Thursday, March 21, 2013

ရေစက်ချသော်...? မချသော်...?



မောင်စိုးစိုးမြင့် (Daly City) လျှောက်ထားသော မေးခွန်းမှာ--

ရေစက်ချမှ၊ လှူမြောက်ထ၊ စွဲက ရှိနေသည်၊ 
ထိုအစွဲသန်၊ မှန်, မမှန်၊ ရှင်းရန် လိုပါသည်။

 မေး။ ။ ရေစက်ချမှ အလှူမြောက်တယ်-လို့ အစွဲရှိနေကြပါတယ်၊ အဲဒါ နဲနဲ ရှင်းပေးပါဘုရား။ 

ဖြေ။ ။ မောင်စိုးစိုးမြင့်ရဲ့ မေးခွန်း၌ -- ရေစက်ချမှ အလှူမြောက်တယ်-လို့ အစွဲရှိနေကြတာ မမှန်ပါ၊ မိမိလှူဖွယ်ပစ္စည်းကို လှူပြီးရင် ရေစက်ချသည်ဖြစ်စေ, မချသည်ဖြစ်စေ အလှူမြောက်တော့သည်သာ၊ ဘာကြောင့် ရေစက်ချအမျှဝေရသလဲ? ဆိုရင် မိမိရဲ့ကောင်းမှုအဖို့ကို သူတပါးတို့အား ရေစက်ချအမျှ ဝေတဲ့အတွက် ‘အမျှဝေတဲ့ကုသိုလ် (ပတ္တိဒါန)’ တစ်ခုကို ထပ်ရတယ်၊ အမျှမဝေရင် အဲဒီကုသိုလ် မရဘူး၊ အမျှဝေရင် ကျွတ်လွတ်ဖွယ်ရှိတဲ့ ပြိတ္တာတွေလဲ သာဓုခေါ်လို့ ထိုဘဝမှ ကျွတ်လွတ်သွားနိုင်တယ်၊ ဒါ့ကြောင့် ရေစက်ချအမျှဝေရတာ ဖြစ်တယ်။ အမျှဝေရာမှာလဲ ရေစက် ခွက်ပါ, မပါကတော့ ပဓာနမဟုတ်ပါ၊ အမျှဝေတာသာ ပဓာနဖြစ်တယ်။ 

ရေစက်ချမှ၊ လှူမြောက်ထ၊ စွဲက ရှိနေရာ၊ 
ထိုအစွဲသန်၊ ပုံမမှန်၊ ရှင်းရန် လွယ်ကူပါ၊ 
မိမိပစ္စည်း၊ ပေးကမ်းပြီး၊ လှူကြီးမြောက်တော့သာ၊ 
ပတ္တိဒါန၊ မျှဝေက၊ ထပ်ရ ကုသိုလ်ပါ၊ 
ရေစက်ချက၊ ထုံးအရ၊ ပြုကြ များသူငါ၊ 
ရေစက်မချပဲ၊ မျှဝေလဲ၊ ရမြဲ ကုသိုလ်သာ။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers