Saturday, March 23, 2013

ညအိပ်ရာဝင် သီလဆင်...?



နေရည်ရည် (Fremont) လျှောက်ထားသော မေးခွန်းမှာ---


အိပ်ရာဝင်ချိန်မှာ၊ ယူသီလာ၊ ရပါသလားဘုရား…?

မေး။ ။ တပည့်တော်မ ကြားဘူးတယ်၊ ၈-ပါးသီလပဲ ဖြစ်ဖြစ်, ၉-ပါးသီလပဲ ဖြစ်ဖြစ် ညအိပ်ရာ မဝင်ခင်မှာ ယူပြီး အချိန်အကန့်အသတ်ထားပြီး သီလယူရင် ရတယ်တဲ့။ အိပ်နေတဲ့အချိန်မှာ သီလဆောက်တည်လို့ ရပါသလား? သီလကော ရပါသလားဘုရား?

ဖြေ။ ။ အိပ်ပျော်နေတဲ့အချိန်မဟုတ်ရင် သီလကို အချိန်မရွေး ဆောက်တည်လို့ရပါတယ်၊ သီလနှင့်ပတ်သက်၍ ---

(၁) ကာလပရိယန္တသီလ- ကာလအပိုင်းအခြားðပ၍ ဆောက်တည်သောသီလ၊

(၂) အာပါဏကောဋိကသီလ- အသက်ထက်ဆုံး ဆောက်တည်၍ ထိုဆောက်တည်သည့် အတိုင်းသာလျှင် ဖြစ်စေသော (လိုက်နာကျင့်သုံးသော) သီလ။
ကာလပရိစ္ဆေဒံ ကတွာ သမာဒိန္နံ သီလံ ကာလပရိယန္တံ။ ယာဝဇီဝံ သမာဒိယိတွာ တထေဝ ပဝတ္တိတံ အာပါဏကောဋိကံ။ (ဝိသုဒ္ဓိမဂ္ဂ၊ ဋ္ဌ၊ ၁၊ ၁၂။)
ကာလပရိယန္တသီလဆိုတာ ဒီနေ့, ဒီည, ဒီအချိန် စသည်ဖြင့် အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလဖြစ်တယ်။
ကာလေန ပရိယန္တံ ကာလပရိယန္တံ၊ ယထာပရိစ္ဆိန္နော ဝါ ကာလော ပရိယန္တော ဧတဿာတိ ကာလပရိယန္တံ။ ကာလပရိစ္ဆေဒံ ကတွာတိ “ဣမဉ္စ ရတ္တိံ, ဣမဉ္စ ဒိဝ”န္တိအာဒိနာ ဝိယ ကာလဝသေန ပရိစ္ဆေဒံ ကတွာ။ (ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊ ၁၊ ၃၁, ၃၃။)

ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (၁၊ ၁၈၈) ၌ “ကာလအပိုင်းအခြားသည် အဘယ်နည်း? ဟု မေးခွန်းထုတ်၍ ဖြေရာဝယ် ရတနာသုံးပါးကို ဆည်းကပ်သောသူတို့သည် အလှူဒါနကို ပေးလှူကုန်စဉ် ကျွေးမွေးချိန် ပြီးဆုံးသည့်တိုင်အောင် ပိုင်းခြား၍ သီလကို ဆောက်တည်ကုန်၏၊ (သို့မဟုတ်) ကျောင်းတိုက်၌ တည်သော ဥပါသကာ ဥပါသိကာမတို့သည် ကျောင်းတိုက် အတွင်း၌ တည်နေစဉ် အပိုင်းအခြားရှိသောသီလကို ဆောက်တည်ကုန်၏၊ တစ်ညဥ့်တစ်နေ့ဖြစ်စေ, နှစ်ညဥ့်နှစ်နေ့ဖြစ်စေ, သုံးညဥ့် သုံးနေ့ဖြစ်စေ, ထို့ထက်အလွန် ညဥ့်နေ့တို့ပတ်လုံးဖြစ်စေ ပိုင်းခြား၍ သီလကို ဆောက်တည်ကုန်၏၊ ဤကား ကာလ အပိုင်းအခြားပေတည်း" ဟု လာရှိပါတယ်။ ဆိုလိုတာက အလှူပြုလုပ်နေစဉ် ကျွေးမွေးမှု ပြီးဆုံးတဲ့အချိန်အထိ ဆောက်တည်ပါမယ်-လို့ အချိန်ကို ပိုင်းခြားသတ်မှတ်၍ သီလဆောက်တည်ခြင်း၊ ကျောင်းတိုက်အတွင်း၌ နေစဉ်ကာလ အတွင်း ဆောက်တည်ပါမယ်-လို့ နေရာဌာနကို သတ်မှတ်၍ သီလဆောက်တည်ခြင်းတို့ ဖြစ်တယ်။

ဒီနေရာမှာ ဌာနကို ပိုင်းခြားသတ်မှတ်၍ သီလဆောက်တည်ခြင်း၊ 

ဥပမာ--- ဤကျောင်းတိုက်အတွင်းမှာ ရှစ်ပါးသီလကို ဆောက်တည်မည်ဟု နေရာသတ်မှတ်၍ ဆောက်တည်ခြင်း၊  
အချိန်ကို ပိုင်းခြားသတ်မှတ်၍ သီလဆောက်တည်ခြင်း၊
ဥပမာ--- ၉-နာရီမှ နေ့ ၁-နာရီ အတွင်းမှာသာ ဥပုသ် သီလကို စောင့်ရှောက်မည်ဟု အချိန်ကို သတ်မှတ်၍ ဆောက်တည်ခြင်း-ဟု ၂-မျိုးရှိပါတယ်။

သစ်ကျုတ်သီလ၊ ပမာပြ၊ အားက ပျော့လှသည်
နေရည်ရည်ရဲ့ မေးခွန်းမှာ ၈-ပါးသီလပဲ ဖြစ်ဖြစ်, ၉-ပါးသီလပဲ ဖြစ်ဖြစ် ညအိပ်ရာ မဝင်ခင်မှာ ယူပြီး အချိန်အကန့်အသတ်ထားပြီး သီလယူရင် ရတယ်တဲ့-ဒီကြားဘူးနားဝနှင့်ပတ်သက်၍ စဉ်းစားဖွယ်က သီလကိုတော့ ရပါတယ်၊ သီလယူတဲ့ သူရဲ့ခံယူချက်က အားပျော့လွန်းတယ်၊ ညအိပ်ရာမဝင်ခင် ယူတာတောင် အချိန်အကန့်အသတ် ထားသေးတယ်-ဆိုတော့ ဇာတ်တော်မှာလာတဲ့ သစ်ကျုတ်ဥပုသ်စောင့်သလို ဖြစ်နေပါတယ်---

“တခါက သစ်ကျုတ် တစ်ကောင်ဟာ ဂင်္ဂါမြစ်ကမ်းနား ကျောက်ဖျာပေါ်မှာ နေတယ်၊ တနေ့တွင် ဂင်္ဂါမြစ်၌ ဆီးနှင်းရေတွေ လာကာ ကျောက်ဖျာ ပတ်လည်မှာ ရေတွေဝိုင်းလျက်နေတယ်၊ သစ်ကျုတ်ဟာ ကျောက်ဖျာပေါ်၌ အိပ်တယ်၊ သစ်ကျုတ်အဖို့ရာ ကျက်စားရာ မရှိ၊ ကျက်စားရာကို သွားတဲ့လမ်းလည်း မရှိ၊ ရေက များသထက်များလာ တယ်၊ ထိုသစ်ကျုတ်ဟာ “ငါ့အတွက် ကျက်စားရာ မရှိ၊ ကျက်စားရာကိုသွားတဲ့လမ်းလည်း မရှိ၊ အလုပ်မရှိတဲ့ ငါ့အဖို့ရာ အိပ်နေခြင်းထက် ဥပုသ်ဆောက်တည်ခြင်းက မြတ်၏" ဟု ကြံပြီး စိတ်ဖြင့်သာ ဥပုသ်ကို အဓိဋ္ဌာန်ကာ သီလဆောက်တည်ပြီး အိပ်ပါတယ်။

ထိုအခါ သိကြားမင်းက ဆင်ခြင်လတ်သော် သစ်ကျုတ်ရဲ့ အားနည်းလှတဲ့ သီလဆောက်တည်ခြင်းကို သိ၍ ထိုသစ်ကျုတ်ကို စုံစမ်းအံ့-လို့ကြံလျက် ဆိတ်အသွင်ဖြင့် လာကာ သစ်ကျုတ်ရဲ့အနီး၌ ကိုယ်ကို ပြပါတယ်၊ သစ်ကျုတ်ဟာ ထိုဆိတ်ကိုမြင်လျှင် “တပါးသောနေ့၌ ဥပုသ်စောင့်တော့အံ့" -ဟု ထကာ ဆိတ်ကို ဖမ်းဖို့ရန် ပြေးလာတယ်၊ ဆိတ်က လည်း ဟိုဟိုဒီဒီ ပြေး၍ မိမိကိုယ်ကို ဖမ်းစိမ့်သောငှါ မပေး၊ သစ်ကျုတ်ဟာ ဆိတ်ကို ဖမ်းဖို့ရန် မတတ်နိုင်တဲ့အခါ ကျောက်ဖျာအပြင်သို့ ပြန်လာ၍ “ဥပုသ်အမှုသည် ငါ့အား မပျက်သေး" ဟု တဖန် ပြန်အိပ်ပါတယ်၊ သိကြားမင်းဟာ ပကတိသိကြားအသွင်ဖြင့် ကောင်းကင်၌ ရပ်လျက် “ဒီလိုသဘောရှိတဲ့ ကုသိုလ်ဆန္ဒအားနည်းတဲ့ သင့်အဖို့မှာ ဥပုသ်ဆောက်တည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း? သင်က ငါ့ကို သိကြားမင်းအဖြစ်ကို မသိ၍သာ ဆိတ်သားကို စားလို လို့ ထိုသစ်ကျုတ်ကို ကဲ့ရဲ့ပြောဆိုကာ နတ်ပြည်သို့ ပြန်သွားသတဲ့" ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers