Sunday, April 14, 2013

အားကိုးရာဟာ မိမိသာ မှန်ပါရဲ့လားဆရာ...?



ဒေါ်တင်ရီ (ရန်ကုန်) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား

မိမိကိုယ်သာ၊ အားကိုးရာ၊ သေချာ မှန်သလော?

(ခ) “အတ္တာ ဟိ အတ္တနော နာထော” မိမိကိုယ်သာ အားကိုးရာ အစစ်အမှန်ဆိုတာ ဟုတ်ပါသလားဘုရား?

(ခ) “အတ္တာ ဟိ အတ္တနော နာထော” မိမိကိုယ်သာ အားကိုးရာ အစစ်ဆိုတာ ဟုတ်ပါတယ်၊ ဒီတရားတော်မှာ အရှင်ကုမာရကဿပထေရ်၏ မယ်တော်ကို အကြောင်းပြု၍ ဟောသော ဒေသနာတော်ဖြစ်ပါတယ်။ သားတော်မထေရ် တောထွက်သွားသည်ကစ၍ မျက်ရည်နှင့်မျက်ခွက်ဖြင့် နေလာရာ မမျှော်လင့်ပဲ သားရဟန်းကိုတွေ့လိုက်ရတော့ မထိန်း နိုင်ရှာ၍ သားကိုဆွဲကိုင်လျက် “ချစ်သား ချစ်သား”လို့ ငိုယိုမြည်တမ်းခေါ်ရာတွင် “အဘယ်အမှုကိုပြုလျက် လှည့်လည် နေတာလဲ? ချစ်ခြင်းမျှကိုပင် ဖြတ်ခြင်းငှါ မတတ်နိုင်သေးဘူးလား?” လို့ သားရဟန်းရဲ့ စိမ်းကားရက်စက် ခက်ထန် တင်းမာတဲ့စကားကို ကြားရသည့်အတွက် သားရဟန်းအပေါ် ချစ်ခြင်းမေတ္တာကို ပယ်ဖျက်ပြီး မိမိကိုသာ မိမိ အားကိုးရာ ရှာကြံလျက် တရားပွါးများရှုမှတ်သောကြောင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့တဲ့ ကုမာရကဿပ မယ်တော်ထေရီမ ဝတ္ထု ရှိခဲ့ပါတယ် ။

အကျယ်ချဲ့ရလျှင် အရှင်မြတ်ရဲ့မယ်တော်ဟာ ရာဇဂြိုဟ်မြို့တော်မှ သူဌေးသမီးတစ်ဦးဖြစ်၍ သိကြားလိမ္မာသည့် အဖြစ်သို့ ရောက်တဲ့အခါမှစ၍ မိဘတို့ထံ ရဟန်းပြုခွင့်ကို တောင်းခံခဲ့ပေမဲ့ အခွင့်မရရှာပဲ မိဘတို့ဆန္ဒအတိုင်း အိမ်ထောင်ပြုခဲ့ရတယ်၊ မကြာမီကာလမှာ သူမရဲ့ဝမ်း၌ ကိုယ်ဝန်တည်ရှိလာတယ်၊ သူမကိုယ်တိုင်ကား မိမိမှာ ကိုယ်ဝန်တည် နေသည်ကို မသိမူ၍သာ လင်ယောက်ျားကို နှစ်သိမ့်စေလျက် ရဟန်းအဖြစ်ကို ခွင့်တောင်းပါတယ်၊ လင်ယောက်ျားက သူမကို ရဟန်းမိန်းမတို့ရဲ့ ကျောင်းသို့ ပို့ဆောင်ပြီးလျှင် ရှင်ဒေဝဒတ်ရဲ့အသင်းအပင်း ရဟန်းမိန်းမတို့ရဲ့အထံမှာ ရဟန်းပြုစေပါတယ်။

လအတန်ကြာတဲ့အခါ ရဟန်းမိန်းမတွေက အဲဒီသူဌေးသမီးဘိက္ခုနီမမှာ ကိုယ်ဝန်ရှိတာကို သိရလျှင် ထိုရဟန်း မိန်းမတို့က “ဒီဖြစ်ရပ်ဟာ ဘယ်လိုပါလိမ့်?”လို့ မေးတဲ့အခါ “ရှင်မတို့တပည့်တော်မ မသိရပါ၊ ဘယ်လိုပါလဲ? တပည့်တော်မရဲ့ ရဟန်းသီလဟာ စင်စစ် အပြစ်အနာကင်းသည်သာ ဖြစ်နိုင်ကောင်းအံ့လော?”လို့ လျှောက်ထားပါတယ်၊ ရဟန်းမိန်းမတွေလဲ အဲဒီဘိက္ခုနီမလေးကို ရှင်ဒေဝဒတ်အထံသို့ ခေါ်ဆောင်ကာ “ဒီဘိက္ခုနီမကား သာသနာကို ကြည်ညို၍ ရဟန်းပြုခဲ့ပါတယ်၊ သူမရဲ့ကိုယ်ဝန်တည်တဲ့ကာလကို တပည့်တော်မတို့ မသိကြပါ၊ ယခု အဘယ်သို့ ပြုရပါမလဲဘုရား? လို့ လျှောက်ထားကြတယ်၊ ရှင်ဒေဝဒတ်က “ငါ့အဆုံးအမကို လိုက်နာလေ့ရှိကြတဲ့ ရဟန်းမိန်းမတွေအား အကျော်အစောမဲ့ မဖြစ်ပါစေလင့်”လို့ ကြံစည်တွေးတောပြီးလျှင် အဲဒီဘိက္ခုနီမလေးကို လူထွက်စေရမည်- လို့ ဆုံးဖြတ်စကား ဆိုပါတယ်။

ထိုစကားကိုကြားရလျှင် ဘိက္ခုနီမလေးဟာ “ရှင်မတို့ တပည့်တော်မကို မဖျက်ဆီးကြပါကုန်လင့်၊ တပည့်တော်မဟာ ရှင်ဒေဝဒတ်ကိုရည်မှန်း၍ ရဟန်းပြုတာ မဟုတ်ပါ၊ တပည့်တော်မကို ဘုရားရှင်ရဲ့အထံသို့ ပို့ဆောင်ပေးကြပါ”လို့ ပြောဆိုသောကြောင့် ထိုရဟန်းမိန်းမတွေက အဲဒီဘိက္ခုနီမလေးကို ဇေတဝန်ကျောင်းတော်သို့ ပို့ကာ ဘုရားရှင်အား လျှောက်ထားကြပါတယ်၊ ဘုရားရှင်ဟာ ဒီဘိက္ခုနီမလေးမှာ လူတုံးက ရခဲ့တဲ့ကိုယ်ဝန်ဖြစ်သည်ကို သိတော်မူသော်လည်း သူတပါးတို့ ကဲ့ရဲ့ပြောဆိုခြင်းမှ လွတ်စေခြင်းငှါ ပေဿနဒီကောသလမင်းကြီး, မဟာအနာထပိဏ်သူဌေးကြီး, စူဠအနာထ ပိဏ်သူဌေးကြီး, ဝိသာခါ ကျောင်းအမကြီး စတဲ့သူတွေကို ခေါ်စေပြီးလျှင် ဝိနည်းအရာ ဧတဒဂ်ရ ဥပါလိမထေရ်ကို “ချစ်သား ဥပါလိသွားချေ၊ ဒီ ဘိက္ခုနီမလေးရဲ့အမှုကို ပရိသတ်လေးပါးအလယ်၌ ရှင်းလင်းသုတ်သင်ချေလော့”လို့ စေခိုင်းတော်မူပါတယ်။

ရှင်ဥပါလိမထေရ်က ပေဿနဒီကောသလမင်းကြီးရဲ့ရှေ့သို့ ဝိသာခါ ကျောင်းအမကြီးကို ခေါ်စေ၍ ထိုအမှုကို လက်ခံစေတော်မူတယ်၊ ဝိသာခါက တင်းတိမ်ကန့်လန့်ကာကို ထက်ဝန်းကျင် ကာရံစေ၍ တင်းတိမ်ကန့်လန့်ကာရဲ့ အတွင်း၌ အဲဒီဘိက္ခုနီမလေးရဲ့ လက်, ခြေ, ချက်, ဝမ်းဗိုက်အဆုံး နေရာတို့ကို ကြည့်ရှုပြီးလျှင် လ, ရက် နေ့တို့ကို စိစစ် တွက်ချက်သဖြင့် လူ့အဖြစ်၌ ဒီဘိက္ခုနီမငယ် ကိုယ်ဝန် ရတယ်-လို့ သိရသည့်အတွက် အရှင်ဥပါလိမထေရ်အား ထို အကြောင်းကို လျှောက်ထားပါတယ်၊ ထို့နောက်မှာ အရှင်ဥပါလိမထေရ်က ပရိသတ်လေးပါးအလယ်၌ အဲဒီဘိက္ခုနီမလေး ရဲ့ သီလစင်ကြယ်ကြောင်းကို ဆုံးဖြတ်စကား မိန့်ကြားတော်မူပါတယ်။

အဲဒီဘိက္ခုနီမလေးဟာ ပဒုမုတ္တရဘုရားရှင်ရဲ့ခြေတော်ရင်း၌ ဆုတောင်းခြင်းရှိ၍ ကြီးသောအာနုဘော်ရှိတဲ့ သားကို ဖွားမြင်ခဲ့ပါတယ်၊ ကောသလမင်းကြီးက ထိုသတို့သားငယ်ကို နန်းတော်သို့ ဆောင်ယူ၍ နို့ထိန်းတို့အား ပေးကာ မွေးမြူ စေခဲ့ပါတယ်၊ အမည်မှည့်ရာမှာ သူငယ်၏အမည်ကို ‘ကဿပ’လို့ မှည့်ခေါ်ပြီး မင်းသားတို့ရဲ့ အဆောင်အရွက်ဖြင့် ကြီးပွါးရသောကြောင့် ‘ကုမာရကဿပ’ဟူ၍ ကောင်းစွာ သိကြပါတယ်၊ ကုမာရကဿပသတို့သားဟာ ကစားရုံ၌ အခြား သူငယ်တို့ကို ပုတ်ခတ်ခြင်းကြောင့် “အမိမဲ့သား အဖမဲ့သားက ငါတို့ကို ပုတ်ခတ်တယ်”လို့ ဆဲရေးပြောဆိုကြလျှင် မင်းကြီးသို့ ချဉ်းကပ်၍ “ခမည်းတော်ဘုရား သားတော်ကို အမိမဲ့သား အဖမဲ့သား-လို့ ပြောကြပါတယ်၊ သားတော်ရဲ့ မယ်တော် ဘယ်သူဆိုတာ မိန့်ကြားတော်မူပါ”လို့ မေးလျှောက်တဲ့အခါ မင်းကြီးက နို့ထိန်းတွေကိုပြ၍ “ဒီနို့ထိန်း မောင်းမတွေဟာ သင်ချစ်သားရဲ့ မယ်တော်တွေ ဖြစ်တယ်”လို့ မိန့်တော်မူတဲ့အခါ “သားတော်ရဲ့မယ်တော်တွေဟာ ဤမျှလောက် မများတန်ရာပါ၊ သားတော်အား မယ်တော်ရင်းကိုသာ မိန့်ကြားတော်မူပါ”လျှောက်တင်ပါတယ်။

ကောသလမင်းကြီးဟာ လှည့်ဖြားခြင်းငှါ မတတ်နိုင်ရာ-လို့ တွေးမိ၍ “ချစ်သား သင်ရဲ့မယ်တော်ကား ဘိက္ခုနီမ ဖြစ်တယ်၊ ငါက သင်ကို ဘိက္ခုနီမကျောင်းမှ ဆောင်ယူခဲ့တယ်”လို့ မိန့်ဆိုလျှင် အဲဒီသတို့သားဟာ ထိတ်လန့်ခြင်း သံဝေဂဖြစ်ကာ “ခမည်းတော်ဘုရားသားတော်ကို ရှင်ရဟန်းပြုတော်မူပါလော့”လို့ လျှောက်တင်ပါတယ်၊ မင်းကြီးက “ချစ်သားကောင်းပြီ”လို့ ဆိုကာ သတို့သားကို ဘုရားရှင်ထံတော်၌ ရှင်ရဟန်းပြုပေးလိုက်ပါတယ်၊ ကုမာရကဿပ မထေရ် လို့ ထင်ရှားခဲ့တယ်၊ အဲဒီမထေရ်ဟာ ဘုရားရှင်ရဲ့ထံတော်၌ ကမ္မဋ္ဌာန်းကို ယူ၍ တောသို့ဝင်လျက် အားထုတ်သော်လည်း ဈာန်မဂ်ဖိုလ်တရားထူးကို မရနိုင်ရကား တစ်ဖန် ကမ္မဋ္ဌာန်းကို ရှေးကမ္မဋ္ဌာန်းမှအထူးပြု၍ ယူအံ့-လို့ ဘုရားရှင်အထံတော်သို့ သွားရောက်ပြီးလျှင် (အရိယာသူတော်ကောင်းကို ပြစ်မှားသော လူဆိုးတို့ မျက်စိကွယ်သွားသော နေရာဖြစ်ခဲ့တဲ့) အမိုက်တော၌ နေတော်မူပါတယ်၊ အဲဒီအခါမှာ အဲဒီမထေရ်ကို ကဿပဘုရားရှင်လက်ထက်တော်၌ အတူတကွ ရဟန်းတရားအားထုတ်၍ အနာဂါမိဖိုလ်သို့ ရောက်သဖြင့် ဗြဟ္မာ့ပြည်၌ ဖြစ်သော ဗြဟ္မာသည် ဗြဟ္မာ့ပြည်မှလာ၍ မူလပဏ္ဏာသပါဠိတော် ဝမ္မိက သုတ်၌လာတဲ့ တစ်ဆယ့်ငါးပါးသောပြဿနာတို့ကို မေးပြီးလျှင် “ဒီပြဿနာတို့ကို ဘုရားရှင်ကိုထား၍ ဘယ်သူမှ ဖြေနိုင်မည်မဟုတ်ပါ၊ ဘုရားရှင်ရဲ့အထံတော်၌ ဒီပြဿနာတို့ရဲ့အနက်ကို သင်ယူချေလော့” လို့ စေလွှတ်လိုက်တယ်၊ မထေရ်ဟာ ထိုအနာဂါမ် ဗြဟ္မာ ဆိုတိုင်းပြုသဖြင့် ဘုရားရှင် ပြဿနာကို ဖြေတော်မူသည်ရဲ့အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။

သားတော်ဖြစ်တဲ့ ကုမာရကဿပမထေရ် တောထွက်သည့်နေ့မှစ၍ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး မယ်တော် ဖြစ်တဲ့ ဘိက္ခုနီမမှာ မျက်ရည်နှင့် မျက်ခွက် ဖြစ်နေရရှာပါတယ်၊ သားနှင့် ကွေကွင်းရခြင်းကြောင့် ဆင်းရဲဒုက္ခရောက်၍ မျက်ရည် စိုစွတ်သော မျက်နှာဖြင့်သာ ဆွမ်းအလို့ငှါ လှည့်လည်စဉ် လမ်းခရီးအကြားဝယ် မထေရ်ကို မြင်ရလျှင် မြင်ရချင်း “ချစ်သား ချစ်သား”လို့ ငိုမြည်တမ်းလျက် မထေရ်ကို မီနိုင်ဖို့ ပြေးလိုက်ရာတွင် လဲကျတယ်၊ မယ်တော် ဘိက္ခုနီမဟာ သားမြတ်တို့မှ နို့ရည်ထွက်ကုန်သဖြင့် ထပြီးလျှင် စိုသောသင်္ကန်းရှိလျက်ပင် သွားကာ “ချစ်သား, ချစ်သား”လို့ ခေါ်၍ သားတော်ရဟန်းကို ဆွဲကိုင်လိုက်တယ်။ မထေရ်က “ငါ့မယ်တော်ကား ငါ့အထံမှ အသာအယာဆိုတဲ့ စကားကိုသာ အကယ်၍ (ကြား)ရသည်ဖြစ်အံ့၊ ပျက်စီးရှာလိမ့်မည်၊ ခက်ထန်တင်းမာသောစကားကိုသာ ပြု၍ ဤမယ်တော် ဘိက္ခုနီမနှင့်တကွ ပြောဆိုအံ့”လို့ ကြံစည်၍ အဲဒီမယ်တော်ဘိက္ခုနီမကို “အဘယ်အမှုပြုလျက် လှည့်လည်နေဘိသနည်း? ချစ်ခြင်းမျှကိုပင် ဖြတ်ခြင်းငှါ မတတ်နိုင်ဘိတကား”လို့ ဆိုလိုက်ပါတယ်၊

မယ်တော်ဘိက္ခုနီမဟာ

“သားရဟန်းရဲ့ စကားကား အလွန်ခက်ထန်လေစွ၊ တင်းမာလေစွ တကား"

---လို့ တွေးတော၍ “ချစ်သား ဘယ်လိုဆိုလိုက်ပါသလဲ?လို့ မေးလျှင် တစ်ဖန် သားရဟန်းက ရှေးနည်းအတူပင် ဆိုပြန်တဲ့အခါ မယ်တော် ဘိက္ခုနီမဟာ ဒီလို စဉ်းစားပါတယ်-“ငါကား ဒီသားရဲ့အကြောင်းကြောင့် တစ်ဆယ့် နှစ်နှစ်တို့ပတ်လုံး မျက်ရည်တို့ကို ဆည်ခြင်းငှါ မတတ်နိုင်၊ ဒီသားကား ဒီလို ခက်ထန် တင်းမာတဲ့ စိတ် နှလုံးရှိဘိ၏၊ ငါ့အား ဒီသားဖြင့် အဘယ်အကျိုး ရှိအံ့နည်း?”လို့ စဉ်းစားပြီး သားအပေါ်၌ ဖြစ်တဲ့ ချစ်ခြင်းကို ဖြတ်ကာ တရားအားထုတ်လေသော် ထိုနေ့၌ပင် အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ဆိုက်ရောက် ပါတော့တယ်။

သား၌ဖြစ်တဲ့ ချစ်ခြင်းကို ဖြတ်သဖြင့် ဘိက္ခုနီမဟာ “မိမိသည်သာ မိမိ၏ကိုးကွယ်ရာအဖြစ်”ကို ထင်ရှားစွာ ပြတော်မူလိုတဲ့ ဘုရားရှင်က “ချစ်သားရဟန်းတို့ သူတပါးရဲ့ နတ်ရွာသုဂတိလဲလျောင်းရာ, မဂ်ဖိုလ်တည်းဟူသော လဲလျောင်းရာ တည်ရှိသဖြင့် မိမိ၌ဖြစ်ခြင်းငှါ မတတ်ကောင်း၊ ထို့ကြောင့် မိမိသည်ပင် မိမိရဲ့မှီခိုကိုးကွယ်ရာ ဖြစ်ပေတယ်၊ သူတပါးက အဘယ်အမှုကို ပြုနိုင်အံ့နည်း?လို့ မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူပါတယ်---

“အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။ အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။”

အတ္တာ ဟိ- မိမိသည်သာလျှင်၊ အတ္တနော- မိမိ၏၊ နာထော- ကိုးကွယ်ရာသည်၊ ဟောတိ-ဖြစ်၏၊ ဟိ-မှန်၏၊ ပရော-မိမိမှတပါးဖြစ်သော၊ ကော-အဘယ်မည်သောသူသည်၊ (အတ္တနော-၏၊) နာထော-ကိုးကွယ်ရာသည်၊ သိယာ-ဖြစ်ရာအံ့နည်း? အတ္တနာ ဟိ-မိမိသည်သာလျှင်၊ ဝါ-မိမိကိုယ်တိုင်သာလျှင်၊ သုဒနေ«န-ကောင်းစွာ ဣနြေ္ဒကို ဆုံးမ ခြင်းဖြင့်၊ ဒုလ္လဘံ-ရခဲသော၊ နာထံ-အရဟတ္တဖိုလ်တည်းသူသော ကိုးကွယ်ရာကို၊ လဘတိ-ရနိုင်၏။

ဆိုလိုတာက “မိမိအပေါ် ရပ်တည်လျက် မိမိရဲ့ပြည့်စုံမှုဖြင့် ကုသိုလ်ပြု၍ နတ်ပြည်ရောက်ခြင်း, မဂ်ကိုပွါးခြင်း, ဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ စွမ်းနိုင်သောကြောင့် မိမိသည်သာ မိမိရဲ့ကိုးကွယ်ရာ ဖြစ်တယ်၊ အဘယ်မည်သော သူတပါးက အဘယ်သူရဲ့ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း? မိမိသည်သာ ကောင်းစွာ ဣနြေ္ဒကို ယဉ်ကျေးအောင် ဆုံးမခြင်းဖြင့် အရဟတ္တဖိုလ်ဟု ဆိုအပ်သော ရခဲသော ကိုးကွယ်ရာ ထောက်တည်ရာကို ရ၏”တဲ့။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers