Monday, April 15, 2013

သတ္တ၀ါအစဟာ ဘယ်ချိန်ခါဟု ဘယ်သူလျှောက်ထားဘူး...?



အေးအေးလွင် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား---

သတ္တဝါဟူသမျှ၊ ဘယ်တုန်းက၊ အစ ဖြစ်ပေါ်လာ၊
ဘုရားရှင်အား၊ ထိုကြောင်းများ၊ လျှောက်ထား ဘယ်သူပါ။

(က) မြတ်စွာဘုရားအား သတ္တဝါတို့၏အစအကြောင်း၊ မည်သို့ဖြစ်ပေါ်လာသည်ကို မေးမြန်းလျှောက်ထားသူ ရှိခဲ့ပါသလားဘုရား?

(က) မြတ်စွာဘုရားအား သတ္တဝါတို့ရဲ့အစအကြောင်းကို မေးမြန်းလျှောက်ထားသူ မရှိခဲ့ပါ၊ သို့သော် မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် သံသရာနှင့်ပတ်သက်၍ ဘုရားရှင်သည် သာဝတ္ထိမြို့ကို ဆွမ်းခံရာအမှီပြု၍ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အနမတဂ္ဂသံယုတ်ပါဠိတော်မှာ အနမတဂ္ဂဒေသနာကို ဟောတော်မူခဲ့ပါတယ်-
“ရဟန်းတို့, ခန္ဓာ, အာယတန, ဓာတ်တို့၏ မပြတ်ဖြစ်ခြင်း- ဆိုတဲ့ ဤသံသရာသည် ဉာဏ်ဖြင့် အစဉ်လျှောက်၍သော်လည်း သိနိုင်သော အပိုင်းအခြားမရှိ၊ အဝိဇ္ဇာတည်းဟူသော အပိတ်အပင်သည် ဖုံးလွှမ်း, တဏှာတည်းဟူသော အနှောင်အဖွဲ့ (သံယောဇဉ်) သည် ဖွဲ့ချည်အပ်ကုန်လျက် ဤဘဝမှ ထိုဘဝသို့, ထိုဘဝမှ ဤဘဝသို့ ပြေးသွား၍ တပြောင်းပြန်ပြန် ကျင်လည်နေကြရသော သတ္တဝါတို့၏ ရှေးဖြစ်သောအစွန်း (အပိုင်းအခြား)သည် သဗ္ဗညုတဉာဏ်၌ပင် မထင်ပါ” ဟု ဟောတော်မူပါတယ်။

ခရစ်ယာန်ဘာသာ “ဧဝံဂေလိပုစ္ဆာ”ကို ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ဖြေဆိုတော်မူရာတွင်---
“အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော၊ ပုဗ္ဗာ ကောဋိ န ပညာယတိ အဝိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓွာဝတံ သံသရတံ။” (အနမတဂ္ဂိယသံယုတ်ပါဠိတော်)

ဘိက္ခဝေ-ရဟန်းတို့၊ အယံ သံသာရော- ဤသံသရာကြီးသည်၊ အနမတဂ္ဂေါ-အစမရှိ၊ အဝိဇ္ဇာနီဝရဏာနံ- အဝိဇ္ဇာနီဝရဏ ရှိနေကြကုန်သော၊ တဏှာသံယောဇနာနံ-တဏှာသံယောဇဉ် ရှိနေကြကုန်သော၊ သန္ဓွာဝတံ (သန္ဓွာဝန္တာနံ)-တဘဝမှသည် တဘဝသို့ ပြေးသွား၍နေကြကုန်သော၊ သံသရတံ (သံသရန္တာနံ)-တဘဝမှသည် တဘဝသို့ ကျင်လည်နေကြကုန်သော၊ သတ္တာနံ-သတ္တဝါတို့အား၊ ပုဗ္ဗာ ကောဋိ-ရှေ့အစွန်းသည်၊ န ပညာယတိ- သဗ္ဗညုတဉာဏ်၌ပင် မထင်လေ။ (ဤကားအနက်)

ဤပါဠိတော်၌ သဗ္ဗညုတဉာဏ်တော်မည်သည် အလုံးစုံသောအရာမျိုးကို အကြွင်းအကျန်မရှိ သိတော်မူ၏၊ ထို့ကြောင့် န ပညာယတိ-သဗ္ဗညုတဉာဏ်၌ မထင်လေ-ဟူ၍ ဆိုသဖြင့် ထိုပုဗ္ဗကောဋိ-ဆိုသော ရှေ့အစွန်းသည် မရှိ၍ မထင်သည်၊ မထင်သောကြောင့် မရှိပြီ-ဟု အမှန်သိအပ်၏။ ဤအနမတဂ္ဂိယသုတ်ပါဠိတော်ကို ထောက်၍ “သံသရာသည်လည်း အစမရှိ၊ ကမ္ဘာသည်လည်း အစမရှိ၊ သတ္တဝါသည်လည်း အစမရှိ-ဟု ဗုဒ္ဓွဘာသာပညာရှိကြီး အဆက်ဆက်တို့ ယူရိုးယူစဉ်, ပြောရိုးပြောစဉ် ဖြစ်၏၊ ထိုတွင် သံသရာဆိုသည်ကား အသက်ရှိကြသော သတ္တဝါခန္ဓွာတို့၏ တဘုံမှသည် တဘုံ, တဘဝမှသည် တဘဝသို့ ပြောင်းရွှေ့ကျင်လည်၍ နေကြရသည်ကို ‘သံသရာ’ဟု ဆို၏။

ထို့ကြောင့် သံသရာသည် အစမရှိ-ဟု ဆိုသဖြင့် ကမ္ဘာလည်း အစမရှိ၊ သတ္တဝါလည်း အစမရှိဟု ဆိုခြင်းကိစ္စ ပြီး၏”လို့ ဖြေဆိုတော်မူခဲ့ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers