Tuesday, April 16, 2013

အတိမာနတရားဟာ ဗြဟ္မာတွေမှာ ရှိသေးလား...?



အေးအေးလွင် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား---

ဗြဟ္မာတွေက၊ မာန်မာန၊ ပယ်ကြ မရှိသေး၊
ဗြဟ္မစိုရ်လေးဝ၊ ပြည့်စုံကြလျက်၊
မာနကြီးပါ၊ ဟောပြောတာ၊ ကျမ်းလာ ရှင်းပြပေး။

မေး။ ။(ဂ) ဗြဟ္မာများသည် မာနကို မပယ်ကြသေး၍ အလွန်မာနကြီးကြသည်-ဟု ဆရာတော်တပါး၏ ဟောကြားသည့် တရားကို နာခဲ့ရပါသည်၊ ဗြဟ္မစိုရ်တရားလေးပါးနှင့်နေသူများဖြစ်ကြ၍ အလွန်မာနကြီးသည်-ဆိုသည်မှာ ဖြစ်နိုင်ပါသလားဘုရား?

ဖြေ။ ။(ဂ) ဗြဟ္မာများသည် မာနကို မပယ်ကြသေး၍ အကြောင်းအားလျော်စွာ မာနဖြစ်တတ်ကြသော်လည်း မာန မပယ်ကြသေးသော ဗြဟ္မာတိုင်းတော့ အလွန်မာနကြီးကြလိမ့်မည် မဟုတ်ပါ၊ အချို့ဗြဟ္မာများ မာနတက်မှုကလည်း သဿတဝါဒကို တရားသေစွဲယူထားမှုကြောင့် ဖြစ်ပါတယ်။ 

ဥပမာ---
ဗကဗြဟ္မာကြီးဟာ “ဗြဟ္မဘဝ ဗြဟ္မလောကသည် မြဲမြံခိုင်ခံ့ တည်တံ့၏၊ ဗြဟ္မလောက၌ ပဋိသန္ဓွေနေသူ, အိုသူ, သေသူမရှိ၊ ဗြဟ္မလောကမှတပါး လွတ်မြောက်ရာ နိဗ္ဗာန်မရှိ” ဟု သဿတဝါဒကို တရားသေ စွဲကိုင်ထားသူ အတ္တသမားဖြစ်တယ်၊ စကြဝဠာတစ်ထောင်အတွင်း တန်ခိုးအာဏာ ပျံ့နှံ့သူလည်း ဖြစ်တယ်၊ သူ့ထက် တန်ခိုးအာဏာကြီးမားသူ, စကြဝဠာနှစ်သောင်း, သုံးသောင်းအတွင်း တန်ခိုး အာဏာပျံ့နှံ့သော ဗြဟ္မာများရှိနေသည်ကို မသိသဖြင့် ‘၄-တောင်လုံကွင်းဖြင့် တောင်ရှည်ပုဆိုးကို တုနှိုင်းဖက်ပြိုင် သကဲ့သို့ သူသာလျှင် တန်ခိုးအာဏာကြီးမားသူ’-ဟု မာနတက်နေသူဖြစ်ပါတယ်။ ဘုရားရှင် ဗြဟ္မာပြည်သို့ ကြွတော်မူကာ ဗကဗြဟ္မာကြီး၏သဿတဝါဒကို အပြစ်ပြကာ ပယ်စွန့်စေလျက် နောက်ဆုံး ကိုယ်ရောင်ဖျောက် (တူတူပုန်း) တန်ခိုးပြိုင်ရာမှာလည်း ဗကဗြဟ္မာကြီးဟာ အရှုံးကြီးရှုံးခဲ့ရပါတယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers