Friday, November 1, 2013

သံဃိကနေရာ သတိထားပါ---



သံဃိကနေရာ သတိထားပါ

သူစိလောမဘီလူး---
ကဿပဘုရားရှင်လက်ထက်တော်၌ ရဟန်းတပါးသည် ရပ်ဝေးမှ ပြန်လာ၍ ချွေးအညစ်အကြေး လူးလဲလိမ်းကျံနေတဲ့ ကိုယ်ဖြင့် ကောင်းစွာခင်းထားအပ်သော သံဃိကကုတင် ညောင်စောင်းကို မရိုမသေနဲ့ အခင်းမခင်းပဲ အိပ်ခဲ့ဘူးတယ်၊ အဲဒီရဟန်းဟာ သီလစင်ကြယ်ပါလျက် တရားထူးမရဘဲ အိန္ဒိယနိုင်ငံ ဗီဟာရ်ပြည်နယ် ဂယာရွာအနီး အမှိုက်များကို စွန့်ပစ်ရာအရပ်မှာ အပ်နှင့်တူတဲ့ အမွေးရှိသော “သူစိလောမ”အမည်ရှိတဲ့ ဘီလူးဖြစ်ရတယ် ။

ခရလောမဘီလူး---
ရှေးက သီလရှိတဲ့ ဒကာတဦးဟာ သူတော်ကောင်းတယောက်ဖြစ်ပါလျက် သံဃိက ကျောင်းတော်မှာ အဆန်းတကြယ် ခင်းထားတဲ့ နေရာ၌ မိမိအပေါ်ရုံကို မခင်းဘဲ လျောင်းအိပ်ခဲ့ဖူးတယ်၊ အဲဒီအပြစ်ကြောင့် အမွေးအလွန်ကြမ်းသော “ခရလောမ”အမည်ရှိ ဘီလူးဖြစ်ခဲ့ရတယ် ။

ဗိမ္ဗိသာရမင်းကြီး---
ဘုရားရှင်ရဲ့ ပဌမဆုံးကျောင်းဒကာ ဗိမ္ဗိသာရမင်းကြီးဟာ ဘုရားရှင်တရားတော်ကို နာယူရ၍ သောတာပန်ဖြစ်ရပါလျက် ရှေးက ဘုရားရင်ပြင်တော်ပေါ်ဝယ် ဖိနပ်စီးကာ သွားမိခြင်း, သံဃာတော်များထိုင်ဖို့ ခင်းထားတဲ့ သင်ဖြူးဖျာပေါ်ကို ခြေမဆေးဘဲ တက်နင်းခြင်းတို့ကြောင့် ခြေဖဝါး ဓားခွဲ၍ ဆားထည့်ထားတဲ့ ဆီဖြင့် လိမ်းကျံလျက် ရှားမီးကျီးပေါ်မှာ အကင်ခံရကာ နတ်ရွာစံခဲ့ရပါတယ်။

 ဒါ့ကြောင့် သံဃိကကျောင်းတော်များပေါ်နှင့် ဥဒ္ဒိဿကစေတီထိုက်တဲ့ ဘုရားဆင်းတုတော်များရှေ့တော်ဝယ် ဖိနပ်စီးခြင်း, မသန့်ရှင်းတဲ့ခြေ တို့ဖြင့် နင်းခြင်း, နေထိုင်ခြင်းတို့ကို မပြုလုပ်သင့်ကြောင်း သတိပေး စကား ပြောကြားပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers