Friday, November 15, 2013

အချုပ်သမား၊ အရူးအား၊ လှူငြား ကုသိုလ်ရမည်လား---?


အချုပ်သမား၊ အရူးအား၊ လှူငြား ကုသိုလ်ရမည်လား?

မေး။ ။ (ဃ) ဘုရားတပည့်တော်သည် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား၊ တပည့်တော်သည် ထူးထူး ဆန်းဆန်း လှူရသောအလှူကို အင်မတန် စိတ်ဝင်စားပါတယ်ဘုရား၊ အစားအသောက်ဆိုရင်လဲ စားရခဲတဲ့အစား အသောက်, ခက်ခက်ခဲခဲနဲ စားကောင်းအောင် လုပ်ရတဲ့အစားအသောက်မျိုး, ရဟန်း, သီလရှင်, မိဘမဲ့ကျောင်းက ကလေးတွေ, ငယ်ငယ်က ပညာသင်ပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေ, သက်ကြီးရွယ်အိုတွေအား သင်္ကန်း အစား အသောက် အဝတ်အထည် အမျိုးမျိုး, ပံသုကူပစ်တာ, မမျှော်လင့်ဘဲ ကိုယ့်ရှေ့မှာ ငွေမရှိလို သေရမဲ့ ဝေဒနာရှင်မျိုး ခက်ခက်ခဲခဲနဲ့ ငွေရောလူပါ အပင်ပန်းခံပြီး ပြန်ရှင်လာရတဲ့ အလှူမျိုး အတော်များများ လှူဘူးပါတယ်၊ သစ်ပင်စိုက်လှူတာ၊ အသတ်ခံရတော့မည့် တိရစ္ဆာန်တွေကို ဝယ်ပြီး လွှတ်တာမျိုး တော်တော်များများ လှူခဲ့ဘူးပါတယ်၊ ကထိန်မဖြစ်တဲ့ ကျောင်းတွေလဲ နှစ်စဉ် ကထိန်ခင်းနိုင်အောင် လှူပေးပါတယ်၊ တပည့်တော်ကို အင်မတန်ခင်တဲ့ အဖွားက ပြောဘူးတယ်၊ အချုပ်သမားနဲ့ စိတ်ဝေဒနာရှင်အား မလှူနဲ့၊ ကုသိုလ်မရဘူးလို့ ပြောပါတယ်၊ အချုပ်ထဲ ရောက်တဲ့လူက မိုက်တဲ့လူ ရောက်တာ, လူမိုက်ကို လှူလို့ ကုသိုလ်မရဘူးလို့ ပြောပါတယ်၊ စိတ်ဝေဒနာရှင်ကို လှူရင်လဲ အလှူရှင်ကို မေတ္တာမပို့တတ်လို့ ကုသိုလ်မရဘူးလို့ ပြောပါတယ်။

တပည့်တော်က အချုပ်အနှောင်ခံရတဲ့ လူတွေကိုလဲ မုန့်ဟင်းခါးချက်ပြီး ကျွေးဘူးပါတယ်၊ တစ်နေ့တော့ တပည့်တော့်ရွှေဆိုင်ရှေ့မှာ ထိုင်ပြီး ပုတီးစိပ်နေစဉ် စိတ်ဝေဒနာရှင်တစ်ယောက် အနားမှာ လာထိုင်ပါတယ်၊ သူကိုယ်က အနံ့အသက်ကလဲ မခံနိုင်လောက်အောင် နံပါတယ်၊ ဆံပင်တွေကလဲ လိမ်ကောက် တစ်ကိုယ်လုံး ညစ်ပတ်နေပါတယ်၊ တပည့်တော်က သူ့ကို တစ်ကိုယ်လုံး သန့်ရှင်းရေးလုပ်ပေးချင်တယ်၊ လုပ်မလား?မေးတော့ ဆဲပါတယ်၊ နောက်တော့ တကယ် လုပ်ပေးမလား? မေးပါတယ်၊ တကယ်ပြောတာပေါ့လို့ ပြောတော့ သူ့ကို ရေချိုး ပေး, ဆံပင်ညှပ်ပေး ပြောပါတယ်။

တပည့်တော်လဲ စက်ကတ်ကြေးနဲ့ လှလှပပ တိုတိုလေး ဆံပင်ကို အရင်ဆုံး ညှပ်ပေးပါတယ်၊ ပတ်ဝန်းကျင်က လူတွေက လာပြီး အုံကြည့်ကြပါတယ်၊ လူတွေက အမျိုးမျိုး ဝေဖန်ကြပါတယ်၊ စိတ်ဝေဒနာရှင် အမျိုးသမီးက ဆံပင်ညှပ်ရင်း ပြောပါတယ်၊ ကျွန်မလက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိပါဘူး၊ တကယ်လို့ရှိရင်လဲ ဘယ်ဆံပင်ညှပ်ဆိုင်မှ လက်ခံပြီး ညှပ်ပေးမှာ မဟုတ်ဘူး၊ အန်တီညှပ်ပေးတာကို ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်၊ တပည့်တော် ဆံပင်ညှပ်ပြီး ရေချိုးခန်းထဲထည့်ပြီး တစ်ကိုယ်လုံး ဆပ်ပျာမွှေးနဲ့ တိုက်ပြီး ရေချိုးပေး, အဝတ်အစား သန့်တာပြန်ဝတ်ပေး, သနပ်ခါးလိမ်းပေး, သူစားချင်တဲ့ ထမင်းဟင်းကျွေး, သူသောက်ချင်တဲ့ လူပျံတော် ပတ္တမြားသွေးဆေးတိုက်ပြီး ပြန်လွှတ်လိုက်ပါတယ်။

တပည့်တော် မိသားစုက လုံးဝ မကျေနပ်ကြပါဘူး၊ အမျိုးမျိုး ပြောဆိုပါတယ်၊ တပည့်တော် ပြန်မပြောဘဲ သည်းခံပြီး စိတ်ဝေဒနာရှင်ကို အလှူလုပ်ပေးတာ (၅)ကြိမ် ရှိသွားပါပြီ၊ အဲဒီလို လုပ်ပေးတိုင်း တပည့်တော် စိတ်ချမ်းသာပါတယ်၊ ဘာမှတော့ ဆုမတောင်းမိပါဘူး၊ စိတ်ဝေဒနာရှင်ကတော့ သူ့ကို ရေလောင်းပေးတဲ့အချိန်နဲ့ ပြန်ထွက်သွားတဲ့အချိန်မှာ အန်တီကြီး ကျန်းမာပါစေ, ချမ်းသာပါစေလို့ အော်သွားပါတယ်၊ တပည့်တော်လဲ ပီတိဖြစ်ပြီး ကျန်ခဲ့ပါတယ်၊ လှူချင်တိုင်း လှူလို့မရပါဘူး၊ သူ့စိတ်ဖောက်တဲ့အချိန်ကျရင် အင်မတန် ဆိုးပါတယ်၊ စိတ်ကောင်းဝင်တဲ့အချိန်မှာသာ သန့်ရှင်းအောင် လုပ်ပေးလို့ ရတာပါ။

တပည့်တော်ကို အချုပ်သမားနဲ့ စိတ်ဝေဒနာရှင်ကို လှူတာ ကုသိုလ်ရ, မရ သိချင်ပါတယ်ဘုရား။

ဒေါ်ခင်မြအိ
အေဝမ်းရွှေဆိုင် (ရန်ကုန်မြို့)

အချုပ်သမား၊ အရူးအား၊ လှူငြား ကုသိုလ်ရပါသည်

ဖြေ။ ။ (ဃ) အချုပ်သမားနှင့် စိတ်ဝေဒနာရှင်အား လှူတာ ပြုလုပ်နိုင်ခဲတဲ့ကုသိုလ်ကို ပြုလုပ်နိုင်တာမို့ ကုသိုလ်ရ ပါတယ်၊ ပတ်ဝန်းကျင်ဝေဖန်မှုတွေကို သည်းခံကာ ပြုလုပ်ရ၍ စိတ်ဓာတ်မြင့်မားသူတို့သာ ပြုလုပ်နိုင်သော ကောင်းမှုဖြစ်ပါတယ်။ ဆုမတောင်းသော်လည်း သံသရာ၌ ကျင်လည်ရဆဲအခါမှာ ထိုအလှူခံပုဂ္ဂိုလ်မျိုးကဲ့သို့ ဖြစ်လိမ့်မည်မဟုတ်ဟု ယူဆပါတယ်။

ဥပရိပဏ္ဏာသပါဠိတော် ဒက္ခိဏာဝိဘင်္ဂသုတ်ဝယ် ဘုရားရှင်က ညီတော် ရှင်အာနန္ဒာမထေရ်အား အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးကို ဟောတော်မူပါတယ်—

အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေးယောက်
၁။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်၊
၂။ ပစ္စေကဗုဒ္ဓါ၊
၃။ ဘုရားရှင်၏တပည့် ရဟန္တာ၊
၎။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်နေသော ပုဂ္ဂိုလ်၊
၅။ အနာဂါမ်ပုဂ္ဂိုလ်၊
၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်နေသော ပုဂ္ဂိုလ်၊
၇။ သကဒါဂါမ်ပုဂ္ဂိုလ်၊
ဂ။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်နေသော ပုဂ္ဂိုလ်၊
၉။ သောတာပန်ပုဂ္ဂိုလ်၊
၁ဝ။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်နေသော ပုဂ္ဂိုလ်၊
၁၁။ သာသနာပအခါ ဝိက္ခမ္ဘနပဟာန်ဖြင့် ရာဂကို ပယ်ခွါပြီးသော ကမ္မဝါဒီ ကိရိယဝါဒီ လောကီအဘိညာဉ်ရ ပုဂ္ဂိုလ်၊
၁၂။ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊
၁၃။ သီလမရှိသော ပုထုဇဉ်ပုဂ္ဂိုလ်၊
၁၄။ တိရစ္ဆာန်တို့ ဖြစ်၏— ဟု လာရှိသောကြောင့်လည်းကောင်း,

ထိုပါဠိတော်, အဋ္ဌကထာတို့ကိုပင် မှီးငြမ်း၍ သုတေသန သရုပ်ပြ အဘိဓာန် (၆၄)မှာလည်း— ဒါနမှုကို ခံယူထိုက်သူ ၁၄-ပါး ဟူ၏။

(၁) တိရစ္ဆာန် သတ္တဝါ၊
(၂) လူဒုဿီလခေါ် တံငါ, မုဆိုးစသော ဒုစရိုက်မှု ပြုလုပ်သူများ၊
(၃) လူသီလဝန္တခေါ် သာသနာပအခါမျိုး၌ ၅-ပါးသီလမြဲသူများ၊
(၄) ရသေ့ ပရိဗိုဇ်ခေါ် သာသနာပအခါ ဈာန် အဘိညာဉ်ရ ပုဂ္ဂိုလ်များ၊
(၅-၈) မဂ္ဂဋ္ဌာန်ခေါ် ဖိုလ်သို့ မျက်မှောက်ပြုရန် မဂ်၌ ကျင့်ဆဲပုဂ္ဂိုလ် ၄-ယောက်။
(၉-၁၂) ဖလဋ္ဌာန်ခေါ် ဖိုလ်လေးပါး၌ တည်နေသော ပုဂ္ဂိုလ် ၄-ယောက်၊
(၁၃) ပစ္စေကဗုဒ္ဓါခေါ် ဘုရားမပွင့်မီကာလ၌ ပွင့်သော ဘုရားငယ်၊
(၁၄) မြတ်စွာဘုရားသခင်—
ဟု လာရှိသောကြောင့်လည်းကောင်း တိရစ္ဆာန်အားပင် ပေးလှူကောင်းလျှင် လူရင့်မကြီးဖြစ်သော အချုပ်သမားနှင့် စိတ်ဝေဒနာရှင်အား လှူတာ ကုသိုလ်ရ, မရ ဆိုဖွယ်ရာပင် မရှိချေ၊ ဧကန်မုချ ကုသိုလ်ရပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers