Thursday, April 18, 2013

မာရ်နတ်နှောက်ယှက် ဘယ့်အတွက် အကျိုးမည်သို့ထွက်...?




အမည်မသိသူ လျှောက်ထားသောမေးခွန်းမှာ---


မေး။ ။ အရှင်ဘုရား---

သတ္တဝါများ၊ ကျွတ်တရား၊ ရငြားမရှိအောင်၊
မာရ်နတ်ပေါင်းပါ၊ ဘယ်ကြောင်းရာ၊ နှောင့်ရှာကြသနည်း?

(က) သတ္တဝါများ အကျွတ်တရား မရပါက မာရ်နတ်နှင့် အပေါင်းပါများ မည်သည့်အကျိုးစီးပွါး ရနိုင်၍ ၄င်းတို့က သတ္တဝါများ တရားမရနိုင်စေရန် နှောင့်ယှက်နေပါသလဲဘုရား?

ဖြေ။ ။(က) “မာရော မဟာနုဘာဝေါ ဆကာမာဝစရိဿရော ဝသဝတ္တီ (ပါရာဇိကဏ်အဋ္ဌကထာ၊ ၁၊ ၉၈) အရ မာရ်နတ်သည် တန်ခိုးအာနုဘော်ကြီး၏၊ ကာမာဝစရနတ်ပြည် ၆-ထပ်ကို အစိုးရ၏၊ မိမိအလိုသို့ လိုက်စေနိုင်၏”-လို့ ဆိုရာတွင် သိကြားမင်း, သုယာမနတ်မင်း စတဲ့ နတ်မင်းတို့ကဲ့သို့ မိမိတို့ဆိုင်ရာ နတ်ပြည်များကို ပိုင်စိုးတဲ့ အစိုးရခြင်းမျိုး မဟုတ်ပဲ ထိုထိုနတ်များကို ပူးဝင်နိုင်ခြင်း, တခါတရံ ဒမြ (ဓားပြ) သူပုန်တို့ကဲ့သို့ မတရားအာဏာပြခြင်းအားဖြင့် သူ့အလို လိုက်စေနိုင်တဲ့ အစိုးရခြင်းကို ပြုလုပ်နိုင်ပါတယ် ၊ ဝိပလ္လာသတရား လုံးဝ မကင်းသေးတဲ့ အရှင်အာနန္ဒာ မထေရ် စသည် ပုဂ္ဂိုလ် တို့ကိုပင် လှည့်ပတ်နိုင်ပါသေးတယ်၊ မာရ်နတ်ဟာ သူကိုယ်သူ ကာမဘုံများကို စိုးပိုင်သူ-လို့ ယူဆကာ ကာမဘုံမှ ထွက်မြောက်ဖို့ ကျင့်ကြံနေသူတွေကို မလိုလားပါ၊ သူ့ရဲ့ ကြုံးဝါးသံက “သမဏ တွံ မမ ဝိသယတော န မုစ္စိဿသိ - ရဟန်း, သင်ကား ငါ့ပိုင်နက်မှ လွတ်လိမ့်မည်မဟုတ်" တဲ့၊ ဒါ့ကြောင့် တရားကျင့်ကြံ အားထုတ်နေသူတွေကို နှောင့်ယှက်နေတာပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers