Tuesday, September 17, 2013

ဟိရီ (အရှက်)ကို ဖြစ်စေကြောင်း ၄-ပါး---



ဟိရီ (အရှက်)ကို ဖြစ်စေကြောင်း ၄-ပါး

ကာယဒုစ္စရိတာဒီဟိ ဟိရိယတီတိ ဟိရီ။ လဇ္ဇာယေတံ အဓိဝစနံ။--- အဇ္ဈတ္တသမုဋ္ဌာနာ ဟိရီ နာမ။ အတ္တာဓိပတိ ဟိရီ နာမ။ လဇ္ဇာသဘာဝသဏ္ဌိတာ ဟိရီ နာမ။ သပ္ပတိဿဝလက္ခဏာ ဟိရီ နာမ။--- အဇ္ဈတ္တသမုဋ္ဌာနံ ဟိရိံ သမုဋ္ဌာပေတိ ဇာတိံ ပစ္စဝေက္ခိတွာ ဝယံ ပစ္စဝေက္ခိတွာ သူရဘာဝံ ပစ္စဝေက္ခိတွာ ဗာဟုသစ္စံ ပစ္စဝေက္ခိတွာ။

ကထံ အတ္တာဓိပတိ ဟိရီ နာမ? ဣဓေကစ္စော ကုလပုတ္တော အတ္တာနံ အဓိပတိံ ဇေဋ္ဌကံ ကတွာ “မာဒိသဿ သဒ္ဓါပဗ္ဗဇိတဿ ဗဟုဿုတဿ ဓုတင်္ဂဓရဿ န ယုတ္တံ ပါပကမ္မံ ကာတု”န္တိ ပါပံ န ကရောတိ။ ဧဝံ အတ္တာဓိပတိ ဟိရီ နာမ ဟောတိ။ တေနာဟ “သော အတ္တာနံယေဝ အဓိပတိံ ဇေဋ္ဌကံ ကရိတွာ အကုသလံ ပဇဟတိ၊ ကုသလံ ဘာဝေတိ၊ သာဝဇ္ဇံ ပဇဟတိ၊ အနဝဇ္ဇံ ဘာဝေတိ၊ သုဒ္ဓမတ္တာနံ ပရိဟရတီ”တိ။
(အဋ္ဌသာလိနီအဋ္ဌကထာ၊ ကာမာဝစရကုသလ ဓမ္မုဒ္ဒေသကထာ၊ ၁၆၈-၁၆၉။)

ကာယဒုစ္စရိတာဒီဟိ- ကာယဒုစရိုက်အစရှိသည်တို့ကို၊ [နောက်၌ အဋ္ဌကထာဝယ် “ဥပယောဂတ္ထေ ကရဏဝစနံ” ဟု ဖွင့်၊] ကာယဒုစ္စရိတာဒီဟိ- ကာယဒုစရိုက်အစရှိသည်တို့ကြောင့်၊ [ဋီကာဝယ် “ဟေတုအတ္ထေ ကရဏဝစနံ” ဟု ဖွင့်၊ ] ဟိရိယတိ- ရှက်တတ်၏။ ဣတိ- ထိုသို့ ကာယဒုစရိုက်စသည်တို့ကို ရှက်တတ်သည်၏အဖြစ်ကြောင့်၊ သာ ဓမ္မဇာတိ- ထိုတရားသဘောသည်၊ ဟိရီ- ဟိရီမည်၏။ ဧတံ-ဤဟိရီဟူသောအမည်သည်၊ လဇ္ဇာယ- ကာယဒုစရိုက်စသည်တို့ကို ရှက်ခြင်း သဘောတရား၏၊ အဓိဝစနံ- အမည်တည်း။

ဟိရီ နာမ- ဟိရီမည်သည်၊ အဇ္ဈတ္တသမုဋ္ဌာနာ- မိမိ ခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိ၏။ [နိယကဇ္ဈတ္တံ+ဇာတိအာဒိသမုဋ္ဌာနံ ဧတိဿာတိ အဇ္ဈတ္တသမုဋ္ဌာနာ။ ဋီကာ။] ဟိရီ နာမ- ဟိရီမည်သည်၊ အတ္တာဓိပတိ- မိမိဟူသော အကြီးအကဲရှိ၏။ ဟိရီ နာမ- ဟိရီမည်သည်၊ လဇ္ဇာသဘာဝသဏ္ဌိတာ- ရှက်ခြင်းသဘောအားဖြင့် ကောင်းစွာ တည်၏။ ဟိရီ နာမ- ဟိရီမည်သည်၊ သပ္ပတိဿဝလက္ခဏာ- ရှေးရှု နားထောင်ခြင်းနှင့်တကွဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်းလက္ခဏာရှိ၏။

အဇ္ဈတ္တသမုဋ္ဌာနံ- မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိသော၊ ဟိရိံ- ဟိရီကို၊ စတူဟိ- လေးပါးကုန်သော၊ ကာရဏေဟိ- အကြောင်းတို့ကြောင့်၊ သမုဋ္ဌာပေတိ- ဖြစ်စေ၏။ ဇာတိံ- အမျိုးဇာတ်ကို၊ ပစ္စဝေက္ခိတွာ- ဆင်ခြင်၍လည်းကောင်း၊ ဝယံ- အရွယ်ကို၊ ပစ္စဝေက္ခိတွာ- ဆင်ခြင်၍လည်းကောင်း၊ သူရဘာဝံ- ရဲရင့်သူ၏အဖြစ်ကို၊ ပစ္စဝေက္ခိတွာ- ဆင်ခြင်၍လည်းကောင်း၊ ဗာဟုသစ္စံ (ဗာဟုဿစ္စံ)- များသောသုတရှိသူ၏အဖြစ်ကိုလည်းကောင်း၊ ပစ္စဝေက္ခိတွာ- ဆင်ခြင်၍လည်းကောင်း၊ (သမုဋ္ဌာပေတိ-၏။)

အမျိုးဇာတ်စသည်တို့ကြောင့် ဟိရီဖြစ်ပုံကို အဋ္ဌကထာလာတိုင်း မြန်မာပြန်ဆိုရပါမူ---

(၁) “ဤ(ငါးဖမ်းခြင်းအစရှိသော) မကောင်းမှုကိုပြုခြင်းမည်သည် အမျိုးဇာတ်နှင့် ပြည့်စုံသူတို့၏အလုပ် မဟုတ်၊ ယုတ်ညံ့သောဇာတ်ရှိသော တံငါသည် အစရှိသူတို့၏ အလုပ်ဖြစ်၏၊ ငါကဲ့သို့ ဇာတ်နှင့်ပြည့်စုံသူအား ဤအလုပ်ကို ပြုခြင်းငှါ မသင့်”ဟု ဇာတ်ကိုဆင်ခြင်၍ ပါဏာတိပါတအစရှိသော မကောင်းမှုကို မပြုပဲ ဟိရီကို ဖြစ်စေ၏။

(၂) “ဤ(ငါးဖမ်းခြင်းအစရှိသော) မကောင်းမှုကိုပြုခြင်းမည်သည် ငယ်ရွယ်သူတို့သည် ပြုသောအလုပ်ဖြစ်၏၊ ငါကဲ့သို့ အသက်အရွယ်ကြီးသူအဖို့ ဤမကောင်းမှုကို ပြုလုပ်ရန် မသင့်တော်”ဟု အရွယ်ကို ဆင်ခြင်၍ ဟိရီကို ဖြစ်စေ၏။

(၃) “ဤ(ငါးဖမ်းခြင်းအစရှိသော) မကောင်းမှုကိုပြုခြင်းမည်သည် အားနည်းသူ (မရဲရင့်သူ)တို့၏အလုပ်ဖြစ်၏၊ ရဲရင့်သူတို့၏အလုပ်မဟုတ်၊ ငါကဲ့သို့ ရဲရင့်သူအဖို့ ဤမကောင်းမှုကို မပြုလုပ်သင့်”ဟု ရဲရင့်သူ၏အဖြစ်ကို ဆင်ခြင်၍ ဟိရီကို ဖြစ်စေ၏။

(၄) “ဤမကောင်းမှုကို ပြုခြင်းမည်သည် မိုက်ကန်းသူတို့၏ အလုပ်ဖြစ်၏၊ ပညာရှိ သူတော်ကောင်းတို့၏ အလုပ် မဟုတ်၊ ငါကဲ့သို့ ပညာရှိဖြစ်သော အကြားအမြင်များသော သုတရှိသူအဖို့ ဤမကောင်းမှုကို မðပလုပ်သင့်”ဟု များသော သုတရှိသူ၏အဖြစ်ကို ဆင်ခြင်၍ ဟိရီကို ဖြစ်စေ၏။

ဤသို့ လေးပါးသောအကြောင်းတို့ကြောင့် အဇ္ဈတ္တသမုဋ္ဌာန် ဟိရီကိုဖြစ်စေပြီး၍ မိမိ၏စိတ်၌ ဟိရီကိုသွင်း၍ မကောင်းမှုကို မပြု၊ ဤသို့လျှင် ဟိရီမည်သည် မိမိခန္ဓာကိုယ်ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိ၏။

“သပ္ပတိဿဝလက္ခဏာ ဟိရီ။-- ဧကစ္စော ဟိ ဇာတိမဟတ္တပစ္စဝေက္ခဏာ သတ္ထုမဟတ္တ-ပစ္စဝေက္ခဏာ ဒါယဇ္ဇမဟတ္တပစ္စဝေက္ခဏာ သဗြဟ္မစာရီမဟတ္တပစ္စဝေက္တဏာတိ စတူဟိ ကာရဏေဟိ သပ္ပတိဿဝလက္ခဏံ ဟိရိံ သမုဋ္ဌာပေတွာ ပါပံ န ကရောတိ။
(အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁၇ဝ။)

ဟိ- ချဲ့ဦးအံ့၊ ဧကစ္စော- အချို့သောသူသည်၊ ဇာတိမဟတ္တပစ္စဝေက္ခဏာ- အမျိုးဇာတ်၏ မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းလည်းကောင်း၊ သတ္ထုမဟတ္တပစ္စဝေက္ခဏာ- ဆရာဖြစ်သော မြတ်စွာဘုရား၏ မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းလည်းကောင်း၊ ဒါယဇ္ဇမဟတ္တပစ္စဝေက္ခဏာ- အမွေဖြစ်သော လောကုတ္တရာတရားစသည်၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်းလည်းကောင်း၊ သဗြဟ္မစာရီမဟတ္တပစ္စဝေက္ခဏာ- သီတင်းသုံးဘော်တို့၏ မြင့်မြတ်ကုန်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်းလည်းကောင်း၊ ဣတိ- ဤသို့၊ စတူဟိ ကာရဏေဟိ- လေးပါးကုန်သော အကြောင်းတို့ကြောင့်၊ သပ္ပတိဿဝလက္ခဏံ- ရှေးရှု နားထောင်ခြင်းနှင့်တကွဖြစ်သော ဂါရဝတရားဟူသော လက္ခဏာရှိသော၊ ဟိရိံ- ဟိရီကို၊ သမုဋ္ဌာပေတွာ- ဖြစ်စေ၍၊ ပါပံ- မကောင်းမှုကို၊ န ကရောတိ-မပြု။

နောက်ထပ် ဟိရီဖြစ်ကြောင်း ၄-ပါး----

(၁) အမျိုးဇာတ်၏မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းကြောင့် လည်းကောင်း,
(၂) ဆရာဖြစ်သော မြတ်စွာ ဘုရား၏မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းကြောင့် လည်းကောင်း,
(၃) အမွေဖြစ်သော လောကုတ္တရာတရားစသည်၏ မြင့်မြတ်သည်၏ အဖြစ်ကို ဆင်ခြင်ခြင်းကြောင့် လည်းကောင်း,
(၄) သီတင်သုံးဘော်တို့၏မြင့်မြတ်ကုန်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းကြောင့် လည်းကောင်း ဟိရီကို ဖြစ်စေ၏။

ဇာတိ,ဝယ၊ သူရအစစ်၊ ဗာဟုဿစ်တွင်၊
ချစ်ခင်မြတ်နိုး၊ အမျိုးတရပ်၊ ဘုရားမြတ်မှတ်၊
မွေခံတဦး၊ ကြည်နူးအဆွေ၊ ရှစ်ထွေဟီရိ၊ အကြောင်းရှိသည်၊
မိမိငြားငြား-သတိထား။

ဟိရီမည်သည် အဘယ်ကဲ့သို့ မိမိဟူသော အကြီးအကဲရှိသနည်းဟုမူ--- ဤလောက၌ အချို့သော အမျိုးသားသည် မိမိကို အကြီးအကဲပြု၍ “ငါကဲ့သို့ သဒ္ဓါကြောင့် ရဟန်းပြုခဲ့သော များသောသုတရှိသော ဓုတင်ဆောင်လေ့ရှိသူ အဖို့ မကောင်းမှုကိုပြုရန် မသင့်”ဟု ဆင်ခြင်ခြင်းသည် ဟိရီမည်သည် အတ္တာဓိပတိဖြစ်၏။ တေန- ထို့ကြောင့်၊ ဘဂဝါ အာဟ (ကိံ)။ သော- ထိုပုဂ္ဂိုလ်သည်၊ အတ္တာနံယေဝ-မိမိကိုပင်၊ အဓိပတိံ ကတွာ- အကြီးအကဲပြု၍၊ အကုသလံ ပဇဟတိ- အကုသိုလ်ကို ပယ်စွန့်၏၊ ကုသလံ ဘာဝေတိ-ကုသိုလ်ကိုဖြစ်စေ၏၊ သာဝဇ္ဇံ ပဇဟတိ-အပြစ်ရှိသော အကုသိုလ်တရားကို ပယ်စွန့်၏၊ အနဝဇ္ဇံ ဘာဝေတိ- အပြစ်မရှိသော ကုသိုလ်တရားကို ဖြစ်စေ၏၊ အတ္တာနံ- မိမိကို၊ သုဒ္ဓံ ပရိဟရတိ-သန့်ရှင်းစင်ကြယ်အောင် ရွက်ဆောင်၏”။ ဣတိ- ဤသို့၊ (အာဟ-ဟောတော်မူပြီ။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers