Monday, March 25, 2013

သင်္ကန်းအလှူ နှစ်ခုမူ၊ ကထိန်,၀ါဆို တူ,မတူ



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား---

ဝါဆိုသင်္ကန်း၊ ထိန်သင်္ကန်း၊ လှူဒါန်း ဘယ်သို့ ခြားသနည်း?

ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း ဘယ်လို ခြားနားပါသလဲဘုရား။

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

ကျောင်းတိုက် တစ်ခုခု၌ ဝါဆိုတဲ့ရဟန်းတော်များအား ဤဝါဆိုသင်္ကန်းကို လှူဒါန်းပါ၏-ဟု ဆို၍ လှူဒါန်းတဲ့ သင်္ကန်းသည် “ဝါဆိုသင်္ကန်း" ဖြစ်တယ်၊ ဝါဆိုသင်္ကန်းကို ပုဂ္ဂိုလ်တစ်ပါးပါးအားဖြစ်စေ, ၂-ပါး ၃-ပါးစတဲ့ ရဟန်းတော်အစုအားဖြစ်စေ, သို့မဟုတ် သံဃာအားဖြစ်စေ လှူဒါန်းနိုင်တယ်၊ ဆိုလိုတာက ပုဂ္ဂိုလ်အားဖြစ်စေ, သံဃာအားဖြစ်စေ လှူလို့ရတယ်၊ ကာလအားဖြင့်လဲ ဝါမဆိုခင်ဖြစ်စေ, ဝါဆိုပြီး ဝါတွင်းမှာဖြစ်စေ, ဝါကျွတ်ပြီးမှဖြစ်စေ အချိန်မရွေး လှူဒါန်းနိုင်တယ်။

ကထိန်သင်္ကန်းက "ဤကထိန်သင်္ကန်းကို သံဃာအား လှူဒါန်းပါ၏" ဟု ဆို၍ လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တယ်၊ ဤကထိန်သင်္ကန်းကိုတော့ သံဃာအားသာ လှူဒါန်းရတယ်၊ ပုဂ္ဂိုလ်အား ရည်ရွယ်လှူဒါန်းလျှင် ကထိန်သင်္ကန်း မဖြစ်ဘူး၊ ရဟန်းကလဲ သင်္ကန်းလှူအောင် အရိပ်အမြွက်တောင် မပြောကောင်းဘူး၊ အရိပ်အမြွက်ပြောမိလို့ လှူလာတဲ့သင်္ကန်းဟာလဲ ကထိန်သင်္ကန်း- မဟုတ်တော့ဘူး၊ ကာလအားဖြင့်လဲ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လအတွင်း၌သာ ကထိန်သင်္ကန်းကို လှူဒါန်းလို့ရတယ်။


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers