Tuesday, April 30, 2013

တူတူရေစက် ချလေသော် ဘ၀ဆက်တိုင်းနော်...



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ရေစက်ချ, ဆုံ၊ စကားစုံ၊ ကုန်လုံနက်လာ ရှင်းပြပါ။

မေး။ ။(ဇ) ရေစက်ချသဖြင့် ရေစက်ဆုံတာ ရှင်းပြပေးပါဘုရား။

ဖြေ။ ။(ဇ) ရေစက်ချသဖြင့် ရေစက်ဆုံတာတော့ မဟုတ်ဘူး၊ အတူတကွ စုပေါင်းလျက် ကုသိုလ်ကောင်းမှုပြုကြသူတွေဟာ ဖြစ်ရာဘဝများမှာ ပြန်လည်ဆုံစည်းတတ်တာကို ရည်၍ ရေစက်ဆုံတယ်-လို့ ပြောဆိုကြတာပါ၊ ပုံစံပြောရရင် “အရှင်ယသထေရ်အလောင်း အမှူးပြုတဲ့ အမျိုးကောင်းသား ငါးကျိပ်ငါးယောက်သော သူငယ်ချင်းတွေဟာ အသင်းဖွဲ့ပြီး ကောင်းမှုပြုကြရာ ဟိုဟိုဒီဒီ၌ လှည့်လည်ကြလျက် အားကိုးရာမဲ့ အလောင်းများကို မီးသင်္ဂြိဟ်ခြင်းစတဲ့ကောင်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်၊ (ယနေ့ခေတ် မြန်မာနိုင်ငံ နာရေးအသင်းများလို) တစ်နေ့မှာ ကိုယ်ဝန်ဆောင်မိန်းမအလောင်း မီး သင်္ဂြိဟ်ရာမှ အသုဘဘာဝနာ ရှုမှတ်နိုင်ခဲ့ကြပါတယ်၊ သူငယ်ချင်း ငါးကျိပ်ငါးယောက်တို့ဟာ အတူတကွ ပေါင်းစုပြုလုပ် ခဲ့ကြတဲ့ နာရေးကိစ္စ အသုဘရှု မြတ်ကောင်းမှု၏ပြည့်စုံ ခြင်းကြောင့်ပင် ငါတို့ဘုရားရှင် လက်ထက်တော်ဝယ် ရဟန«ာတွေ ဖြစ်ခဲ့ကြရတယ်"။

ရေစက်ဆုံမှုနှင့်ပတ်သက်၍ ဘုရားရှင်က နကုလမာတာနှင့် နကုလပိတာဇနီးမောင်နှံအား ဟောတော်မူခဲ့ဘူးပါတယ်၊ နကုလပိတာသူကြွယ်က ဘုရားရှင်အား “အရှင်ဘုရားæတပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြားလက်ထပ်ခဲ့သည်မှစ၍ ကိုယ်ဖြင့်မဆိုထားဘိ စိတ်မျှဖြင့်ပင် သူမကို သစ္စာမဲ့လျက် မကျင့်မိဘူးပါ၊ တပည့်တော်တို့သည် ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်လိုကြပါ၏၊ နောင်တမလွန်ဘဝမှာလည်း အချင်းချင်း ရှုမြင်လိုကြပါ၏”ဟု လျှောက်၏။

နကုလမာတာသူကြွယ်မကလည်း “အရှင်ဘုရားæနကုလပိတာသူကြွယ်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြာလက်ထပ်ခဲ့သည်ကစ၍ ကိုယ်ဖြင့်မဆိုထားဘိ စိတ်မျှဖြင့်ပင် သူကို သစ္စာမဲ့လျက် မကျင့်မိဘူးပါ၊ တပည့်တော်တို့သည် ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်လိုကြပါ၏၊ နောင်တမလွန်ဘဝမှာလည်း အချင်းချင်း ရှုမြင်လို ကြပါ၏”ဟု လျှောက်၏။

ဘုရားရှင်က “ဒါယကာတို့ ဇနီးမောင်နှံနှစ်ဦးဟာ ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်ကြရန်, တမလွန်ဘဝမှာ လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်မူ နှစ်ဦးလုံးတို့သည်---

သမသဒ္ဓါ-တူမျှသော သဒ္ဓါတရား ရှိကြရမယ်၊
သမသီလာ-တူမျှသော သီလရှိကြရမယ်၊
သမစာဂါ-တူမျှသော စွန့်ကြဲမှုရှိကြရမယ်၊
သမပညာ-တူမျှသော ပညာရှိကြရမယ်---

ဤလေးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံတို့သည် ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်ကြရ၏၊ နောင်တမလွန်ဘဝမှာလည်း အချင်းချင်း ရှုမြင်ကြရပါလိမ့်မည်”ဟု မိန့်တော်မူပါတယ်။ ဒီဒေသနာတော်ကိုထောက်လျှင် ဇနီးမောင်နှံဘဲဖြစ်ဖြစ်, ဆွေမျိုး မိတ်ဆွေသင်္ဂဟတွေဘဲ ဖြစ်ဖြစ် ‘တူမျှတဲ့သဒ္ဓွါ တူမျှတဲ့ သီလ, တူမျှတဲ့ စာဂ, တူမျှတဲ့ ပညာ- ဤလေးပါးနှင့်ပြည့်စုံကြပါမူ နောင်ဘဝမှာလဲ အချင်းချင်း ပြန်လည် ရေစက်ဆုံကြရပါလိမ့်မယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers