Friday, March 29, 2013

စရိုက်နဲ့ညီ ကျင့်လေပြီ၊ ပထ၀ီကသိုဏ်း ကျင့်လေတိုင်း...?



ဒေါ်ကျင်ရီ (Daly City) လျှောက်ထားသော မေးခွန်းမှာ---


အကျင့်စရိုက် လိုက်ဖက်ကမ္မဋ္ဌာန်း

မေး။ ။ (က) အရှင်ဘုရားစရိုက်နဲ့ညီတဲ့ကမ္မဋ္ဌာန်းကို လေ့ကျင့်ကြမည်ဆိုလျှင် ပထဝီကသိုဏ်းစတဲ့ ကမ္မဋ္ဌာန်းများကို ကျင့်မည်ဆိုပါက ဝိပဿနာကမ္မဋ္ဌာန်းဘက် မရောက်ပဲ သမထဘက် ပိုသန် သွားပါမည်လားဘုရား?

ဖြေ။ ။ ဒေါ်ကျင်ရီရဲ့မေးခွန်းနှင့် ပတ်သက်၍---

(က) စရိုက်နဲ့ညီတဲ့ကမ္မဋ္ဌာန်းကို ပွါးများကြမည်ဆိုလျှင် ပထဝီကသိုဏ်းစတဲ့ ကမ္မဋ္ဌာန်းများကို ပွါးများမည်ဆိုပါက သမထဘာဝနာဖြစ်၍ ပဌမဈာန်စသည်ကို ရရှိသွားနိုင်ကြပါတယ်၊ အဲဒီဈာန်တရားများမှ မိမိကိုယ်တိုင်ဖြစ်စေ, ဆရာရဲ့ လမ်းညွှန်လို့ဖြစ်စေ ဝိပဿနာ ပြောင်းရှုပေးနိုင်ပါက အရဟတ္တဖိုလ်ပေါက် ရောက်နိုင်ကြပါတယ်၊ “သမထယာနိက ရဟန္တာ”လို့ ခေါ်ပါတယ်။

ဥပမာ--- 
အရှင်သာရိပုတ္တရာမထေရ်က သူရဲ့တပည့် ရွှေပန်းထိမ်သည်သား ရဟန်းအား အသုဘကမ္မဋ္ဌာန်းပေး၍ အားထုတ်စေရာ အဲဒီရဟန်းဟာ တစ်ဝါတွင်းလုံး အားထုတ်သော်လည်း သမာဓိမျှ မဖြစ်ခဲ့၊ မထေရ်မြတ်က အဲဒီရဟန်းကို ခေါ်သွား၍ ဘုရားရှင်အား အကျိုးအကြောင်းလျှောက်ထားပါတယ်၊ ဘုရားရှင်က စရိုက်နဲ့ ကမ္မဋ္ဌာန်း မလျောက်ပတ်မှန်း သိတော်မူ၍ ပဒုမ္မာကြာပန်းဖန်ဆင်းပေးလျက် အဲဒီရဟန်းအား ‘လောဟိတကသိုဏ်း’စီးဖြန်းခိုင်းတော့မှ စရိုက်နဲ့ ကမ္မဋ္ဌာန်း တည့်ပြီး စတုတ္ထဈာန်အထိ ရရှိကာ အဲဒီရဟန်းဟာ ဈာန်ကစားနေပါတော့တယ်။ 

ဘုရားရှင်က “အဲဒီရဟန်း ဟာ မိမိသဘောအတိုင်း အထက်တရားထူးကို ရနိုင်ပါ့မလားကြည့်တော့ မစွမ်းနိုင်တာ သိတော်မူကာ ပဒုမ္မာကြာပန်း ညှိုးနွမ်းစေသတည်း လို့ အဓိဋ္ဌာန်တော်မူလိုက်တယ်၊ ပဒုမ္မာကြာပန်းဟာ ညှိုးနွမ်းကာ အရောင်အဆင်းက မဲညစ်သွားပါတယ်၊ ရဟန်းဟာ “ဥတုကြောင့်ဖြစ်တဲ့ (သက်မဲ့) ရုပ်၌ပင် ဤဇရာတရားက နှိပ်စက်သေးရင် ကံကြောင့် ဖြစ်တဲ့ ရုပ်၌ကား ဆိုဖွယ်ရာမရှိတော့ပြီ၊ ဒီကိုယ်ကိုလဲ အိုခြင်းတရားက လွှမ်းမိုးနှိပ်စက်လိမ့်မည်”လို့ မမြဲတဲ့အနိစ္စ လက္ခဏာကို မြင်လေပြီ၊ ထိုအနိစ္စလက္ခဏာကို မြင်ရင် ဒုက္ခ အနတ္တလက္ခဏာတို့ကိုလဲ မြင်ပါတော့တယ်။

ဘုရားရှင်က အဲဒီရဟန်းရဲ့ လက္ခဏာသုံးရပ် ကောင်းစွာမြင်အပ်သည်၏ အဖြစ်ကို သိတော်မူတဲ့အခါ ဂန္ဓကုဋီ၌ ထိုင်နေတော်မူလျက်ပင် ရောင်ခြည်တော်လွှတ်ကာ---

ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

သာရဒိကံ- တန်ဆောင်မုန်းလ သာရဒကာလ၌ဖြစ်သော၊ ကုမုဒံ- ကုမုဒြာကြာပန်းကို၊ ပါဏိနာ- လက်ဖြင့်၊ (ဆိန္ဒတိ) ဣဝ- ဖြတ်သကဲ့သို့၊ အတ္တနော- မိမိ၏၊ သိနေဟံ-ချစ်ခြင်းတဏှာကို၊ ဥစ္ဆိန္ဒ- အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြတ်လော့၊ နိဗ္ဗာနံ- နိဗ္ဗာန်ကို၊ သုဂတေန- ဘုရားရှင်သည်၊ ဒေသိတံ-ဟောတော်မူအပ်၏၊ သန္တိမဂ္ဂမေဝ- နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော မဂ္ဂင်ရှစ်ပါးကိုသာလျှင်၊ ဗြူဟယ- ပွါးလေလော့၊ ဝါ-ပွါးစေလော့။

ဒီတရားဒေသနာတော်ရဲ့ အဆုံးမှာ အဲဒီရဟန်းဟာ အရဟတ္တဖိုလ်၌ တည်သွားပါတယ် ၊ ရဟန္တာဖြစ်သွားတယ် လို့ ဆိုလိုပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers