Tuesday, April 9, 2013

ဗုဒ္ဓဘုရားရှင် နိဗ္ဗာန်ဝင် သက်တမ်းမည်သို့ ဖြစ်မည်ထင်...?



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား---

ဘုရားရှင်မှာ၊ ဓမ္မတာ၊ ဆိုလာကျမ်းအရ၊
သက်တော်ငါးပုံ၊ ချန်တစ်ပုံ၊ လေးပုံသာ နေရ၊
ကဿပမြတ်စွာ၊ သက်ပြည့်သာ၊ နေရှာတော်မူပ၊
အဆိုနှစ်ပါး၊ မညီငြား၊ ကြောင်းကား ရှင်းကာပြ။

မေး။ ။(င) ကဿပဘုရားရှင်သည် အနှစ် ၂ဝ,ဝဝဝ တန်းမှာ ၂ဝ,ဝဝဝ-ထိ သက်တမ်းပြည့် နေပြီးမှ နိဗ္ဗာန်စံဝင်သည်ဟု တရားတော်တစ်ပုဒ်မှာ နာကြားရပါသည်ဘုရား၊ ဂေါတမမြတ်စွာဘုရားသည် အနှစ် တစ်ရာတမ်းမှာ ၈ဝ-အထိသာ နေရပြီး နိဗ္ဗာန်စံဝင်သည်၊ ဥတုနှင့် အာဟာရကြောင့် ဖြစ်တယ်-ဟု ဟောကြားထားပါသည်။ ဘုရားရှင်တွေဟာ သက်တမ်းပြည့်ထိ မနေဘဲ () သက်တော်အထိသာ နေပြီး နိဗ္ဗာန်ဝင်ကြသည်-ဆိုသော အချက်နှင့်မညီ ဖြစ်နေပါသည်၊ ရှင်းလင်းဖြေကြားပေးတော်မူပါအရှင်ဘုရား။

ဖြေ။ ။(င) ကဿပဘုရားရှင်သည် အနှစ် ၂ဝ,ဝဝဝ တန်းမှာ ၂ဝ,ဝဝဝ-ထိ သက်တမ်းပြည့် နေပြီးမှ နိဗ္ဗာန်စံဝင် သည်ဟု တရားတော်တစ်ပုဒ်မှာ နာကြားရတယ်- ဆိုတာက တရားဟောတဲ့ပုဂ္ဂိုလ်က-ဗုဒ္ဓဝံသပါဠိတော် ကဿပဗုဒ္ဓဝံသ, ဂါထာ နံပါတ် (၄၂)မှာ “ဝီသတိဝဿသဟဿာနိ၊ အာယု တဿ မဟေသိနော။ တာဝတာ တိဋ္ဌမာနော သော၊ တာရေသိ ဇနတံ ဗဟုံ ။

အရလည်းကောင်း, မဇ္ဈိမနိကာယ် မူလပဏ္ဏာသအဋ္ဌကထာ (မ၊ ဋ္ဌ၊ ၂၊ ၂၉)မှာ လာတဲ့ “ကဿပသမ္မာသမ္ဗုဒ္ဓေါ ဝီသတိဝဿသဟဿာနိ ဌတွာ ပရိနိဗ္ဗုတော” စကားအရလည်းကောင်း---

ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ် နှစ်သောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏”ဟူသော ပါဠိတော် တိုက်ရိုက်မြန်မာပြန်ကို ကြည့်၍ ဟောခြင်းဖြစ်ဟန်တူပါတယ်၊ အမှန်ကတော့ ဘုရားရှင်တို့၏ အာယုပရိစ္ဆေဒ (အသက်အပိုင်းအခြား) ဓမ္မတာမှာ သက်တမ်းတော်၏ ၅-ပုံတွင် ၄-ပုံသာ နေတော်မူ၍ ပရိနိဗ္ဗာန်ပြုကြကြောင်းကို သုတ်မဟာဝါအဋ္ဌကထာ မဟာပဒါနသုတ် အာယုပရိစ္ဆေဒအဖွင့်စသည်၌---

“ဣမသ္မိံ တာဝ ကပ္ပေ ကကုသန္ဓော ဘဂဝါ စတ္တာလီသဝဿသဟဿာယုကကာလေ နိဗ္ဗတ္တော၊ အာယုပ္ပမာဏံ ပဉ္စ ကောဋ္ဌာသေ ကတွာ စတ္တာရိ ဌတွာ ပဉ္စမေ ဝိဇ္ဇာမာနေယေဝ ပရိနိဗ္ဗုတော။ တံ အာယု ပရိဟာယမာနံ ဒသဝဿကာလံ ပတွာ ပုန ဝဍ္ဎမာနံ အသင်္ချေယျံ ဟုတွာ တတော ပရိဟာယမာနံ တိံသဝဿသဟဿကာလေ ဌိတံ၊ တဒါ ကောဏာဂမနော ဘဂဝါ နိဗ္ဗတ္တော။ တသ္မိမ္ပိ တထေဝ ပရိနိဗ္ဗုတေ တံ အာယု ဒသဝဿကာလံ ပတွာ ပုန ဝဍ္ဎမာနံ အသင်္ချေယျံ ဟုတွာ ပရိဟာယိတွာ ဝီသတိဝဿသဟဿကာလေ ဌိတံ၊ တဒါ ကဿပေါ ဘဂဝါ နိဗ္ဗတ္တော။ တသ္မိမ္ပိ တထေဝ ပရိနိဗ္ဗုတေ တံ အာယု ဒသဝဿကာလံ ပတွာ ပုန ဝဍ္ဎမာနံ အသင်္ချေယျံ ဟုတွာ ပရိဟာယိတွာ ဝဿသတကာလံ ပတ္တံ၊ အထ အမှာကံ သမ္မာသမ္ဗုဒ္ဓေါ နိဗ္ဗတ္တော။

ဤဘဒ္ဒကမ္ဘာမှာ ---
ကကုသန်ဘုရားရှင်သည် အနှစ် ၄-သောင်းသက်တမ်း၌ ပွင့်တော်မူ၍ အသက်အပိုင်းအခြားကို ငါးပုံပုံကာ လေးပုံတို့ပတ်လုံး တည်တော်မူပြီး ငါးခုမြောက် အပုံသည် ထင်ရှားရှိနေစဉ်ပင် ပရိနိဗ္ဗာန်စံတော်မူပြီ၊ ---

အနှစ် သုံးသောင်းသက်တမ်း၌ ပွင့်တော်မူသော ကောဏာဂုမ်ဘုရားရှင်သည်လည်း အသက်တမ်းကို ငါးပုံပုံ၍ တစ်ပုံအကျန်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ရပြီ။ ---

အနှစ်နှစ်သောင်း သက်တမ်း၌ ပွင့်တော်မူသော ကဿပဘုရားရှင်သည်လည်း အသက်တမ်းကို ငါးပုံပုံ၍ တစ်ပုံအကျန်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။---

ဟု လာရှိသောကြောင့် ကဿပဘုရားရှင်သည် အနှစ် နှစ်သောင်းသက်တမ်းမှာ ပွင့်တော်မူသော်လည်း သက်တော် တစ်သောင်းခြောက်ထောင်၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်၊ ငါတို့ ဂေါတမဘုရားရှင်သည် နှစ်တစ်ရာသက်တမ်း၌ ပွင့်တော်မူသော်လည်း သက်တော် ရှစ်ဆယ်၌ ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့ရသည်မှာလည်း ဥတုနှင့် အာဟာရကြောင့် သက်တစ်ရာတမ်းတွင် ငါးပုံပုံ၍ တစ်ပုံလျော့၍ လေးပုံသာ တည်နေ ခဲ့ရ၏ဟု ဆိုလိုသည် မဟုတ်ပါ၊ ထိုအခါက လူတို့၏သက်တမ်းမှာ ဥတု အာဟာရကြောင့် သက်တမ်းဆုတ်ယုတ်သည့် ကာလ အနှစ်တစ်ရာ သက်တမ်း-ဟု ဆိုလိုခြင်းဖြစ်၏၊ ဒါ့ကြောင့် ဘုရားရှင်တို့၏ဓမ္မတာအရ သက်တမ်း၏ ငါးပုံပုံ၍ လေးပုံသာ နေတော်မူကြကြောင်းကို ယုံမှားကင်းစွာ မှတ်ယူပါလေ။

ဥပါဒိန္နကသရီရံ နာမ ခဏ္ဍိစ္စာဒီဟိ အဘိဘုယျတိ၊ ဗုဒ္ဓါ စ ခဏ္ဍိစ္စာဒိဘာဝံ အပ္ပတွာ ပဉ္စမေ အာယုကောဋ္ဌာသေ ဗဟုဇနဿ ပိယမနာပကာလေယေဝ ပရိနိဗ္ဗာယန္တိ။ (အံ၊ ဋ္ဌ၊ ၃၊ အဋ္ဌကနိပါတ၊ ဘူမိစာလသုတ္တဝဏ္ဏနာ၊ ၂၄၇။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers