Saturday, March 23, 2013

ပစ္စေကနှင့် သမ္ဗုဒ္ဓါ ကွာဟကြောင်းပြောပါ


Cynthia L. Hoe (San Bruno) လျှောက်ထားသော မေးခွန်းများမှာ---


မေး။ ။ အရှင်ဘုရား---
သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေက၊ ကွာဟ မည်သို့နည်း?

(က) ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ဘယ်လို ကွာခြားပါသလဲ?

ကလေးငယ်များ၊ သေ၍သွား၊ ရောက်ငြား Limbo တည်း၊
ခရစ်ယာန်က၊ ဆိုမိန့်ထ၊ ဗုဒ္ဓဘယ်သို့နည်း?

(ခ) Christian တွေမှာ ကလေးငယ်များ (ကုသိုလ်မရှိ, အကုသိုလ်လည်း မရှိသူများ) ကွယ်လွန်သွားရင် Limbo ဆိုတဲ့ နေရာကို ရောက်သွားတယ်-လို့ပြောပါတယ်၊ ဗုဒ္ဓဘာသာမှာ အဲဒီလို နေရာမျိုး ရှိပါသလားဘုရား?

ဖြေ။ ။ Cynthia L. Hoe ရဲ့မေးခွန်းများနှင့်ပတ်သက်တဲ့ အဖြေများမှာ---

(က) သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့က ကိုယ်တော်တိုင် သစ္စာလေးပါးတရားတို့ကို သိကုန်၍ သူတပါးတို့ကိုလည်း သိစေတော်မူကြပါတယ်၊ ပစ္စေကဗုဒ္ဓါတို့မှာ ကိုယ်တော်တိုင်သာ သစ္စာလေးပါးတရားတို့ကို သိကြသော်လည်း သူတပါးတို့ကို သစ္စာသိအောင် တရားမဟောနိုင်ကြပါ၊ အတ္ထရသကိုသာ ထိုးထွင်း၍ သိကြသော်လည်း ဓမ္မရသကို မသိကြပါ၊ ပစ္စေကဗုဒ္ဓါတို့ဟာ လောကုတ္တရာတရားတို့ကို ပညတ်သို့တင်၍ တရား မဟောနိုင်ကြပါ၊ သူတို့ရဲ့ သစ္စာသိမှုသည် ဆွံအသူက မိမိမြင်မက်တဲ့အိပ်မက်ကို ပြန်မပြောနိုင်သလို, တောတွင်းသားက မြို့၌စားသောက်အပ်တဲ့ ဟင်းရဲ့အရသာကို ပြန်လည် မပြောပြနိုင်သလို ဖြစ်ကြတယ်-လို့ ကျမ်းဂန်များမှာ လာရှိပါတယ် *1*

ဘုရားရှင်များဟာ ပညာဓိကဘုရားအလောင်း (ပညာဦးစီးသော ဘုရားအလောင်း) အနေဖြင့် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း, သဒ္ဓါဓိကဘုရားအလောင်း (သဒ္ဓါဦးစီးသော ဘုရားအလောင်း) အနေဖြင့် ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း, ဝီရိယာဓိကဘုရားအလောင်း (ဝီရိယဦးစီးသော ဘုရား အလောင်း) အနေဖြင့် တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြရတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များမှာ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကြရပါတယ် *2*

အဲဒီလို သမ္မာသမ္ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓါတို့မှာ ပါရမီဖြည့်ရသည့် ကာလအတိုင်းအတာရော, သစ္စာလေးပါး တရားသိပြီး နောက်ပိုင်း အခြေအနေမှာရော ကွာခြားကြပါတယ်။

(ခ) ခရစ်ယာန်ဘာသာအရ ကလေးငယ်များ (ကုသိုလ်လည်းမရှိ, အကုသိုလ်လည်း မရှိသူများ) ကွယ်လွန်သွား ရင် Limbo *3* (not heaven nor hell) ဆိုတဲ့ ငရဲနှင့် နတ်ပြည်အကြား နယ်ခြား ဒေသသို့ ရောက်သွားကြတယ် *4* လို့ ပြောသော်လည်း ဗုဒ္ဓဘာသာအရတော့ ကလေးမှာပဲဖြစ်ဖြစ် လူကြီးမှာပဲဖြစ်ဖြစ် ကုသိုလ်, အကုသိုလ်တွေက ရှိနေကြတာပါပဲ၊ ဒီဘဝရဲ့အစိတ်အပိုင်းကာလမျှကို ကြည့်ပြောလို့ မပြည့်စုံပါဘူး၊ ရှေးရှေး ဘဝပေါင်းများစွာ ကျင်လည်ခဲ့စဉ်က ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်, ကောင်းမှု မကောင်းမှုတွေ ရှိနေကြတယ်၊ ကောင်းမှုပြုလုပ်စဉ်မှာဖြစ်စေ, မကောင်းမှု ပြုလုပ်စဉ်မှာဖြစ်စေ ကုသိုလ်ဇော ၇-ကြိမ် သို့မဟုတ် အကုသိုလ်ဇော ၇-ကြိမ် စောရာတွင် ပဌမ ဇောစေတနာက ဒီဘဝမှာပင် အကျိုးပေးပါတယ် *5* ၊ သတ္တမဇော (၇-ခုမြောက်ဇော) စေတနာက ကွယ်လွန်ပြီး နောက်ဘဝမှာ အကျိုးပေးပါတယ် *6* ၊ အဲဒီ ပဌမဇော စေတနာက ဒီဘဝမှာအကျိုးမပေးရင်, သတ္တမဇောစေတနာက နောက်ဘဝမှာ အကျိုးမပေးရင် “အဟောသိကံ (အလကား)” ဖြစ်သွားကြပါတယ်၊ ဒုတိယဇောစေတနာမှ ဆဋ္ဌဇောစေတနာအထိ ဇော စေတနာ ၅-ခုကတော့ တတိယဘဝမှ နိဗ္ဗာန်တိုင်သည့် အထိ အကျိုးပေးပါတယ်၊ ဒီဇောစေတနာ ၅-ခုကို ‘အပရာပရိယဝေဒနီယကံ' လို့ ခေါ်ပါတယ်၊ နိဗ္ဗာန်ကိုမရမချင်း အကျိုးမပေးပဲ အဟောသိကံ-ဖြစ်သွားတယ်လို့ မရှိဘူး၊ ဒီအပရာပရိယဝေဒနီယကံမှ ကင်းတဲ့ သတ္တဝါဆိုတာ မရှိဘူး၊ ကလေးငယ်များ ကွယ်လွန်သွားရတာကိုက ရှေးကံအားမကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ကြရတာဖြစ်တယ်။ ကွယ်လွန်သွားကြတဲ့ ကလေးများအဖို့ မျက်မှောက်ကံ မထင်ရှားသော်လည်း အတိတ်ကံတစ်ခုခုကြောင့် ကောင်းတဲ့ဘဝ သို့မဟုတ် မကောင်းတဲ့ဘဝသို့ ရောက်သွားကြမှာပါပဲ။ ဒါ့ကြောင့် ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံ အကြောင်းမပါပဲ ကွယ်လွန်လျှင် နတ်ပြည် သို့မဟုတ် ငရဲသို့ မရောက်သေးပဲ ကြားဘဝတစ်ခုသို့ ရောက်သွားတယ်ဆိုတာ မရှိပါဘူး။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

မှတ်ချက်။
*1* သုတ္တနိပါတ၊ ဋ္ဌ၊ ၁၊ ၄၆။ အပဒါန၊ ဋ္ဌ၊ ၁၊ ၁၅၉။ ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ၊ ၂၆၂-၂၆၃။

*2* သုတ္တနိပါတ၊ ဋ္ဌ၊ ၁၊ ၄၃။ မ၊ ဋ္ဌ၊ ၄၊ ၁၂၃။ ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ၊ ၂၄၃-၂၄၄။ အပဒါန၊ ဋ္ဌ၊ ၁၊ ၁၅၈။ ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ၊ ၂၆၁။

*3* limbo, a region on the border of hell or heaven, serving as the abode after death of unbaptized infants and of the righteous who died before the coming of Christ.(The Random House College Dictionary, 776)

*4* အဒမ်နှင့် ဧဝ ဇနီးမောင်နှံတို့ဟာ God ၏စကားကိုနားမထောင်ပဲ အေဒင်ဥယျာဉ်အလယ်ရှိ သစ်ပင်မှ သစ်သီးကို စားမိခဲ့ကြသည်၊ God ၏ စကားကို နားမထောင်သည့်အပြစ်သည် ထိုသူတို့မှ ဆင်းသက်ပေါက်ဖွားလာသူမှန်သမျှ၌ ဆက်လက်ပါရှိခဲ့သည်၊ ဒါ့ကြောင့် ခရစ်ယာန် ကမ္ဘာဦးကျမ်းအရ မွေးဖွားစ သေသွားရသော ကလေး၌လည်း အပြစ်ရှိနေသည်-ဟု ဆိုလိုပါသည်။

God did say, "you must not eat fruit from the tree that is in the middle of the garden, and you must not touch it, or you will die." When the woman saw that the fruit of the tree was good for food and pleasing to the eye, and also desirable for gaining wisdom, she took some and ate it. She also gave some to her husband, who was with her, and he ate it. (GENESIS 3:3, 3:6)

Sin is disobedience to the will of God. This conception of sin runs through the entire Bible, starting in the Garden of Eden (Genesis) and ending with the final destruction of the world that results in the coming of the New Jerusalem (Revelation). In both these senses, the Bible insists on the universality of sin. (The life and Teaching of Jesus, 172)

*5* ဒိဋ္ဌဓမ္မဝေဒနီယကံ

*6* ဥပပဇ္ဇဝေဒနီယကံ

No comments:

Post a Comment

Followers