Tuesday, March 26, 2013

အသက်မက လုံသီလ သောတာပန္န ခေါ်ဆိုကြ



ကိုဇာနီ (Daly City) လျှောက်ထားသော မေးခွန်းများမှာ---
 
မေး။ ။ လျှောက်ထားအပ်ပါသည်ဘုရား---

သောတာပန်ဖြစ်, မဖြစ်။ ဘယ်စနစ်။ စိစစ် သိမည်နည်း…?
(က) သောတာပန်ဖြစ်နေ, မနေ ဘယ်လို သိနိုင်ပါသလဲ…?

သောတာပန္န။ ဖြစ်ပြီးမှ။ ရောက်ရနိဗ္ဗာန်လော…?
(ခ) နိဗ္ဗာန်မရောက်မီ သောတာပန်အရင် ဖြစ်ဖို့ လိုပါသလား…?

သောတာပန်ဖြစ်ဖို့ရာ။ လိုဆုံးမှာ။ ဘယ်ဟာ ဖြစ်သနည်း…?
(ဂ) သောတာပန်ဖြစ်ဖို့ အလိုအပ်ဆုံးအရာက ဘာတွေဖြစ်နိုင်ပါသလဲဘုရား…?

ဖြေ။ ။ ကိုဇာနည်ရဲ့ မေးခွန်းများနှင့် ပတ်သက်၍---

(က) သောတာပန်ပုဂ္ဂိုလ်ဆိုတာ အရိယကန္တသီလခေါ်တဲ့ ငါးပါးသီလကို အသက်နှင့်ထပ်တူ ကာကွယ် စောင့်ရှောက်ပါတယ်။ ရတနာသုံးပါးလည်း အဝေစ္စပသာဒ မတုန်မလှုပ် မယိမ်းမယိုင် အကြွင်းမဲ့ ယုံကြည်ပါတယ်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရစေကာမူ ရတနာသုံးပါးကို မစွန့်လွှတ်တော့ပါဘူး ။ ဒိဋ္ဌိ (အယူမှားမှု) ဝိစိကိစ္ဆာ (ယုံမှားသံသယမှု) တို့ကိုလည်း အကြွင်းမဲ့ ပယ်သတ်ပြီး အပါယ်လားကြောင်း မကောင်းမှုအကုသိုလ်များကိုလည်း ဘယ်သောအခါမှ မပြုလုပ်တော့ပါဘူး ၊ အဲဒီလို အခြေအနေအရ သိနိုင်ပါတယ်၊

(ခ) နိဗ္ဗာန်ရောက်ဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ဆိုတာ “သောတာပန်စတဲ့ အရိယာမဖြစ်ပဲ နိဗ္ဗာန်ကိုမရောက်နိုင် မျက်မှောက်မပြုနိုင်ပါဘူး၊"

(ဂ) သောတာပန်ဖြစ်ဖို့ အလိုအပ်ဆုံးအရာများက “သောတာပတ္တိယင်္ဂခေါ် သောတာပန်ဖြစ်ဖို့ အကြောင်း ၄-ပါး ဖြစ်တယ်"---

၁၊ သပ္ပုရိသသံသေဝ- သူတော်ကောင်းကို မှီဝဲရခြင်း။
(မဂ်ဖိုလ်လမ်းပြ ဘုရားအစရှိတဲ့ သူတော်ကောင်းနှင့် ပေါင်းသင်းမှု)။
၂၊ သဒ္ဓမ္မဿဝန- သူတော်ကောင်းတရားကို နာရခြင်း။
(လျောက်ပတ်တဲ့ ပိဋကတ်တရားတော်ကို နာကြားမှု။
ခန္ဓာနာမ်ရုပ်နှင့်စပ်တဲ့ သူတော်ကောင်းတရားကို နာကြားရမှု)။
၃၊ ယောနိသောမနသိကာရ- သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းရခြင်း။
(အနိစ္စအစရှိသည်၏ အစွမ်းအားဖြင့် နှလုံးသွင်းမှု)။
၎၊ ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာအားလျော်တဲ့အကျင့်ကို ကျင့်ရခြင်း။
(မဂ်ဖိုလ်ရကြောင်း ကျင့်မှု)။

ဤကား သောတာပန်ဖြစ်ဖို့ အကြောင်း ၄-ပါး (သောတာပတ္တိမဂ်ကို ရခြင်း၏အကြောင်း ၄-ပါး)ဖြစ်တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers