Friday, March 22, 2013

ဘုရားနှင့် ရှင် ဦးတော်တွင် ကွာခြားမည်သို့ ဖြစ်သည်ထင်...?



ပိုင်စိုး (Fremont, CA) လျှောက်ထားသော မေးခွန်းမှာ… 


ဘုရားမြတ်စွာ၊ ရောင်လျှံမှာ၊ ပမာ ဆံထုံးလို၊ 
အခြားရဟန်းမှ၊ ကွာခြားပြ၊ ကြောင်းက ဘယ်သို့ဆို။

မေး။ ။ အရှင်ဘုရား မြတ်စွာဘုရားရဲ့ပုံတော်ရုပ်ပုံတော်တွေမှာ ဆံထုံးကဲ့သို့သော ဆံချည်တွေရှိနေတာ သတိပြုမိပါတယ်၊ အခြားသော ရဟန်းတော်တွေနှင့် အဘယ့်ကြောင့် ကွာခြားနေပါသလဲဘုရား? 

ဖြေ။ ။ မောင်ပိုင်စိုးရဲ့ မေးခွန်းနှင့်ပတ်သက်၍ အဖြေမှာ… 
“ဘုရားအလောင်းတော်က ‘ငါရဲ့ ဤဆံပင်တို့ကား ရဟန်းတို့အား မလျောက်ပတ်ကုန်၊ ထိုဆံပင်တို့ကို သန်လျက်ဖြင့် ဖြတ်အံ့' လို့ ကြံစည်ကာ လက်ယာလက်ဖြင့် သန်လျက်ကိုကိုင်လျက် လက်ဝဲလက်ဖြင့် မကိုဋ်နှင့်တကွ ဆံထုံးကို ဖြတ်လေ၏၊ ဆံတော်တို့မှာ လက်နှစ်သစ်ပမာဏ အညီအမျှ ကြွင်းကျန်ရစ်ပြီး လက်ယ္ပ၁ာရစ်လည်ကာ ဦးခေါင်းတော်၌ ကပ်ငြိတည်ရှိကြ၏၊ ထိုဆံတော်တို့၏ ပမာဏကား အသက်ထက်ဆုံးပင် အသစ် တဖန် မရိတ်မပယ်ရပဲ ထိုလက်နှစ်သစ် ပမာဏသာ ရှိ၏”ဟု ဗုဒ္ဓဝံသအဋ္ဌကထာ (၃၃၂) ၌ လာရှိပါတယ်၊ ထိုဆံတော်များ လက်နှစ်သစ်ပမာဏ လက်ျာရစ်လည်ကာ ဦးခေါင်းတော်၌ ရာသက်ပန်တည်နေခြင်းကပင် ရဟန်းတော် တို့ဆံပင် တည်နေပုံထက် ထူးခြားနေ၏၊ ရဟန်းတော်များလည်း ဆံလက်နှစ်သစ်, သို့မဟုတ် နှစ်လအထိ ဆံမရိတ်ပဲ ထားနိုင်၏၊ သို့သော် ထိုအတိုင်းအရှည်, ထိုကာလတိုင်အောင် ဆံပင်ကို ထားလျှင် ဘယ်လိုမှ ကြည့်လို့ သင့်လျော်မည် မဟုတ်ပါ။ 

ဘုရားရှင်ရဲ့လက္ခဏာတော်ငယ် ရှစ်ဆယ်တွင် “ကေတုမာလရောင်လျှံခေါ်တဲ့ ဦးထိပ်တော်၌ တည်ရှိထွန်း တောက်နေတဲ့ ရောင်လျှံတော်အစု” လို့ခေါ်တဲ့ လက္ခဏာတစ်ပါးရှိပါတယ်၊ ထိုလက္ခဏာတော်ငယ်နှင့်စပ်၍ သာရတ္ထဒီပနီ ပဌမတွဲ (၁၂၅)မှာ “ ကေတုမာလာ-ဆိုတာ ဦးခေါင်းမှ ထွက်၍ ထိပ်၏အထက်၌ (ထိပ်လယ်၌) အစုဖြစ်လျက် ထင်သော ရောင်ခြည်တော်အစု ဟူ၍လည်းကောင်း, ထိပ်လယ်၌ ထင်ရှားစွာ မြင့်မောက်သောနေရာ-ဟူ၍လည်းကောင်း ပြောဆိုကြ၏" ဟု လာရှိပါတယ်။ ထိုကျမ်းဂန်များအရ “ဦးခေါင်းတော်မှ ထွက်ကာ ထိပ်လယ်၌ အစုဖြစ်လျက် ထင်သောရောင်ခြည်တော်အစုကို ထင်ရှားစေလို၍ဖြစ်စေ, သို့မဟုတ် ပကတိ ထိပ်လယ်၌ ထင်ရှားစွာ မြင့်မောက် နေရာကို သိစေလို၍ဖြစ်စေ ဘုရားရှင်ရဲ့ ဆံတော်ပုံတွေမှာ ရဟန်းတော်များရဲ့ပုံတွေနှင့် မတူပဲ ဆံထုံးကဲ့သို့ အမို့ အမောက်, အချွန်များနှင့် ရေးဆွဲခြင်း, ထုလုပ်ခြင်း ဖြစ်ပုံရပါတယ်။ 

ရဝေထွန်းရဲ့ ဘာသာရေးပြဿနာများ (၄၊ ၁၈၁)မှာတော့… “မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် ဦးခေါင်းတော်မှ ကေတုမာလာ ရောင်လျှံတော်သည် အထက်သို့ထွက်၍ နေကြောင်း၊ သာသနာနှစ် ငါးရာကျော်မှ ဘုရားပုံတော်ကို ဂုပ္တအရပ်တွင် စတင်ထုလုပ်ရာ ထိုကေတုမာလာ ရောင်လျှံတော်ကို ပုံတော်ဦးထိပ်၌ အထက်သို့ အချွန်ထွက်၍ ပုံဖော်ထားသည်၊ ထိုသို့ပုံဖော်ထားသဖြင့် နောင်တွင် ပုံတော်တိုင်း ဦးထိပ်၌ အချွန်ပုံ အမျိုးမျိုး ထုလုပ်ကြရာမှ သျှောင် တော်ကဲ့သို့ အမို့အမောက် ဖြစ်၍ လာကြောင်း၊ ထိုင်း, ကမ္ဘောဒီးယားစသော အရှေ့တိုင်းပုံတို့တွင် ဘုရားပုံတော်ဦးထိပ်၌ ထောင်နေသောအပြားပုံ၊ မီးလျှံပုံများ ဖော်ထားကြောင်း တွေ့နိုင်ပေသည်။ ထိုအစဉ်အလာအတိုင်းပင် ကေတုမာလာ ရောင်လျှံတော်ပုံကို သျှောင်ထုံးပုံကဲ့သို့ ထုလုပ်ရာမှ ဘုရားပုံတော်၌ သျှောင်ထုံးပုံရှိသည် ဟု ယခုခေတ် လူတို့ ယူဆ လာကြပေသည်။ သျှောင်ထုံးမဟုတ်၊ ကေတုမာလာ ရောင်လျှံတော်ဟု မှတ်ယူကြရမည်။ ‘ဒက္ခိဏတော အာဝဋ္ဋမာနာ' ဟု ဗုဒ္ဓဝင် အဋ္ဌကထာစကားအရ လက်ယာရစ် ခွေလိပ်၍ ဟူသည်အတိုင်း ဦးခေါင်းတော်၌ လက်ယာရစ် ခွေနေသော ပိန္နဲဆူးသဏ္ဍာန်များ ရှေးဆင်းတုတော်များ၌ တွေ့ရတတ်သည်။ မှန်ကန်သော အယူအဆပင် ဖြစ်ပါ၏”ဟု ဖြေကြားထားတော်မူပါတယ်။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers