Friday, March 22, 2013

နေရေး သေရေး ဘယ်အရေးက


ကိုစိန်မြင့် ၊ လပွတ္တာ၊ ပြည်မြန်မာရဲ့ လျှောက်ထားသောမေးခွန်းမှာ...

 နေတတ် သေတတ်၊ ရေးကြီးလတ်၊ ပြောအပ်စကားတွေ၊
 ကြောင်းကျိုးနှင့်စပ်၊ ဓိပ္ပါယ်ရပ်၊ ရှင်းလတ်ပေးပါလေ။

 မေး။   ။ ဆရာတော်ဘုရား လူ့ဘဝဖြစ်လာခိုက် နေတတ်ဖို့, သေတတ်ဖို့အရေးကြီးကြောင်း လူကြီးသူမတို့ ဆုံးမသည်ကို မှတ်သားဖူးပါသည်၊ ၄င်းနေတတ်ဖို့, သေတတ်ဖို့အကြောင်းကို ရှင်းပြပေးတော်မူပါဘုရား။ 

 ဖြေ။ ။ ဒကာစိန်မြင့်ရဲ့ မေးခွန်းနဲ့ ပတ်သက်၍...
လူ့ဘဝဖြစ်လာခိုက်မှာ နေတတ်ဖို့, သေတတ်ဖို့ အရေးကြီးကြောင်း လူကြီးသူမတို့ ပြောဆိုရာတွင် လူဆိုတာ လူ့ပတ်ဝန်းကျင်နှင့် နေရတာမို့ ကောင်းတဲ့ပတ်ဝန်းကျင်, ဆိုးတဲ့ပတ်ဝန်းကျင် ၂-မျိုးကို ခွဲခြားနားလည်လျက် အပြစ်ကင်းအောင် ဆက်ဆံတတ်ရခြင်း, အထက်သူကို ရိုသေ, တန်းတူကို လေးစား, ငယ်သူကို သနားခြင်း၊ မိမိထက် ပညာရေး, စီးပွါးရေးစသည် သာသူတွေအပေါ်မှာ မနာလိုမှု (ဣဿာ) မထားပဲ မုဒိတာ ပွါးနိုင်ခြင်း, မိမိနှင့် အဆင့်အတန်းတူသူတွေအပေါ်မှာလဲ ပြိုင်ဆိုင်လိုမှုကင်းလျက် မေတ္တာထားနိုင်ခြင်း, မိမိအောက် အစစ အရာရာ နိမ့်ကျသူတွေအပေါ်မှာလဲ အနိုင်အထက်မပြုပဲ ကရုဏာထားနိုင်ခြင်းဖြင့် အနေတတ်ဖို့ အရေးကြီးပါတယ်၊ အချုပ်ပြောရရင် ကိုယ်နှုတ်နှလုံး အတတ်နိုင်ဆုံး အပြစ်ကင်းအောင် နေတတ်ဖို့ပါဘဲ။

 မွေးဖွားလာတဲ့သူတိုင်းဟာ တစ်နေ့နေ့တွင် သေခြင်းနှင့် ရင်ဆိုင်ကြရမှာ အမှန်ဘဲ၊ ဘယ်ရက် ဘယ်နေ့ ဘယ်အချိန် မှာ သေခြင်းနှင့် ရင်ဆိုင်ရမယ်ဆိုတာ ကြိုတင်မသိထားကြတော့ ပေါ့ပေါ့တန်တန် မနေကြဘဲ မိမိတို့အဖို့ တကယ်တန်း အားကိုးစရာဖြစ်တဲ့ “ဒါန သီလ ဘာဝနာ” ကုသိုလ်တွေကို ကြိုးစား၍ ပြုလုပ် အားထုတ် စုဆောင်း ထားကြရမယ်၊ တတ်နိုင်တဲ့သီလကို စောင့်ထိန်းလျက် အထူးသဖြင့် ဘာဝနာတစ်ခုခုကို ပွါးရှုလေ့ရှိဖို့ လိုတယ်၊ ဒီလိုပြင်ဆင်ထားသူတွေအဖို့မှာ သေခြင်းနှင့် ရင်ဆိုင်ရစေကာမူ စိုးရိမ်ကြောင့်ကြမရှိလှတော့ဘူး၊ ဆိုလိုတာက သေတတ်ဖို့အတွက် မိမိတို့ကိုယ်ပိုင်ပစ္စည်းများဖြစ်တဲ့ ဒါန သီလ ဘာဝနာကုသိုလ်တွေကို မမေ့မလျော့ ပြုလုပ် ကြိုးစားအားထုတ်ကြရန် အရေးကြီးကြောင်းပါဘဲ။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers