Friday, April 5, 2013

အာပတ်နဲ့နော် တရားတော် ရနိုင်မရနိုင် ဖြေပါနော်...?



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းများမှာ---


မေး။  ။ ဆရာတော်ဘုရား---

အာပတ်မဖြေ၊ တရားတွေ၊ ကြိုးလေ အားထုတ်ရာ၊
တရားမရ၊ ကြောင်းကျိုးဆ၊ ဖြေပြတော်မူပါ။

မေး။ ။(က) ရဟန်းတော်များသည် အမျိုးသမီးများနှင့် တစ်မိုးတစ်ရံထဲမှာ မအိပ်ကောင်း / အိပ်လျှင် ပါစိတ်အာပတ် သင့်သည်၊ အာပတ်မဖြေမိလျှင် တရားအားထုတ်ပါသော်လည်း မဂ်ဖိုလ်မရနိုင်ကြောင်း- တရားတော်တစ်ခု၌ နာကြားရပါသည်၊ ပြည့်စုံစွာ ဖြေကြားပေးတော် မူပါဘုရား။

ဖြေ။  ။ ခင်ခင်ဟန်၏ မေးခွန်းများနှင့် ပတ်သက်၍---
(က) ရဟန်းတော်များသည် အမျိုးသမီးများနှင့် တစ်မိုးတစ်ရံထဲမှာ မအိပ်ကောင်း/ အိပ်လျှင် ပါစိတ်အာပတ် သင့်သည်၊ အာပတ်မဖြေမိလျှင် တရားအားထုတ်ပါသော်လည်း မဂ်ဖိုလ်မရနိုင်ကြောင်း- ဟောကြားသောတရားနှင့် ပတ်သက်၍ မိမိသင့်ရောက်သော အာပတ်ကို ဖုံးကွယ်လိုစိတ်မရှိ, အကြောင်းသင့်တဲ့အခါ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်ရဲ့အထံ၌ အာပတ်ဖြေမည်ဟု စင်ကြယ်လိုသော စိတ်ရှိပြီး သင့်ထားတဲ့ အာပတ်အပေါ်မှာ ဝိပ္ပဋိသာရမဖြစ်လျှင် တရားအားထုတ်ပါက မဂ်ဖိုလ်ရနိုင်ပါတယ်။

အမှန်တော့ အာပတ်ကြောင့် တရားမရတာ မဟုတ်ပဲ သင့်ထားတဲ့အာပတ်ကို ဖုံးကွယ်လိုမှု, မကုစားရသေးတဲ့ အာပတ်ကို အမှီပြု၍ နှလုံး မသာယာမှု (ဝိပ္ပဋိသာရ)ဖြစ်တတ်၏၊ ထိုနှလုံးမသာယာမှုကို အကြောင်းခံလျက် ပါမောဇ္ဇ (ဝမ်းမြောက်မှု အနုစား ပီတိ) မဖြစ်နိုင်, ပါမောဇ္ဇ မဖြစ်လျှင် ပီတိ (အရင့်စားပီတိ) မဖြစ်နိုင်, ပီတိမဖြစ်လျှင် ပဿဒ္ဓိ (ကိုယ်စိတ်ငြိမ်းအေးမှု) မဖြစ်နိုင်, ပဿဒ္ဓိမဖြစ်လျှင် သုခ(ကိုယ်စိတ်ချမ်းသာမှု) မဖြစ်နိုင်, သုခမဖြစ်လျှင် သမာဓိမရ, သမာဓိမရလျှင် ယထာဘူတ (လမ်းမှန် ကျအောင်) မသိ, ယထာဘူတ မသိလျှင် ဈာန်မဂ်ဖိုလ်ကို မရနိုင်။

ဒါကြောင့် သင့်ရောက်မိတဲ့ အာပတ်အပေါ်ဝယ် ဝိပ္ပဋိသာရ မဖြစ်ဖို့ လိုတယ်။

သံဃနာယကဥက္ကဋ္ဌ, ဗန်းမော်ဆရာတော် ဘုရားကြီးက “မဂ်ဖိုလ် နိဗ္ဗာန်ရပြီးမှ ကုစားသည့် ထုံးကို ဘေဒါနုဝတ္တကသိက္ခာပုဒ်လာ ရဟန်းတော်များ မဂ်ဖိုလ်နိဗ္ဗာန် ရပြီးမှ အာပတ်ကုစားသည့်ထုံးကို နှလုံးမူရာ၏”ဟု ဓမ္မရသ စာတမ်းများ (၁၆)၌ မိန့်တော်မူပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers