Saturday, April 6, 2013

လေးဆူဓာတ်ပုံ ရွှေတိဂုံ တကယ်ဟုတ်,မဟုတ် ဖြေဆိုပုံ



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား---

လေးဆူဘုရား၊ ဓာတ်တော်များ၊ သွင်းထား ဌာပနာ၊
ရွှေတိဂုံစေတီ၊ သမိုင်းသည်၊ ပြောပြီ စဉ်အလာ၊
ကျမ်းဂန်အရ၊ ထောက်ခါဆ၊ ဖြေပြတော်မူပါ။

မေး။ ။(ဂ) အရှင်သုမင်္ဂလ (ဒယ်အိုးဆရာတော်) ဟောကြားသောတရားတော်ထဲတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံဟု ခေါ်ဆိုသော ရွှေတိဂုံဘုရား၌ ဘုရားလေးဆူတို့၏ဓာတ်တော်များ ရှိသည်ဆိုသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ဘုရားရှင်တို့၏ ဓာတ်တော်တို့မှာ အလွန်တန်ခိုးကြီး၍ ကမ္ဘာမြေကြီးသည် ဘုရားတစ်ဆူ၏ဓာတ်တော်မှ ပို၍ မထမ်းနိုင်ကြောင်း နာကြားရပါသည်ဘုရား၊ ကျိုးကြောင်းပြ၍ ဖြေဆိုပေးတော်မူပါဘုရား။

ဖြေ။ ။(ဂ)ရွှေတိဂုံဘုရား၌ ဘုရားလေးဆူတို့၏ဓာတ်တော်များ ရှိသည်ဆိုသောစကားနှင့် ပတ်သက်၍ စဉ်းစားဖွယ်ရာ အမှန်ပင် ဖြစ်ပါတယ်။ မိလိန္ဒမင်းကြီးက “အရှင်ဘုရား နာဂသေန ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူခြင်းဖြင့်လည်း ဤလောကသည် ဤမျှလောက် ပြောင်ပြောင်တောက်သော တရားအရောင်အလင်း ဖြစ်ပေါ်ချေသေး၏၊ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့၊ ဘုရားနှစ်ဆူတို့၏ တရားအရောင်အလင်းဖြင့် ဤလောကသည် အတိုင်း ထက်အလွန် တရားအရောင်အလင်း ဖြစ်ရာပါ၏၊ ဆုံးမတော်မူကုန်သည်ရှိသော် နှစ်ဆူသောဘုရားတို့သည် ချမ်းသာစွာ ဆုံးမတော်မူကုန်ရာပါ၏၊ သွန်သင်တော်မူကုန်သည်ရှိသော် ချမ်းသာစွာ သွန်သင်တော်မူကုန်ရာပါ၏၊ အကြင်အခြင်း အရာဖြင့် အကျွန်ုပ်သည် ယုံမှားကင်းသည် ဖြစ်ရာ၏၊ ထိုစကား၌ အကျွန်ုပ်အား အကြောင်းကို ဟောတော်မူပါလော့”ဟု လျှောက်ရာတွင်…

အရှင်နာဂသေနမထေရ်က “မင်းမြတ် ဤတစ်သောင်းသော လောကဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်၏၊ ဘုရားတစ်ဆူ၏ ဂုဏ်ကိုသာ ဆောင်နိုင်၏၊ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့၊ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ, လှုပ်ရာ၏, တုန်ရာ၏, နိမ့်ရှိုင်းရာ၏, ညွတ်ကိုင်း ရာ၏, ယိမ်းယိုင်ရာ၏, ဖရိုဖရဲ ဖြစ်ရာ၏, လွင့်ကျရာ၏, ပျက်စီးရာ၏, မိမိတည်နေရာ အတိုင်း မကပ်ရောက်နိုင်ပေရာ။

မင်းမြတ် ဥပမာ, လှေသည် ယောက်ျားတစ်ယောက်ကိုသာ ဆောင်နိုင်ရာ၏၊ တစ်ယောက်သော ယောက်ျား သည် တက်စီးသည်ရှိသော် ထိုလှေသည် ရေနှင့် ညီမျှရာ၏၊ အသက်အရွယ်, အဆင်းသဏ္ဌာန်, အပိန် အဝ, အလုံးစုံသော အင်္ဂါကြီးငယ်တို့ဖြင့် ထိုပဌမယောက်ျားနှင့်တူသော   နှစ်ယောက်မြောက် ယောက်ျားသည် လာ၍ ထိုလှေကို တက်စီးငြားအံ့၊ ထိုလှေသည် ယောက်ျားနှစ်ယောက်တို့ကို   ဆောင်နိုင်ပါမည်လော?”ဟု    မေးတော်မူ၏။

မိလိန္ဒမင်းကြီးက “အရှင်ဘုရား မဆောင်နိုင်ပါ, လှုပ်ရာပါ၏, တုန်ရာပါ၏, နိမ့်ရှိုင်းရာပါ၏, ညွတ်ကိုင်းရာ ပါ၏, ယိမ်းယိုင်ရာပါ၏, ဖရိုဖရဲ ဖြစ်ရာပါ၏, လွင့်ကျရာပါ၏, ပျက်စီးရာပါ၏, မိမိတည်နေရာအတိုင်း မရောက်နိုင်ရာပါ, ရေ၌ နစ်ရာပါ၏”ဟု လျှောက်၏။

အရှင်နာဂသေနမထေရ်က “မင်းကြီး အလားတူပင် ဤတစ်သောင်းသော လောကဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်ရာ၏၊ ဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးကိုသာ ဆောင်နိုင်ရာ၏၊ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့၊ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ, လှုပ်ရာ၏, တုန်ရာ၏, နိမ့်ရှိုင်းရာ၏, ညွတ်ကိုင်းရာ၏, ယိမ်းယိုင်ရာ၏, ဖရိုဖရဲ ဖြစ်ရာ၏, လွင့်ကျရာ၏, ပျက်စီးရာ၏, မိမိတည်နေရာ အတိုင်း မကပ်ရောက်နိုင်ရာ”ဟု မိန့်တော်မူပါတယ်။

[မင်းကြီး ဤတစ်သောင်းသော လောကဓာတ်သည် တစ်ဆူသောဘုရားရှင် ကျေးဇူးကိုသာ ဆောင်ရွက်နိုင်၏၊ နှစ်ဆူသော ဘုရားတို့သည် ဖြစ်တော်မူကုန်အံ့၊ ဤတစ်သောင်းသော လောကဓာတ်သည် နှစ်ဆူသောဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်များကို မဆောင်နိုင်ရာ၊ တုန်လှုပ်ရာ၏၊ ယိုင်ညွတ်ရာ၏၊ ဖရိုဖရဲရှိရာ၏၊ ပျက်စီးရာ၏၊ တည်ရာအရပ်သို့ မရောက်လေရာ၊ မင်းကြီး ဥပမာသော်ကား ယောက်ျားတစ်ယောက်ကိုသာ ဆောင်နိုင်သော လှေသည် ဖြစ်အံ့၊ တစ်ယောက်သော ယောက်ျားသည် တက်စီးသော်သာ ကောင်းစွာ ဖြစ်စေနိုင်ရာ၏၊ ထိုအခါ နှစ်ယောက်မြောက်သော ယောက်ျားသည် ထိုရှေးဦးစွာသော ယောက်ျားနှင့် အသက်အရွယ် အတိုင်းအရှည် အကြုံအဆူ အင်္ဂါငါးပါးတူသည်ဖြစ်၍ ထိုလှေကို ထိုယောက်ျားပါ တက်စီးအံ့၊ မင်းကြီး… စင်စစ် ထိုလှေသည် နှစ်ယောက်သော ယောက်ျားတို့ကို ဆောင်နိုင်ရာ အံ့လော? ဟု မေးလေသော်--- အရှင်ဘုရား နှစ်ယောက်သော ယောက်ျားတို့ကို မဆောင်နိုင်ရာချေ၊ တုန်လှုပ်ရာ၏၊ ယိုင်ညွတ်ရာ၏၊ ဖရိုဖရဲပျက်စီးရာ၏၊ တည်ရာသို့ မရောက်နိုင်ရာချေ၊ ရေ၌နစ်ရာ၏-ဟု ဖြေဆိုလေသော် မင်းကြီး ထို့အတူ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာသည်ဖြစ်၍ တုန်လှုပ်ပျက်စီး ဖရိုဖရဲရှိ၍ တည်ရာသို့ မရောက်နိုင်ရာ-ဟု မိန့်တော်မူ၏။ (ဂုဏာလင်္ကာရ အမည်တော်ရှိ မဟာပညဝန် ထေရ်မွန်သူမြတ် စီရင်အပ်သော မိလိန္ဒပဥှာ မြန်မာဘာသာပြန်၊ ၄၁၉။)]

ဘုရားရှင်ဆိုတာ သတ္တလောက၌ တုဖက်ကင်းတဲ့ အံ့သြဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်တယ်၊ အကယ်၍ မရှေးမနှောင်း နှစ်ဆူ, လေးဆူ စသည် ဘုရားရှင်တို့ ပွင့်ထွန်းနေကြလျှင် အံ့သြဖွယ် မဖြစ်တော့ဘူး၊ ဒါ့ကြောင့် တစ်ဆူသာ ပွင့်တော်မူပြီး ထိုဘုရားရှင်ရဲ့ သာသနာ မကွယ်သရွေ့ နောက်ဘုရားတစ်ဆူ ပွင့်တော်မမူပါ ။

မိလိန္ဒပဥှာပါဠိတော်အရ တစ်သောင်းသောလောကဓာတ်အတွင်းမှာ တပြိုင်နက် ဘုရားနှစ်ဆူ ပွင့်တော်မမူဆိုရာတွင် ဘုရားတစ်ဆူ၏သာသနာတည်ရှိမှု အတိုင်းအတာကို ကျမ်းဂန်များ၌ ဓာတုပရိနိဗ္ဗာန်ဖြင့် တိုင်းတာပေးကြသည်၊ “ဓာတ်တော်များ တည်ရှိကြလျှင် ဘုရားရှင်တို့သည် တည်ရှိကုန်သည်သာ၊ ထို့ကြောင့် ဤဓာတ်တော်တို့ တည်ရှိရာ ကာလအတွင်းဝယ် အခြားသော ဘုရားရှင်၏ ပွင့်တော်မူခြင်းကို တားမြစ်အပ်သည်သာတည်း၊ ဓာတုပရိနိဗ္ဗာန် ဖြစ်ပြီးလေသော် (ဓာတ်တော်များကို တေဇောဓာတ်လောင်းကျွမ်း၍ ဓာတ်တော်များ ကွယ်ပျောက်လေသော်) ထိုဘုရား ရှင်၏သာသနာကွယ်ပြီဖြစ်၍ အခြားတပါးသော ဘုရားရှင်၏ပွင့်တော်မူခြင်းကို တားမြစ်ဖွယ်မရှိ၊ အခြားဘုရားရှင် ပွင့်တော်မူနိုင်တော့သည်သာ - ဟု ဆိုလိုတယ်။

ဤကျမ်းဂန်များအဆိုအမိန့်အရ ရှေးဘုရားသုံးဆူတို့၏ ဓာတ်တော်များသည် ဓာတုပရိနိဗ္ဗာန် ကာလများ၌ပင် တေဇောဓာတ်လောင်ကျွမ်းကာ ပျောက်ကွယ်ကုန်ပြီးဖြစ်သောကြောင့် ဘယ်လိုမှ ထိုဘုရားရှင်တို့၏ ဓာတ်တော်များသည် ရွှေတိဂုံစေတီတော်၌ ရှိမည်မဟုတ်ပါ။

ဒါ့ကြောင့် အရှင်သုမင်္ဂလ (ဒယ်အိုးဆရာတော်)   ဟောကြားသောတရားတော်ထဲတွင်   လေးဆူဓာတ်ပုံ   ရွှေတိဂုံဟု   ခေါ်ဆိုသော ရွှေတိဂုံဘုရား၌ ဘုရားလေးဆူတို့၏ဓာတ်တော်များ ရှိသည်ဆိုသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ဘုရားရှင်တို့၏ ဓာတ်တော်တို့မှာ အလွန်တန်ခိုးကြီး၍ ကမ္ဘာမြေကြီးသည် ဘုရားတစ်ဆူ၏ဓာတ်တော်မှ ပို၍ မထမ်းနိုင်ကြောင်း ဟောကြားသော တရားတော်အတိုင်း မှတ်သားနိုင်ပါသည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

4 comments:

  1. အရှင်ဘုရားဖြေတာ အာဂမယုတ္တိရှိလှပါသည်ဘုရား။
    သို့ပါသော်လည်း သဘာဝယုတ္တိရှိအောင် တပည့်တော် အမြင်လေး လျှောက်ထားပါရစေ။
    (၁) ဓာတုပရိနိဗ္ဗာန် ဖြစ်ပြီးလေသော် ထိုဘုရား ရှင်၏သာသနာကွယ်ပြီ ဟူသောကျမ်းလာစကားအရ ဓာတုစေတီအနေဖြင့်သာ မရှိတာဖြစ်နိုင်ပါတယ် ၊ ပရိဘောဂစေတီအနေနဲ့ ရှိနိုင်ပါတယ်မဟုတ်ပါလားဘုရား။
    (၂) ရှေးဘုရားရှင်တွေ ပရိနိဗ္ဗာန် (ကိလေသ+ခန္ဓ+ဓာတု) သုံးပါးလုံးပြုတော်မူပြီးသော်လည်း၊ ရှေးဘုရားရှင်တို့၏ တရားဂါထာအချို့ (ဓမ္မစေတီ)ကို အာဠာဝကကြီးမှတ်ထားတာတွေ ၊ ၀ိဓူရ သုခမိန် ဘုရားဟောဂါထာများ ပြန်ဟောထားတာတွေ ၊ ကဿပဘုရားရှင်လက်ထက်က အဖိုးတသိန်းထိုက်တဲ့ သတသဟဿဂါထာတွေ အခုထိရှိနေပါသေးတယ် ဆိုတာ ကျမ်းဂန် အထင်အရှားရှိနေပါတယ် မဟုတ်ပါလားဘုရား။
    (၃) ရွှေတိဂုံစေတီမှာဌာပနာထားတဲ့ ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် ၊ ကောဏာဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော် ၊ ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော် တွေဟာ ဓာတုစေတီများမဟုတ်ကြပဲ ပရိက္ခရာရှစ်ပါးအ၀င် ပရိဘောဂစေတီများသာ ဖြစ်တယ်မဟုတ်ပါလား ဘုရား။ ရှေးဘုရားရှင်တို့ရဲ့ ပရိဘောဂ စေတီများ ဘယ်လောက်တည်ရမယ်ဆိုတာကျမ်းဂန်လာစကားရှိပါသလားဘုရား။
    (၄) စာပေတစ်ခုသာ့ကြည့်လျှင်ပင် ယခု ဂေါတမမြတ်စွာဘုရားရဲ့ သိပိတ် ၊ သင်္ကနိး ပရိက္ခရာတွေ ဘယ်ရောက်ကုန်ပြီဆိုတာ ပါဠိအဌကထာ ဋီကာမှာ မတွေ့မိပါဘုရား။ ဒါကြောင့် တပည့်တော်အနေနဲ့ကတော့ ရှေးဘုရားရှင်တို့ရဲ့ ပရိဘောဂစေတီများဟာ ကိုးကွယ်သူရှိသရွေ့ မပျောက်မပျက်ရှိနေမယ်လို့ ယုံပါတယ်ဘုရား။ ပြီးတော့ ဒီ ဘုရားရှင်လေးဆူဟာ ကမ္ဘာမခြားပဲ ပွင့်တော်မူကြတာပဲ ဖြစ်တာကြောင့် မပျောက်ပျက်သေးဘူးလို့လဲ မှတ်ယူမိပါတယ်ဘုရား။
    (၅) မြန်မာပြည်မှာ ခေတ်အဆက်ဆက် တေ၀ိဇ္ဇရဟန္တာများပေါ်ပေါက်ခဲ့တယ်လို့ ယုံကြည်ပါတယ်ဘုရား။ လယ်တီဆရာတော်ကြီးကိုယ်တိုင်လည်း ရွှေတိဂုံဘုရားကြီးမှာ ဆွမ်းကပ်ခဲ့တာ အထင်အရှားပါဘုရား။ အကယ်ရွှေ့များေ၇ွှတိဂုံစေတီမှာ ရှေးဘုရားရှင်တို့ရဲ့ ပရိဘောဂ အသုံးအဆောင်များ မရှီဘူးဆိုရင်၊ ရွှေတိဂုံသမိုင်းဟာ ယုံတမ်းသက်သက်သာဖြစ်မှာမို့ ဆဠဘိည ၊ တေ၀ိဇ္ဇ ပုဂ္ဂိုလ်ကြီးတွေက လူအများကို အသိညာဏ်ရှုပ်အောင် မှားယွင်းကိုးကွယ်ခိုင်းမယ်မထင်ပါဘူးဘုရား။ တပည့်တော်တို့ ဘာသာက အတင်းယုံခိုင်းပြီး မှိုင်းတိုက်တဲ့ဝါဒမဟုတ်ပဲ ၀ိဘဇ္ဇ၀ါဒီ ဖြစ်လို့ပါဘုရား။ ရှိတယ်လို့ထင်ပြီး ကိုးကွယ်လဲ ကုသိုလ်ရတာပဲရယ်လို့တော့ မဆိုသင့်ပါဘုရား။
    ဒါကြောင့် နိဂုံးချုပ်အနေနဲ့ တိတိကျကျ လျှောက်ထားရပါလျှင် ရှေးဘုရားရှင်တို့ရဲ့ သာသနာကွယ်ပြီးနောက် ဓာတု (ဓာတ်တော်) စေတီအနေနဲ့ မရှိနိုင်တော့သော်လည်း ပရိဘောဂ (အသုံးအဆောင်) စေတီတော် အနေနဲ့ ရှိနေနိုင်တယ်လို့ယူရင် သဘာဝယုတ္တိလဲရှိ ကျမ်းဂန်နဲ့လဲ့ မဆန့်ကျင်ဘူးလို့ ထင်ရပါတယ်ဘုရား။
    တပည့်တော်တော့ ရွှေတိုဂုံစေတီတောမြတ်ကြီးဟာ ရှေးဘုရားရှင်သုံးဆူတို့ရဲ့ ပရိဘောဂစေတီ ၊ လက်ရှိ ဂေါတမမြတ်စွာဘုရားရဲ့ (ဆံတော်) ဓာတုစေတီ ထိုက်ကြောင်း အတိအကျမှတ်သားမိပါတယ်ဘုရား။

    ReplyDelete
    Replies
    1. https://docs.google.com/file/d/0B-CPKJTM4m0IcXczeURCTmp6SkE/edit?pli=1

      Delete
  2. ရွှေတိဂုံဌာပနာ၊ ကျမ်းအလာ၊ သေချာ ရှင်းပြမည်

    ရွှေတိဂုံစေတီတော်၏ဌာပနာများတွင် ကကုသန်ဘုရားရှင်၏ တောင်ဝှေးတော်, ကောဏာဂုမ်
    ဘုရားရှင်၏ ရေစစ်တော်, ကဿပဘုရားရှင်၏ ရေသနုပ်တော်တို့နှင့်ပတ်သက်၍ ပရိဘောဂစေတီတော် များအနေနဲ့ ရှိနိုင်ကြောင်း ရေးသားလာသောအကြောင်းအရာကိုဖတ်ရသဖြင့် ကျမ်းဂန်များကို ပိုမို
    လေ့လာ ကြည့်ရှုရသည့်အတွက် ဝမ်းသာပါတယ်။

    ဆရာတော် ဦးဇောတာလင်္ကာရ
    ဓမ္မာနန္ဒ ဝိဟာရ
    ဟာ့ဖ်မွန်းဗေးမြို့

    ရေးသားလာသူ၏သဘာဝယုတ္တိအနေဖြင့် တင်ပြချက် အချုပ်မှာ---

    အောက်ပါလင့်တွင် ဆက်လက်ဖတ်ရှုနိုင်ပါပြီ---

    https://docs.google.com/file/d/0B-CPKJTM4m0IcXczeURCTmp6SkE/edit?pli=1

    ReplyDelete
  3. မြတ်စွာဘုရားရှင်က ညီတော်အာနန္နာကို ကဿပမြတ်စွာဘုရား
    ရှင်ရဲ့ ရုပ်ကာလ္လာပ်တော်ထားရာ ဓါတုစေတီတော်ကို တန်ခိုး
    တော်ဖြင့်ပြတော်မူကြောင်း ပိဋကတ်စာပေမှာ အခိုင်အမာပါရှိပါ
    တယ် ဓါတုပရိနိဗ္ဗာန် ဝင်စံခြင်းမရှိသေးကြောင်းလည်း ဖေါ်ပြထား
    ပါတယ် ကျွန်တော်ကိုယ်တိုင်လည်း ယုံကြည်ပါတယ်။
    လောကမှာ ဘုရားနှစ်ဆူပြိုင်မပွင့်ဘူးလို့ပဲဟောတော်
    မူတာပါ ဓါတ်တော်တွေ အတူမရှိရဘူးလို့ မဟောကြားထားဘူး
    လို့ထင်ပါတယ် သက်တော်ထင်ရှားဘုရားနှစ်ဆူ ပြိုင်မရှိသင့်ဘူး
    လို့ပဲဆိုထားတာကိုသဘောပေါက်မလွဲစေခြင်ပါဘူး။
    ကျွန်တော်ကိုယ်တိုင်လည်း ဘုရားရှင်လေးဆူလုံးရဲ့
    ဆံတော်အစစ်လေးဆူကို နယ်ခြားတစ်နေရာမှာ ဖူးမြင်ခဲ့ရဖူးပါ
    တယ်။ အပေါ်ကအကိုတစ်ယောက်ပြောသလိုပဲ ပူဇော်သူကြည်
    ညိုသူတွေရှိနေသေးသရွေ့ ဘုရားရှင်တို့ရဲ့ဓါတ်တော်များဟာ
    တည်ရှိနေမှာလို့ ယုံကြည်ပါတယ်။ ကတိပေးခဲ့တာကြောင့်ဆံ
    တော်ဖူးတွေ့ခဲ့တဲ့နေရာကိုတော့ မပြောပြနိုင်ပါဘူး။

    ReplyDelete

Followers