Monday, April 8, 2013

သေကြောင်းကြံသည့် မဟာနာမ် ကံမြောက်,မမြောက် သိချင်ပြန်



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။   ။ဆရာတော်ဘုရား---

မင်းမဟာနာမ်၊ သေကြောင်းကြံ၊ ကြောင်းမှန် ဘယ်သို့နည်း?

မေး။ ။(ဃ) (၁) မဟာနာမ်မင်းကြီးဟာ သောတာပန်မှ သကဒါဂါမ်အထိ ဖြစ်နေပြီး, မြေးတော် ဝိဋဋူဘ မင်းသားနှင့် ပွဲတော်အတူ မတည်ချင်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည်မှာ အဘယ့်ကြောင့်ပါနည်း? (ပါဏာတိပါတကံ မြောက်ပါသလား?) 

(၂) အရိယာဖြစ်နေပါလျက် အဘယ့်ကြောင့် အဆင့်အတန်းခွဲခြားနေပါသနည်း?

ဖြေ။    ။(ဃ)။   ။(၁) မဟာနာမ်မင်းကြီးဟာ သောတာပန်မှ သကဒါဂါမ်အထိ ဖြစ်နေပြီး, မြေးတော် ဝိဋဋူဘ မင်းသားနှင့် ပွဲတော်အတူမတည်ချင်၍ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သည်မှာ ဝိဋဋူဘသည် မဟာနာမ်မင်းကြီး၏ နာဂမုဏ္ဍာ မည်သော ကျွန်မ၏ သမီး ဝါသဘခတ္တိယာမှ မွေးဖွားသော သားဖြစ်၍ မင်းတို့မည်သည် အသက်ကိုပင် စွန့်ရစေကာမူ ကျွန်မသားများနှင့် အတူတကွ ပွဲတော်တည်ခြင်း မရှိကြသောကြောင့် မင်းကြီးက “ဝိဋဋူဘသည် အတူတကွ မစားလျှင် သူ့ကို သတ်လိမ့်မည်၊ (ဝိဋဋူဘ သတ်လို့သေခြင်းထက်) မိမိအလိုလိုသာ သေရခြင်းက မြတ်သေး၏”ဟု ကြံစည်လျက် မိမိကိုယ်ကို သေကြောင်းကြံခြင်း ဖြစ်ပါသည်။

(ပါဏာတိပါတကံထမြောက်ရန် အင်္ဂါငါးပါးတွင် သူတပါး၏အသက်ကိုသတ်မှ ကံမြောက်သည်ဟု ပြဆိုရာတွင် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းလည်းဖြစ်, ကြံစည်တဲ့အတိုင်းလည်း အထမမြောက်သည်လည်း ဖြစ်ခြင်းတို့ကြောင့် ပါဏာတိပါတကံ မမြောက်ပါ။ ကြံစည်သည့်အတိုင်း အထမြောက်သည်တိုင်အောင် ပါဏာတိပါတကံ မမြောက်-ဟု ဆိုလိုသည်။)

(၂) လောကမှာ သေယျ- မြတ်သောပုဂ္ဂိုလ် (အထက်တန်းလွှာ), သဒိသ-တန်းတူဖြစ်သောပုဂ္ဂိုလ် (အလတ်တန်းလွှာ), ဟီန-အောက်တန်းကျသောပုဂ္ဂိုလ် (အောက်တန်းလွှာ) ဟု သုံးမျိုးရှိရာတွင် သေယျပုဂ္ဂိုလ်-ဆိုတာ မင်းနှင့် ရဟန်းတို့ဖြစ်၏၊ မင်းတို့မှာ “တိုင်းပြည်အားဖြင့်လည်းကောင်း, စီးပွါးဥစ္စာအားဖြင့်လည်းကောင်း, စစ်အင်အားဖြင့်သော်လည်းကောင်း ငါနှင့်တူသောသူ ဘယ်သူရှိမလဲ? ဟူ၍သော် လည်းကောင်း, ရဟန်းတို့ မှာ သီလဂုဏ် ဓုတင်ဂုဏ် စသည်တို့ဖြင့် ငါနှင့် တူသူ ဘယ်သူ ရှိမလဲ?”ဟူ၍သော် လည်းကောင်း ဤသို့ဖြစ်သော မာန်မျိုးကို “သေယျမာန-မြတ်သောသူတို့မှာ ဖြစ်သောမာန်”လို့ ခေါ်တယ်၊ ထိုမာန်မျိုးကို “ယာထာဝမာန-(မြတ်သောပုဂ္ဂိုလ်မှာ ငါ မြတ်တယ်-ဟု ယူဆသောကြောင့်) မှန်သောမာန်” ဖြစ်၍ အရဟတ္တမဂ်ဖြင့်သာ ပယ်သတ်နိုင်တယ်၊ အယာထာဝမာန်များ (မမှန်ကန်သောမာန်များ)ကိုတော့ သောတာပတ္တိမဂ်ဖြင့် ပယ်သတ်နိုင်တယ်၊ မဟာနာမ်မင်းကြီးမှာ သကဒါဂါမ်သာ ဖြစ်သေး၍ ယာထာဝမာန်ကို မပယ်နိုင်သေးသောကြောင့် “သခင်နှင့် ကျွန် -ဟု အဆင့်အတန်း ခွဲခြားမှု ရှိနေခြင်း”ဖြစ်ပါ သည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers