Saturday, November 23, 2013

သရဏဂုံ စွဲမြဲထုံ ကျွတ်တန်းဝင်နိုင်ပုံ---?



မြန်မာပြည်, ရန်ကုန်တိုင်း, မရမ်းကုန်းမြို့နယ်
ဒေါ်တင်စိန် (ယောဂီ)၏ လျှောက်ထားသော မေးခွန်းများမှာ---

ရတနာသုံးအင်၊ ယုံကြည်လျှင်က၊
မှန်ပင် မုချ၊ တစ်ချိန်ကျသော်၊
ဒုက္ခကုန်စင်၊ ကျွတ်တန်းဝင်နိုင်ပါသလော?

မေး။ ။ (က) အရှင်ဘုရား၊ ရတနာ (၃)ပါးကို ယုံကြည်သူအားလုံးသည် တစ်ချိန်ချိန်တွင် ကျွတ်တန်းဝင်နိုင်ပါ သလား? ဘုရား။

ရတနာသုံးအင်၊ ယုံကြည်လျှင်က၊
မှန်ပင်မုချ၊ တစ်ချိန်ကျသော်၊
ဒုက္ခကုန်စင်၊ ကျွတ်တန်းဝင်လိမ့်။

ဖြေ။ ။ (က) ရတနာ(၃)ပါးကို ယုံကြည်သူအားလုံးသည် တစ်ချိန်ချိန်တွင် ကျွတ်တန်းဝင်နိုင်ပါသည်။

တိသရဏဂမနီယတ္ထေရာပဒါန်၌ “ဝိပဿီဘုရားလက်ထက်တော်ဝယ် မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးသော အမျိုးကောင်းသားတစ်ယောက်သည် အဂ္ဂသာဝက နိသဘထေရ်ထံမှ သရဏဂုံသုံးပါးကိုခံယူလျက် အနှစ်တစ်သိန်းပတ်လုံး စောင့်ရှောက်ခဲ့သော ကောင်းမှုကြောင့် သေလွန်သည့်အခါ တာဝတိံသာနတ်ပြည်၌ ဖြစ်ရလေသည်၊ သံသရာ၌ ကျင်လည်နေရစဉ်ဝယ် လူ့နတ်စည်းစိမ်တို့ကို အကြိမ်ကြိမ် ခံစားရလျက် ငါတို့ဘုရား လက်ထက်တော်ဝယ် သာဝတ္ထိမြို့တော်၌ ပစ္စည်းဥစ္စာချမ်းသာသောအမျိုးမှာ ဖြစ်ရပြီးလျှင် ခုနစ်နှစ်သားအရွယ်တွင် သူငယ်ချင်းများနှင့်အတူ ကျောင်းတိုက်တစ်တိုက်သို့ သွားသောအခါ ရဟန္တာတစ်ပါးက ထိုသူငယ်အား တရားဟော၍ သရဏဂုံပေးလေသည်၊ သူငယ်သည် သရဏဂုံယူပြီး, မိမိ၏ရှေးဘဝ၌ ဆောက်တည်ဘူးသော သရဏဂုံကို အောက်မေ့လျက် ဝိပဿနာပွါးများသောကြောင့် ရဟန္တာဖြစ်ခဲ့လေသည်။

တိသရဏဂမနိယတ္ထေရအပဒါန်၌ တိသရဏဂမနိယထေရ်ကိုယ်တိုင် ပြန်လည်မိန့်ဆိုသော သရဏဂုံဆောက်တည်ရခြင်း၏ အကျိုးအချို့ကို ဖော်ပြရလျှင်—

ငါသည် ထိုစဉ်အခါက ဘုရားရှင်၏တပည့်မြတ်ဖြစ်သော အဂ္ဂသာဝက နိသဘထေရ်ထံမှ သရဏဂုံကို ဆောက်တည် ခံယူ၏။

ငါသည် အနှစ်တစ်သိန်းကာလပတ်လုံး သရဏဂုံကို ပြည့်စုံစွာ စောင့်ရှောက်၏၊ စုတိစိတ်ကျခါနီး ဖြစ်လတ်သော် ငါသည် ထိုသရဏဂုံကုသိုလ်ကို အောက်မေ့၏၊ ငါသည် ကောင်းစွာပြုအပ်သော ထိုကောင်းမှုကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရ၏။

နတ်ပြည်သို့ လားရသည်ဖြစ်လတ်သော် ကောင်းမှုကံနှင့်ပြည့်စုံသော ငါသည် ငါကပ်ရောက်ရာ အရပ်တိုင်း၌ ရှစ်ပါးသော (ချမ်းသာခြင်း၏)အကြောင်းတို့ကို ရ၏။

သရဏဂုံအကျိုး ဤရှစ်မျိုး
(၁) အရပ်ရှစ်မျက်နှာတို့၌ အပူဇော်ခံရ၏၊
(၂) ထက်မြက်သော ပညာရှိသူလည်း ဖြစ်၏။
(၃) ခပ်သိမ်းသော နတ်တို့သည်လည်း ငါ့အလိုသို့ လိုက်ရကုန်၏။
(၄) မနှိုင်းယှဉ်နိုင်သော စည်းစိမ်ကို ရ၏။
(၅) ခပ်သိမ်းသောဘဝတို့၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၍ သူတစ်ပါးတို့ နှစ်လိုဖွယ်ဖြစ်၏။ ငါ၏အကျော်အစောသည် ပြန့်နှံ့၍ တက်၏။
(၆) အကြိမ်ရှစ်ဆယ် သိကြားမင်းအဖြစ်ကို ရ၍ နတ်သမီးတို့ဖြင့် ခြံရံလျက် နတ်စည်းစိမ်ကို ခံစားရ၏။
(၇) ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်းဖြစ်ရပြီး, ပဒေသရာဇ်မင်းအဖြစ်သည်ကား မရေတွက်နိုင်။
(၈) အဆုံးဘဝဝယ် သာဝတ္ထိပြည်တွင် အလွန်ကြွယ်ဝချမ်းသာသော အမျိုး၌ဖြစ်၍ ခုနစ်နှစ်သားအရွယ် ရဟန္တာတစ်ပါးထံမှ သရဏဂုံကို ကြားနာရသောကြောင့် မိမိ၏ (အတိတ်က ဆောက်တည်ခဲ့သော) သရဏဂုံကို အမှတ်ရအောက်မေ့မိရကား တစ်နေရာတည်း၌ ထိုင်၍ အရဟတ္တဖိုလ်သို့ ရောက်၏၊ ရဟန္တာအဖြစ်သို့ ရောက်၏-ဟု မိန့်ပါသည်။

သရဏဂုံအကျိုးပြ နောက်ဇာတ်လမ်းတစ်ပုဒ်က အပဒါန်ပါဠိတော် သရဏဂမနိယတ္ထေရာပဒါန်လာ သရဏဂမနိယထေရ်၏အကြောင်း ဖြစ်၏၊ ပဒုမုတ္တရဘုရားလက်ထက်တော်ဝယ် ဟိမဝန္တာ၌ နတ်မင်းတစ်ပါးသည် အခြားသော နတ်ဘီလူးမင်းနှင့် စစ်ပြင်ချိန်တွင် ဘုရားရှင်ကြွရောက်တော်မူလျက် တရားရေအေး တိုက်ကျွေးသဖြင့် စစ်ပြေငြိမ်းခဲ့လေသည်၊ ထိုနတ်မင်းသည် ထိုစဉ် ဘုရားရှင်ကို ကိုးကွယ်ဆီးကပ်ခဲ့သော သရဏဂုံကောင်းမှုကြောင့် လူနတ်စည်းစိမ် ကြိမ်ဖန်များစွာ ခံစားရလျက် ငါတို့ဘုရားရှင်လက်ထေက်တော်ဝယ် သရဏဂမနိယထေရ်အမည်ဖြင့် ရဟန္တာ ဖြစ်ခဲ့လေသည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers