Friday, March 22, 2013

ရှစ်ပါးသီလာ ဆောက်တည်ကာ ညစာစားကြတာ



ကိုစိုးနိုင်၊ လပွတ္တလုပ်မြောက်ဘက်ကျေးရွာရဲ့ လျှောက်ထားသော မေးခွန်းမှာ… 

ရှစ်ပါးသီလာ၊ ဆောက်တည်ပါလည်း၊ ဆာလျှင်စားကြ၊ ပြစ်မရ၊ ပြောကြ လူကြီးတွေ၊ 
သီလပျက်, မပျက်၊ ကျမ်းဂန်စွက်၊ မိန့်မြွက်ပေးပါလေ၊ 
ဗုဒ္ဓမြတ်စွာ၊ ဤသိက္ခာ၊ ထားရာ ကြောင်းခြင်းတွေ၊ 
ရှင်းတော်မူပါ၊ မြတ်ဆရာ၊ ကျမ်းလာမိန့်ပါလေ။ 

 မေး။ ။ ဆရာတော် အရှင်သူမြတ်ဘုရား… 

 ဘုရားတပည့်တော် သိလိုသည်မှာ (၈-ပါး)သီလဆောက်တည်ရာတွင် “ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” နေ့လွဲညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏” ဟု ဆိုပါသော်လည်း ယခု လူကြီးများသည် ညစာစားကြပါသည်၊ “အဆာမခံနှင့်၊ ဆာလျှင် စားကြ” ဟုလည်း ဆိုပါသည်။ စားလျှင် အပြစ်ရှိပါသလား? သီလကော ပျက်ပါသလား? မြတ်စွာဘုရားသခင်သည် ဤအချက်ကို ဘာ့ကြောင့် ထည့်သွင်းထားသည်ကို ရှင်းလင်းဟောကြားပေးတော်မူပါဘုရား။ 

ဖြေ။ ။ (၈)ပါးသီလဆောက်တည်ရာတွင် နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏… 

ဆိုတဲ့ ဝိကာလဘောဇနသိက္ခာပုဒ်ကို ဆောက်တည်ထားသောကြောင့် ညစာ စားလျှင် သီလပျက်ပါတယ်၊ အပါယ်ကျစေနိုင်တဲ့ အပြစ်မျိုး မဟုတ်စေကာမူ အပြစ်တော့ ရှိပါတယ်။ အကယ်၍ အဆာမခံနိုင်လျှင် အချိန်ကာလကို သတ်မှတ်၍ဖြစ်စေ, နေရာဌာန (ဥပမာ-ကျောင်း တွင်းမှာနေခိုက်)ကို သတ်မှတ်၍ဖြစ်စေ ကာလပရိယန္တသီလ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်သည် နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်းကြောင့် အကျိုး ၅-ပါးရပုံကို ဟောတော်မူပါသည်… 

ရဟန်းတို့ငါသည် နေလွဲညစာ စားခြင်းကို ရှောင်ကြဉ်၍သာလျှင် စား၏၊
 နေလွဲညစာ စားခြင်းကို ရှောင်ကြဉ်၍သာလျှင် စားသော ငါသည် 
(၁) အနာကင်းခြင်း၊
(၂) ကြောင့်ကြကင်းခြင်း (ညစာအတွက် ကြောင့်ကြမရှိတော့ခြင်း)
(၃) လျင်စွာထနိုင်ခြင်း (လျင်မြန် ပေါ့ပါးခြင်း)
(၄) အားရှိခြင်း၊
(၅) ချမ်းသာစွာ နေရခြင်းတို့ကို သိရ၏။

ရဟန်းတို့ သင်တို့လည်း နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်၍ စားကြကုန်လော့၊
နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်၍ စားကုန်သော သင်တို့သည်လည်း 

(၁) အနာကင်းခြင်း၊
(၂) ကြောင့်ကြ ကင်းခြင်း၊
(၃) လျင်စွာထနိုင်ခြင်း၊
(၄) အားရှိခြင်း၊
(၅) ချမ်းသာစွာ နေရခြင်းတို့ကို သိရကုန်လတ္တံ့ ဟု မိန့်တော်မူပါတယ်။ 

ဤအကျိုး ၅-ပါးကို သိမြင်တော်မူသောကြောင့် ဘုရားရှင်သည် ၈-ပါးသီလ၌ “ဝိကာလဘောဇနသိက္ခာပုဒ်”ကို ထည့်သွင်းထားဟန်တူပါတယ်။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers