Thursday, March 21, 2013

သေသူ့တွက်တာ ရည်ရွယ်ကာ ပေးကျွေးကြသည်မှာ




ဒေါ်တင်စိန် (မြန်မာပြည်) မေတ္တာဝိဟာရီယောဂီ၏ လျှောက်ထားသောမေးခွန်းမှာ-- 

မေး။ ။ ရိုသေလေးစားစွာ လျှောက်ထားပါရစေ အရှင်ဘုရား၊ 

 သေသူ့တွက်တာ၊ စား ရေစာ၊ ထားကာ မူကျင့်တွေ။ 
သင်္ဂြိဟ်ပြီးလျှင်၊ အပြန်တွင်၊ ယူငင် ပန်းသစ်တွေ။ 
ကျိုးရှိ, မရှိ၊ သိလိုဘိ၊ မိန့်ရှိတော်မူလေ။ 

တပည့်တော်တွေ့ရတဲ့ အချက်တစ်ခုမှာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဖြစ်သော သူများသည် ကွယ်လွန်သွားပြီဆိုလျှင် ကွယ်လွန်တဲ့နေ့က စပြီး ကွယ်လွန်သူအား နေရာပေးထားပြီး ထမင်းကျွေး, ရေပေး, စားစရာတွေ ထားကြပါတယ်။ အသုဘသင်္ဂြိဟ်ပြီးတဲ့အခါမှာလဲ “ပန်း သစ်ခက်" ရရာတစ်ခုခု ပြန်ယူလာကြတယ်၊ ထိုသို့ လုပ်ဆောင်ကြတဲ့ လုပ်ရပ်ကို အကျိုးအပြစ် ဖြစ်မဖြစ် ရှင်းလင်းပေးတော်မူပါအရှင်ဘုရား။ 

ဖြေ။ ။ ဒေါ်တင်စိန်ရဲ့ မေးခွန်းနှင့်ပတ်သက်၍--- 

ကွယ်လွန်သူတွက် နေရာသတ်မှတ်လျက် ထမင်း, အစားအစာ ထားပေးခြင်း, အသုဘသင်္ဂြိဟ်ပြီးတဲ့နောက် သင်္ချိုင်းမှ “ပန်း, သစ်ခက် စသည်” ရရာတခုခုကို ပြန်ယူလာကြခြင်းများဟာ အချို့နေရာ မြန်မာလူမျိုး ရိုးရာဓလေ့ ဖြစ်ပါတယ်၊ တရုပ် လူမျိုးတွေကြတော့ ကွယ်လွန်သူအတွက် “ရွှေစက္ကူ ငွေစက္ကူ မီးရှို့ခြင်း, စက္ကူကား, စက္ကူအိမ်များ မီးရှို့ခြင်း”စသည်တို့ကို ပြုလုပ်ကြတယ်၊ ဂျပန်လူမျိုးတွေကြတော့ သင်္ချိုင်းမှ ပြန်လာသူတွေကို အိမ်ပေါက်ဝမှ ဆီး၍ ဆားနှင့် ပက်ကြပါတယ်။ ဒီပြုလုပ်မှုတွေဟာ လူမျိုးအလိုက် ရိုးရာဓလေ့ ထုံးစံတွေပါပဲ၊ အကျိုးအပြစ် လုံးဝမရှိပါဘူး။

သေသူ့တွက်တာ၊ စား ရေစာ၊ ထားကာ မူကျင့်တွေ။ 
သင်္ဂြိဟ်ပြီးလျှင်၊ အပြန်တွင်၊ ယူငင် ပန်းသစ်တွေ။ 
ကျိုးပြစ် မရှိ၊ လူမျိုး၏၊ ကျင့်သည့် အမူပေ။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers