာ အတတ်ဖြင့် မှားသောအသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အောက်သို့ ငုံ့၍ စားသူတို့-ဟု ဆိုအပ်ကုန်၏၊ နက္ခတ်အကြောင်းအရာကို တတ်သိသော နက္ခတ္တဝိဇ္ဇာ (astronomy) ဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထက်သို့ မော့၍ စားသူတို့- ဟု ဆို အပ်ကုန်၏၊ တမန်အမှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်၍ မှားသောအသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အရပ်လေးမျက်နှာသို့ လှည့်၍ စားသူတို့- ဟု ဆိုအပ်ကုန်၏၊ မိန်းမယောက်ျားတို့၏ အင်္ဂါလက္ခဏာကို တတ်သိသော အင်္ဂဝိဇ္ဇာ (the art of prognosticating from marks on the body, chiromantics, palmistry etc.) ဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားသူတို့- ဟု ဆိုအပ်ကုန်၏။

နှမ ငါကား ဝတ္ထုဝိဇ္ဇာဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက် မမွေး၊ နက္ခတ္တဝိဇ္ဇာဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မမွေး၊ တမန်အမှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်၍ မှားသော အသက်မွေးခြင်းဖြင့် အသက်မမွေး၊ အင်္ဂဝိဇ္ဇာဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မမွေး၊ တရားသဖြင့် ဆွမ်းကိုရှာ၏၊ တရားသဖြင့် ဆွမ်းရှာ၍ စား၏" ဟု မိန့်ဆိုတော်မူ၏။

ထိုအခါမှာ သုစိမုခီပရိဗိုဇ်မသည် ရာဇဂြိဟ်မြို့ဝယ် လမ်းတခုမှ လမ်းတခုသို့, လမ်းဆုံတခုမှ လမ်းဆုံတခုသို့ ချဉ်းကပ်ပြီးလျှင် “သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့သည် တရားနှင့် လျော်စွာ အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့သည် အပြစ်မရှိသောအားဖြင့် အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့အား ဆွမ်းလှူကြကုန်လော့" ဟု တိုက်တွန်းနှိုးဆော်လေ၏ ။

ဤသုတ်တော်လာ အရှင်သာရိပုတ္တရာထေရ်၏အဆိုအမိန့်ကို ထောက်၍ အင်္ဂဝိဇ္ဇာဆန်ဆန် ဟောပြောနိုင်သော ရဟန်းပုဂ္ဂိုလ်တို့၏ ကျင့်ကြံမှုမှာ ဘယ်လိုမှ ‘ဝိသေသဘာဂိယသီလ' နှင့် မတူပါ။

(ဂ) ဒေသနာကြားခြင်းသည်ပင် အာပတ်ဖြေတာ ဖြစ်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers