Monday, April 22, 2013

လူသားယောက်ျား သေသော်ကား နတ်သားနတ်သမီးလား---?



Hla Tun (Daly City) လျှောက်ထားသော မေးခွန်းများမှာ--- 


လူယောက်ျားဟာ၊ နတ်သားသာ၊ ဖြစ်ရာ ပါသလား?
နတ်သမီးကော၊ ကြောင်းကျိုးနှော၊ ဖြစ်သော ဆိုသလား?

မေး။ ။(ဆ) ယောက်ျားက နတ်သားဘဲ ဖြစ်ပါသလား? နတ်သမီးရော ဖြစ်ပါသလားဘုရား?

ဖြေ။ ။(ဆ) နိဒါနဝဂ္ဂသံယုတ် ပါဠိတော် မာတုသုတ်စသည်တို့အရ “အစမထင် သံသရာတစ်ခွင်ဝယ် မိခင်, ဖခင်, အကို, ညီ, အမ, နှမ, သား သမီး မဖြစ်ဖူးသောသူမည်သည် မရှိ-ဟု ဘုရားရှင် မိန့်တော်မူပါတယ် ၊ ယင်းဋီကာအရလည်း သံသရာ၌ ကျင်လည်ကြစဉ်မှာ ဒီလူက ယောက်ျားဘဝ၌သာ ဖြစ်ရမည်၊ ဟိုလူကတော့ မိန်းမဘဝ၌သာ ဖြစ်ရမည်-ဟု လိင်သတ်မှတ်ချက် (လိင်္ဂနိယမ)မရှိ”- ဟု ဖွင့်ဆိုပါတယ်၊ ပါထိကဝဂ္ဂအဋ္ဌကထာ, ဋီကာ အဂ္ဂညသုတ်အဖွင့်တို့အရ “ယောက်ျားတစ်ဦး အနေနဲ့ မိန်းမဖြစ်လိုခြင်း (မိန်းမဘဝကိုနှစ်သက်ခြင်း တပ်မက်ခြင်း)ကြောင့် နောင်ဘဝ၌ မိန်းမဖြစ်ရခြင်း, ကာမေသု မိစ္ဆာစာရကံ၏အကျိုးဆက်အားဖြင့် မိန်းမဖြစ်ရခြင်း-ဟု နှစ်မျိုးရှိ၏၊ မိန်းမအနေနဲ့လည်း ယောက်ျား ဘဝကိုရလိုလျှင် “မိမိကိုယ်ကို အစိုးမရခြင်း, အမြဲတမ်းလို သူတပါးကို အားကိုးနေရခြင်း, ဥတုပန်းပွင့်ရခြင်း, ကိုယ်ဝန်ဆောင်ရခြင်း, ရဲရင့်မှုမရှိခြင်း, မိန်းမဘဝ၌ စကြာမင်း, သိကြားမင်း, မာရ်နတ်မင်း, ဗြဟ္မာမင်း, ပစ္စေကဗုဒ္ဓွါ, သမ္မာသမ္ဗုဒ္ဓွဘုရားမဖြစ်နိုင်ခြင်း” စသော မိန်းမဘဝ၏အပြစ်ကို ဆင်ခြင်လျက် ယောက်ျားဘဝကိုလိုလားတောင့်တကာ ကောင်းမှုများပြုလုပ်ခြင်းဖြင့် ယောက်ျားဖြစ်နိုင်ခြင်း” ဟု လာရှိပါတယ် ။

အရှင်အာနန္ဒာအလောင်း ကုဋေ ၈ဝ-ကြွယ်ဝသည့် သူဌေးသားဖြစ်စဉ်က ဒါန သီလစသော ကုသိုလ်ကောင်းမှု များစွာ ပြုလုပ်ခဲ့သောကြောင့် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏အလုပ်အကျွေး နတ်သမီးဘဝ ၄-ကြိမ်, တာဝ တိံသာနတ်ပြည်၌ပင် ဇဝနနတ်သား၏အဂ္ဂမဟေသီ နတ်မိဖုရားဖြစ်ကြောင်း (ဇာ၊ ဋ္ဌ၊ ၇၊ ၁၁၄-၆၊ ၁၃ဝ-၁-၂။ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် အတွဲ ၈၊ ၂၈၆)၌ လာရှိတယ်။

သာကီဝင်မင်းသမီး ဂေါပိကာသည် ရဟန်းတော်တို့အား ဆွမ်းကျွေး လှူဒါန်းပြီး သီလဆောက်တည် ဝတ်ကြီးဝတ်ငယ်ပြုကာ ယောက်ျားဘဝ တောင့်တခဲ့သဖြင့် တာဝတိံသာနတ်ပြည် သိကြားမင်း၏ သားတော် ဂေါပကနတ်သား ဖြစ်ခဲ့ကြောင်း (ဒီ၊ ၂၊ ၂၁၆။ ဒီ၊ ဋ္ဌ၊ ၂၊ ၂၉၈)၌ လာရှိတယ်။ ဒါ့ကြောင့် ယောက်ျားက နတ်သားရော နတ်သမီးပါ ဖြစ်နိုင်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers