Friday, November 8, 2013

ကြီးသူထက်မှာ ကိုယ်ရောက်တာ အပြစ်မည်သို့လာ---?



ကိုယ့်ထက်ကြီးတွေ၊ နိမ့်မှာနေ၊ ပြစ်လေ ကြီးမည်လား?

မေး။ ။ (ဂ) တပည့်တော်သည် ဘုရားရှိခိုးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် မောင်းတီးပြီး တရားနာယူလို့ ရနိုင်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ပင့်ဖိတ်ပါတယ်၊ တရားနာယူလို့ မရတဲ့ပုဂ္ဂိုလ်တွေကိုလဲ ခေတ္တခဏ ဘေးကို ဖယ်ပေးပါလို့ တောင်းပန်ပါတယ်၊ ဘုရားရှိခိုးပြီးရင်လဲ လာပြီး တရားနာကြတဲ့ ပုဂ္ဂိုလ်တွေရော အားလုံးကို ကိုယ်ပြုခဲ့တဲ့ ဒါန, သီလ, ဘာဝနာ ကုသိုလ်တွေကို မောင်းတီးပြီး အမျှဝေကာ သင်တို့လိုရာ ပြန်ကြွနိုင်ပါတယ်လို့ ပြန်ပို့ပေးပါတယ်၊ တပည့်တော် ဘုရားရှိခိုးတဲ့အခါ ကုလားထိုင်အနိမ့်လေးနဲ့ ထိုင်ပြီး ရှိခိုးတဲ့အတွက် တပည့်တော် ပင့်ဖိတ်ထားတဲ့ ပုဂ္ဂိုလ်တွေထဲက ကိုယ့်ထက်ကြီးတဲ့သူတွေများပါရင် မမြင်ရတဲ့အတွက် အပြစ်များ ရှိနိုင်မလား? ငရဲများ ကြီးနေ မလား? သိချင်ပါတယ်ဘုရား။

ပူဇော်ထိုက်ရာ၊ သင့်ခန္ဓာ၊ ပြစ်မှာ မရှိပါ။

ဖြေ။ ။ (ဂ) ဘုရားရှိခိုးတဲ့အခါ ကျန်းမာရေးကြောင့် ကုလားထိုင်အနိမ့်လေးမှာ ထိုင်ပြီး ရှိခိုးစဉ် ပင့်ဖိတ်ထားတဲ့ ပုဂ္ဂိုလ်တွေထဲက ကိုယ့်ထက်ကြီးသူတွေများ ပါလာရင် မြင်ရသည်ဖြစ်စေ, မမြင်ရသည်ဖြစ်စေ အပြစ်မရှိနိုင်ပါ။

ဝိသုဒ္ဓိမဂ်, ဆအနုဿတိနိဒ္ဒေသ, ဗုဒ္ဓါနုဿတိကထာ, ဓမ္မာနုဿတိကထာ, သံဃာနုဿတိကထာ တို့၌ “ဘုရားရှင်၏ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ (နှလုံးသွင်း)သောသတိ၏ ကိန်းအောင်းရာဖြစ်သော ပုဂ္ဂိုလ်၏ခန္ဓာ ကိုယ်သည် စေတီအိမ်သဖွယ် ဘုရားကျောင်းသဖွယ် ဖြစ်သောကြောင့် လည်းကောင်း, တရားဂုဏ်တော်ကို အောက်မေ့သော သတိ၏ ကိန်းအောင်းရာဖြစ်သော ပုဂ္ဂိုလ်၏ခန္ဓာကိုယ်သည်လည်း စေတီအိမ်သဖွယ် ပိဋကတိုက်သဖွယ်ဖြစ် သောကြောင့်လည်းကောင်း, သံဃာ့ဂုဏ်တော်ကို အောက်မေ့သောသတိ၏ ကိန်းအောင်းရာဖြစ်သော ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်လည်း သံဃာများအညီအညွတ်စုဝေးရာ ဥပုသ်အိမ်သဖွယ်ဖြစ်သောကြောင့် လည်းကောင်း ပူဇော်ခံ ထိုက်ပါပေ၏”ဟု လာရှိသောကြောင့် ဘုရားရှိခိုးနေသော မိမိ၏ကိုယ်သည် စေတီအိမ် ဘုရားကျောင်း, ပိဋကတိုက်, ဥပုသ်အိမ်သဖွယ်ဖြစ်နေ၍ မိမိထက်ကြီးသူ/ငယ်သူ မည်သူကမဆို ပူဇော်ထိုက်သော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေပါ သည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers