Thursday, April 4, 2013

ကျန်းမာရေးတွက် သေရည်စွက် သိက္ခာပျက်, မပျက်...?



ဒေါ်သန်းနွဲ့ (စက်မှု၊ ၁) တောင်သာရဲ့ လျှောက်ထားသော မေးခွန်းမှာ--- 


သားသ္မီးမျက်နှာ၊ မြင်သောခါ၊ ကျန်းမာရေးတွက်တာ၊
သင့်လျော်ဆေးခွက်၊ သေအရက်၊ ထည့်စွက် (တွဲဖက်)သောက်ရပါ
ပြစ်ရှိ, မရှိ၊ သိလိုဘိ၊ မိန့်ရှိကျမ်းအလာ။

အမေး။ ။(ဂ) တပည့်တော်တို့သည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ ဖြစ်ငြားသော်လည်း အချို့အချို့သော အမျိုးသမီး၌ သားသမီးမျက်နှာမြင် ဖွားမြောက်ပြီးသောအခါ၌ (သည်းခံပါဘုရား) အချိန်ကာလ အပိုင်းအခြားအထိ မိမိ၏ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ပါက သင့်လျော်ရာဆေးနှင့် တွဲဖက်ပြီး အရက်သေစာကို သောက်ဆေး လူးဆေးအဖြစ် သုံးစွဲကြပါသည်ဘုရား။

ဘုရားရှင်ဟောကြားထားသော ကံငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ထိုသုရာမေရယကို သုံးစွဲခြင်းဖြင့် အပါယ်ငရဲကို ကျရောက်နိုင်သည်အထိ အပြစ်ကြီးပါသလားဘုရား? အဘယ်တရားဖြင့် ထိုအပြစ်မှ ကင်းလွတ်နိုင် ပါသလဲဘုရား? ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။

အဖြေ။ ။(ဂ) အရက်ကို ဆေး၌ အနည်းငယ်ရောစွက်၍ အရက်နံ့ပျောက်လျှင် ဆေးဟူသောအမှတ်ဖြင့် သောက်ပါက အပြစ်မရှိပါ၊ အရက်ကို သူ့အတိုင်း လူးဆေးအဖြစ် သုံးနိုင်ပါတယ်၊ ကျန်းမာရေးနှင့်ပတ်သက်၍ သင့်လျော်ရာဆေးနှင့် တွဲဖက်၍ အရက်သေစာကို သောက်ဆေးအဖြစ်သုံးစွဲရာတွင် အရက်နံ့, အရက်အရသာ ရှိနေပါက သုရာမေရယသိက္ခာပုဒ် ပျက်ပါလိမ့်မည်၊ အရက်ကို အရက်အတိုင်း ဆေးအဖြစ်သောက်လျှင်တော့ ဆိုဖွယ်ရာမရှိ ဧကန် သုရာမေရယသိက္ခာ ပုဒ်ပျက်၍ အကုသိုလ်ဖြစ်ပါတယ်။

ဘုရားရှင်ဟောကြားထားသော ကံငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ထိုသုရာမေရယကို သုံးစွဲခြင်းဖြင့် အပါယ်ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံကို ကျရောက်နိုင်ပါတယ်၊ သေရည်အရက်ကိုသောက်ခြင်း၏ အပေါ့ဆုံး အသေးငယ်ဆုံး အကျိုးမှာ ရူးသွပ်ခြင်းကို ဖြစ်စေတတ်ပါတယ်၊ အရက်သေစာသောက်စားခြင်းကို အမှီပြု၍ အခြားအကုသိုလ်ကံများကို မလွန်ကျူးသေးပါက ထိုသောက်စားခြင်းမှ ရှောင်ကြဉ်လျက် သမထ ဝိပဿနာတရား ရှုမှတ်ခြင်းဖြင့် ထိုအပြစ်မှ ကင်းလွတ်နိုင်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers