Wednesday, March 6, 2013

ငါးပါးသီလထပ်ယူလျှင် ရှစ်ပါးသီလပျက်မည်ထင်



မသုခကာမီ (မူးကန်းကြီး) လျှောက်ထားသော မေးခွန်း 


သီလရှစ်ပါး၊ ခံယူထား၊ ငါးပါး ထပ်ဆိုလျှင်၊ 
ရှစ်ပါး ပျက်, မပျက်၊ ဆုံးဖြတ်ချက်၊ 
မိန့်မြွက်ပေးစေချင်။ 

 မေး။ ။တပည့်တော် သုခကာမီ ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ရှစ်ပါးသီလ, ဆယ်ပါးသီလများကို ခံယူဆောက်တည်ထားသူများသည် အခမ်း အနား အလှူပွဲများ၌ ငါးပါးသလီကို ခံယူသူ လူအများနှင့်အတူလိုက်၍ ငါးပါးသီလကို ခံယူသော် မိမိတို့၏ ရှစ်ပါးသီလ, ဆယ်ပါးသီလ, ပျက်သည်ဟု ကြားဘူးသောကြောင့် တပည့်တော် “အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ - စသော ငါးပါးသီလတောင်းပါဠိနှင့် ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ- စသော ငါးပါးသီလ ခံယူဆောက်တည်သော ပါဠိများ” ကို မဆိုပါဘုရား။ သို့ဖြစ်ပါ၍ ရှစ်ပါးသီလ, ဆယ်ပါးသီလ, ဆောက်တည်နေသူမှာ လူအများနှင့် အတူလိုက်၍ ငါးပါးသီလကို ခံယူရာ၌ မိမိတို့၏သီလပျက်, မပျက် သိလိုပါသည် ရှင်းပြပေးတော်မူပါဘုရား။

 မြင့်မြတ်ရာ သီလများ၊ ယူထားတဲ့သူမှာ၊
 နိမ့်ကျရာ သီလကား၊ ခံငြားမိရာ။ 
ကိုယ့်သီလာ- ပျက်ရှာရော့သလား၊ 
ကျမ်းဂန်လာ ဖွေရှာနှော၍၊ ဟောပါ့ဘုရား။ 

 ဖြေ။ ။ မသုခကာမီ မေးခွန်းနှင့် ပတ်သက်၍ လူအများနှင့်အတူ ငါးပါးသီလ လိုက်ဆိုမိ၍ မိမိတို့ ဆောက်တည်ထားတဲ့ ရှစ်ပါးသီလ, ဆယ်ပါးသီလများ မပျက်နိုင်ပါ၊ ဒီမေးခွန်းမျိုးကို ဒကာတစ်ဦးက လယ်တီဆရာတော်ဘုရားကြီးအား မေးခဲ့ဘူးပါတယ်၊ ဆရာတော်ဘုရားကြီးက “ခံယူပြီးသော ရှစ်ပါး, ဆယ်ပါးသီလများပျက်ရန် အကြောင်းနှစ်ပါးသာ ကျမ်းဂန်များ၌ လာ၏၊ နှစ်ပါးဆို ကာလအပိုင်းအခြားအတွင်း၌ သိက္ခာပုဒ်ကို လွန်ကျူး၍ ပျက်ခြင်းတစ်ပါး, ကာလအပိုင်း အခြားလွန်၍ ပျက်ခြင်းတစ်ပါး- ဟူ၍ နှစ်ပါးတည်း၊ ဆယ်ပါးသီလကို ခံယူပြီးသောသူသည် ရှစ်ပါးသီလ, ငါးပါးသီလများကို တစ်ဖန်ခံယူခဲ့သော်လည်းကောင်း, ရှစ်ပါးသီလကိုခံယူပြီးသောသူသည် ငါးပါးသီလကိုခံယူသော်လည်းကောင်း ခံယူပြီးသော သီလပျက်သည်ဟူ၍ သီလပျက်ခြင်းအင်္ဂါ၌ မလာ၊ စင်စစ်မူကား နောက်ထပ်မံ၍ခံသော ငါးပါးသီလသည် ဆယ်ပါး, ရှစ်ပါးသီလတို့၌ အတွင်းဝင်လျက်ရှိသောကြောင့် ဆယ်ပါး, ရှစ်ပါးတို့ကို တစ်စိတ်တစ်ဒေသအားဖြင့် ထောက်ပံ့သကဲ့သို့သာ ဖြစ်ပေ၏” လို့ ဖြေဆိုတော်မူထားပါတယ်။

 မြင့်မြတ်ရာ သီလများ၊ ယူထားတဲ့သူမှာ၊ 
နိမ့်ကျရာ သီလကား၊ ခံငြားမိရာ။ 
ကိုယ့်သီလာ- မပျက်ရှာပါဘူးး၊ 
ကျမ်းဂန်လာ ဖွေရှာတွက်၍၊ မိန့်မြွက်အထူး။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers