Wednesday, March 27, 2013

ရှေးရှေးအခါ လွယ်ကူစွာ တရားရကြတာ၊ ယခုချိန်ခါ...?



Daw Helen, Daly City လျှောက်ထားသော မေးခွန်းမှာ---


ဘုရားလက်ထက်၊ ဓမ္မစက်၊ ရချက်လွယ်လှသည်၊
ယခုအခါ၊ ဘာကြောင့်ပါ၊ လွန်စွာ ခက်လှသည်၊
အကြောင်းခြင်းမှာ၊ ခြားနားရာ၊ သေချာ မိန့်လိုသည်။

မေး။ ။ (က) ဘုရားရှင်လက်ထက်က လူအများဟာ လွယ်ကူစွာ တရားရကြပြီး, ရဟန်းတော်များမှာလည်း လွယ်ကူစွာပင် ရဟန္တာ ဖြစ်ခဲ့ကြပါတယ်ဘုရား၊ ယခုအခါမှာတော့ မဖြစ်ကြတာဟာ ဘာကြောင့်ပါလဲဘုရား?

At the time of the Buddha, people got enlightment (realized the truth) easily and monks became Arahant easily, too. Why nowadays is it very difficult and hardly?


ဖြေ။ ။ Daw Helen ရဲ့ မေးခွန်းများနှင့်ပတ်သက်၍---

(က) ဘုရားလက်ထက်တော်က တရားဟောကြားတော်မူတဲ့ ပုဂ္ဂိုလ်ကလည်း သတ္တဝါတွေရဲ့ အလိုစရိုက်ကို သိတော်မူတဲ့ ဘုရားဖြစ်ခြင်း, တရားနာသူတွေကလည်း အများအားဖြင့် ပါရမီရှိသူတွေ ဖြစ်ခြင်းတို့ကြောင့် လူအများဟာ လွယ်ကူစွာ တရားရခဲ့ကြသည်၊ ရဟန်းတော်များဟာလည်း အများအားဖြင့် ပါရမီပြည့်ဝလျက် ဘုရားရှင်နှင့် ကြုံတွေ့ကြကာ ဘုရားအဆုံးအမတော်အတိုင်း လိုက်နာကျင့်ကြံကြသဖြင့် လွယ်ကူစွာပင် ရဟန္တာ ဖြစ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ တရားဟော တရားပြဆရာများကလည်း ဘုရားရှင်ကဲ့သို့ ပုဂ္ဂိုလ်ရဲ့စရိုက်ကို မသိနိုင်ကြခြင်း, တရားနာသူ ကျင့်ကြံ အားထုတ်သူများကလဲ အများအားဖြင့် ပါရမီဓာတ်ခံအားနည်းခြင်း, လောကီအာရုံ ကာမဂုဏ်တွေ နှိပ်စက်မှုဒဏ်ကြောင့် ကောင်းစွာ မလိုက်နာ မကျင့်ကြံနိုင်ကြခြင်းတို့ကြောင့် တရားထူးမရ, ရဟန္တာမဖြစ်နိုင်ကြတာ ဖြစ်ပါတယ်၊ လုံးဝ တရားထူးမရ, ရဟန္တာ မဖြစ်ကြတာတော့ မဟုတ်ပါ၊ အစစ်အမှန် တရားထူးရတဲ့ပုဂ္ဂိုလ်တွေက တန်ဖိုးမဖြတ်နိုင်သော ရတနာကို ရရှိထားသူကဲ့သို့ မိမိတို့သိထား ရထားတဲ့တရားထူးကို အများသိအောင် ကြေညာကြ ပြောပြကြလိမ့်မည်မဟုတ်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Tuesday, March 26, 2013

အသက်မက လုံသီလ သောတာပန္န ခေါ်ဆိုကြ



ကိုဇာနီ (Daly City) လျှောက်ထားသော မေးခွန်းများမှာ---
 
မေး။ ။ လျှောက်ထားအပ်ပါသည်ဘုရား---

သောတာပန်ဖြစ်, မဖြစ်။ ဘယ်စနစ်။ စိစစ် သိမည်နည်း…?
(က) သောတာပန်ဖြစ်နေ, မနေ ဘယ်လို သိနိုင်ပါသလဲ…?

သောတာပန္န။ ဖြစ်ပြီးမှ။ ရောက်ရနိဗ္ဗာန်လော…?
(ခ) နိဗ္ဗာန်မရောက်မီ သောတာပန်အရင် ဖြစ်ဖို့ လိုပါသလား…?

သောတာပန်ဖြစ်ဖို့ရာ။ လိုဆုံးမှာ။ ဘယ်ဟာ ဖြစ်သနည်း…?
(ဂ) သောတာပန်ဖြစ်ဖို့ အလိုအပ်ဆုံးအရာက ဘာတွေဖြစ်နိုင်ပါသလဲဘုရား…?

ဖြေ။ ။ ကိုဇာနည်ရဲ့ မေးခွန်းများနှင့် ပတ်သက်၍---

(က) သောတာပန်ပုဂ္ဂိုလ်ဆိုတာ အရိယကန္တသီလခေါ်တဲ့ ငါးပါးသီလကို အသက်နှင့်ထပ်တူ ကာကွယ် စောင့်ရှောက်ပါတယ်။ ရတနာသုံးပါးလည်း အဝေစ္စပသာဒ မတုန်မလှုပ် မယိမ်းမယိုင် အကြွင်းမဲ့ ယုံကြည်ပါတယ်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရစေကာမူ ရတနာသုံးပါးကို မစွန့်လွှတ်တော့ပါဘူး ။ ဒိဋ္ဌိ (အယူမှားမှု) ဝိစိကိစ္ဆာ (ယုံမှားသံသယမှု) တို့ကိုလည်း အကြွင်းမဲ့ ပယ်သတ်ပြီး အပါယ်လားကြောင်း မကောင်းမှုအကုသိုလ်များကိုလည်း ဘယ်သောအခါမှ မပြုလုပ်တော့ပါဘူး ၊ အဲဒီလို အခြေအနေအရ သိနိုင်ပါတယ်၊

(ခ) နိဗ္ဗာန်ရောက်ဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ဆိုတာ “သောတာပန်စတဲ့ အရိယာမဖြစ်ပဲ နိဗ္ဗာန်ကိုမရောက်နိုင် မျက်မှောက်မပြုနိုင်ပါဘူး၊"

(ဂ) သောတာပန်ဖြစ်ဖို့ အလိုအပ်ဆုံးအရာများက “သောတာပတ္တိယင်္ဂခေါ် သောတာပန်ဖြစ်ဖို့ အကြောင်း ၄-ပါး ဖြစ်တယ်"---

၁၊ သပ္ပုရိသသံသေဝ- သူတော်ကောင်းကို မှီဝဲရခြင်း။
(မဂ်ဖိုလ်လမ်းပြ ဘုရားအစရှိတဲ့ သူတော်ကောင်းနှင့် ပေါင်းသင်းမှု)။
၂၊ သဒ္ဓမ္မဿဝန- သူတော်ကောင်းတရားကို နာရခြင်း။
(လျောက်ပတ်တဲ့ ပိဋကတ်တရားတော်ကို နာကြားမှု။
ခန္ဓာနာမ်ရုပ်နှင့်စပ်တဲ့ သူတော်ကောင်းတရားကို နာကြားရမှု)။
၃၊ ယောနိသောမနသိကာရ- သင့်သောအကြောင်းအားဖြင့် နှလုံးသွင်းရခြင်း။
(အနိစ္စအစရှိသည်၏ အစွမ်းအားဖြင့် နှလုံးသွင်းမှု)။
၎၊ ဓမ္မာနုဓမ္မပဋိပတ္တိ- လောကုတ္တရာအားလျော်တဲ့အကျင့်ကို ကျင့်ရခြင်း။
(မဂ်ဖိုလ်ရကြောင်း ကျင့်မှု)။

ဤကား သောတာပန်ဖြစ်ဖို့ အကြောင်း ၄-ပါး (သောတာပတ္တိမဂ်ကို ရခြင်း၏အကြောင်း ၄-ပါး)ဖြစ်တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

မတူကွဲပြား လုံးရေထား လိုရာစွဲသုံး ပုတီးကုံး



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား

ပုတီးလုံးရေ၊ ထားပုံတွေ၊ ကွဲလေ ဘာ့ကြောင့်နည်း?

(ဃ) ပုတီးလုံးရေကို ဘာကြောင့် ၉-လုံး, ၂၄-လုံး, ၃၂-လုံး, ၃၇-လုံး, ၁ဝ၈-လုံး စသည်ဖြင့် မတူကွဲပြားစွာ ထားရပါသလဲဘုရား?

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

(ဃ) “မိမိသုံးစွဲသည့် ပုတီးနှင့်ပတ်သက်၍ ရည်ရွယ်ချက်ရှိရမည်" လို့ မင်းကွန်း တိပိဋကဓရဆရာတော် ဘုရားကြီးရဲ့ မိန့်တော်မူချက်နှင့်အညီ ပုတီးလုံးရေများ မတူကွဲပြားရခြင်း အကြောင်းရင်းမှာ ရည်ရွယ်ချက် ကွဲပြားခြားနားခြင်းကြောင့်ပင် ဖြစ်သည်ဟု ဆိုရမည်----

၁။ ရတနာသုံးပါးကို ရည်ရွယ်၍ ပုတီးလုံးရေ ၃-လုံး၊
၂။ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်၍ ၈-လုံး၊
၃။ ဘုရားဂုဏ်တော်ကိုးပါးကို ရည်ရွယ်၍ ၉-လုံး၊ သို့မဟုတ်
“သဝေမပါ ကိုးဂါထာ”ခေါ် သရဏဂုံသုံးပါး သုံးကြိမ် (၃x၃=၉)ကို ရည်ရွယ်၍ ၉-လုံး၊
၎။ မီးဆယ့်တစ်တန် ငြိမ်းအေးရန်ကို ရည်ရွယ်၍ ၁၁-လုံး ၊
၅။ ပဋ္ဌာန်း ၂၄-ပစ္စည်းကို ရည်ရွယ်၍ ၂၄-လုံး၊
၆။ ကိုယ်ခန္ဓာရဲ့အစိတ်အပိုင်း ၃၂-မျိုး (၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းစီးဖြန်းရန်ကို ရည်ရွယ်၍ ၃၂-လုံး၊
၇။ ဗောဓိပက္ခိယတရား ၃၇-ပါးကို ရည်ရွယ်၍ ၃၇-လုံး၊
၈။ မြတ်စွာဘုရား၏ (၁ဝ၈)ကွက် စက်လက္ခဏာတော်များကို ရည်ရွယ်၍ ၁ဝ၈-လုံးတို့ ထားတယ်-လို့ ဆိုပါတယ်။

ဆူးခါးဆရာတော်ရဲ့အဆုံးအဖြတ်ကတော့ ဘုရားရှင်ရဲ့သာသနာတော်ကို ကြည်ညိုဆည်းကပ်ကြတဲ့ သူတော် ကောင်းတို့သည် သမထဝိပဿနာ ဘာဝနာနှစ်ပါး ကိစ္စပြီးဘွယ် အကြောင်းဖြစ်တယ်-လို့ နှလုံးသွင်း၍ (၁ဝ၈)လုံး ပုတီးပြုလုပ် ရွတ်ကြ စိပ်ကြရာ—

ဗုဒ္ဓဂုဏံ ဆပညာသံ၊
ဓမ္မဂုဏံ အဋ္ဌတိံသံ။
သံဃဂုဏဉ္စ စုဒ္ဒသံ၊
ကတွာ သုခံ ဖလံ လဘတိ။
ဟူ၍ သာမညဂါထာပြုလုပ်ပြီးလျှင် “ဘုရားဂုဏ်တော် ၅၆, တရားဂုဏ်တော် ၃၈, သံဃာ့ဂုဏ်တော် ၁၄= သုံးစုပေါင်း ၁ဝ၈-ရသော သင်္ကေတစကားသည် ပါဠိအဋ္ဌကထာဋီကာများ၌ တိုက်ရိုက် မလာသော်လည်း သွယ်ဝိုက်သောအားဖြင့် ထောက်ဆဆင်ခြင်လျှင် အသင့်ပင်ဖြစ်သည် (လောကီ အင်္ဂုတ္တိုရ်ကျမ်း၌ အကျယ်ရှုပါ)”လို့ မိန့်မှာပါတယ်။

ဒီစကားအရ ဘုရားဂုဏ်တော် ၅၆-ပါးဆိုသည်မှာ “ဣတိပိ သော ဘဂဝါ-မှ ဗုဒ္ဓေါ ဘဂဝါတိ" အထိ အက္ခရာ လုံးရေ ၅၆, တရားဂုဏ်တော် ၃၈-ပါးဆိုသည်မှာ “သွာက္ခာတော-မှ ဝိညူဟီတိ" အထိ အက္ခရာလုံးရေ ၃၈, သံဃာ့ ဂုဏ်တော် ၁၄-ပါးဆိုသည်မှာ “သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော" ဆိုတဲ့ ပဌမဂုဏ်တော်ရဲ့ အက္ခရာလုံးရေ ၁၄= စုစုပေါင်း ၁ဝ၈-လုံး ဖြစ်ပါတယ်။

အခြားအယူအဆများမှာ “ပုတီးသမိုင်းနှင့် ပုတီးစွမ်း အမျိုးမျိုး" စာအုပ်အဆိုအရမူ ဘုရားဂုဏ်တော် ၉-ပါး, သံဃာ့ဂုဏ်တော် ၉-ပါးတို့ကို ၁၂-ပတ်ဖြင့် နဝင်းကြေစိပ်ရန်လည်းကောင်း (၉x၁၂=၁ဝ၈), တရားဂုဏ်တော် ၆-ပါးကို ၁၈-ပတ်ဖြင့် အပြတ်စိပ်နိုင်ရန်လည်းကောင်း(၆x၁၈=၁ဝ၈) ရည်ရွယ်၍ ပုတီးစေ့ကို ၁ဝ၈-လုံး ထားတယ်-လို့ ဆိုပါတယ်။

ဘုန်းကြီးရဲ့အယူအဆပြောရလျှင် တဏှာအစစ် ၁ဝ၈-ပါးကို ပယ်သတ်ရန်ကို ရည်ရွယ်၍ ၁ဝ၈-လုံးထားတယ် လို့လည်း ဆိုနိုင်ပါတယ်။

တဏှာသုံးတန်၊ တည်ထားပြန်၊ အာ, ကာ, သန်နှင့်မြှောက်၊
တဏှာအစစ်၊ တရာ့ရှစ်၊ ဖြစ်၏ လူမှာရောက်။
တဏှာ ၃-ပါးကိုတည် အာယတန ၆-ပါးx ကာလ ၃-ပါးx သန္တာန် ၂-ပါးတို့ဖြင့် ဆက်လက် မြှောက်ပါက တဏှာအစစ် ၁ဝ၈-ပါး ဖြစ်တော့၏(၃x၆x၃x၂=၁ဝ၈)။

ဂျပန်မဟာယာနဗုဒ္ဓြွဘာသာအရ ကိလေသာ ၁ဝ၈-ပါး (百八煩悩Hyakuhachi Bonnou) ကို ပယ်သတ်ရန် ရည်ရွယ်၍ ၁ဝ၈-လုံး ထားတယ်-လို့ ဆိုပါတယ်။

မည်သို့ပင် လုပ်ရိုးလုပ်စဉ် အစဉ်အလာအရ ပုတီးလုံးရေ ကွဲပြားခြားနားမှု ရှိစေကာမူ ပုတီးတစ်ကုံး၌ လုံးရေ ဘယ်မျှသာ ရှိရမည်-လို့တော့ သတ်မှတ်ချက် မရှိပါ။

ရည်ရွယ်ချက်တွေ၊ မတူပေ၊ ကွဲလေ အကြောင်းတည်း။
ရတနာသုံးပါး၊ ရည်ရွယ်ငြား၊ ပြုထား သုံးလုံးတည်း။
မဂ္ဂင်ရှစ်ဖြာ၊ ရည်ရွယ်ကာ၊ ပြုရှာ ရှစ်လုံးတည်း။
ဂုဏ်တော်ကိုးပါး၊ ရည်ရွယ်ငြား၊ ပြုထား ကိုးလုံးတည်း။
သဝေမပါ၊ ကိုးဂါထာ၊ ရွယ်ကာ ကြောင်းတစ်နည်း။
မီးဆယ့်တစ်တန်၊ ငြိမ်းဖို့ရန်၊ ထားပြန် ဆယ်တစ်တည်း။
ပစ္စည်းနှစ်ဆယ့်လေး၊ မျှော်ရည်တွေး၊ ပြုရေး ၂၄လုံးတည်း။
သုံးဆယ့်နှစ်ခု၊ ကာယစု၊ မျှော်ရှု သုံးဆယ့်နှစ်တည်း။
ဗောဓိပက္ခိယ၊ ရည်မျှော်ဆ၊ ပြုကြ သုံးဆယ့်ခွန်တည်း။
တရာ့ရှစ်ကွက်၊ စက်လက္ခဏာ၊ ရည်ရွယ်ကာ၊ ပြုတာ ၁ဝ၈ တည်း။
ကိုးဂုဏ် ဆယ့်နှစ်ပတ်၊ နဝင်းပြတ်၊ ပြုအပ် ၁ဝ၈ တည်း၊
ခြောက်ဂုဏ် ဆယ့်ရှစ်ပတ်၊ ရည်မျှော်လတ်၊ ပြုအပ်နောက်တည်း။
တဏှာအစစ်၊ တရာ့ရှစ်၊ ပယ်ပစ် မျှော်သတည်း၊
တရာ့ရှစ်ဆို၊ ဘွန်းနိုးကို၊ ပယ်လို ဂျပန်ယူသတည်း။
တရာ့ရှစ်မှာ၊ နည်းစုံဖြာ၊ လိုရာ ယူတော့တည်း။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

ထွက်လေ၀င်လေ မရှိသူ ထက်ထက်အောင်,ကိုမူ...?



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား

ထွက်လေ ဝင်လေ၊ မရှိပေ၊ မှတ်လေ သူရှစ်မျိုး၊
စံပြကျောင်းသူ၊ ထက်ထက်ဟူ၊ သေမူ မပုပ်သိုး၊
ဘယ်လိုမျိုးမှာ၊ သူဝင်ပါ၊ ကျမ်းလာ ဖြေကာကိုး။

ထွက်လေဝင်လေ မရှိသူ ၈-မျိုး (ရေနစ်သူ, မေ့မြောသူ, သေသူ နိရောဓသမာပတ်ဝင်စားသူ, ဗြဟ္မာ) စသည်-ဟု မနေ့က သင်ယူမိသောအခါ မကြာသေးခင်က သိလိုက်သော သေပြီး မပုပ်မသိုးတဲ့ စံပြကျောင်းသူ မထက်ထက်အောင်သည် ဘယ်အမျိုးအစားမှာ ပါဝင်နေပါသလဲဘုရား?

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

 မေးခွန်းရှင်အနေနဲ့ ထွက်လေဝင်လေ မရှိသူ ၈-မျိုးကို သိထားပေမဲ့ စာရှုသူများအနေနဲ့လည်း သိထားသင့်ပါ တယ်။

ထို ၈-မျိုးမှာ---
၁။ အမိဝမ်းတွင်း၌ နေသူ၊
၂။ ရေထဲ၌ နစ်မြုပ်နေသူ, ငုပ်နေသူ၊ (ကိရိယာဖြင့် ရေငုပ်သူ Diver ကို မဆိုလို)၊
၃။ မေ့မျောနေသူ၊
၎။ သေသူ၊
၅။ စတုတ္ထဈာန်ဝင်စားနေသူ၊
၆။ ရူပဗြဟ္မာ၊
၇။ အရူပဗြဟ္မာ၊
၈။ နိရောဓသမာပတ်ဝင်စားနေသူ---

ဤ ၈-ယောက်တို့သည် အသက်မရှူကြ-ဟု ကျမ်းဂန်များ၌ လာရှိပါတယ် ။ ထို ၈-မျိုးတို့တွင် သေပြီး မပုပ် မသိုးတဲ့ စံပြကျောင်းသူ မထက်ထက်အောင်က “သေ၍ ထွက်လေဝင်လေကင်းသွားတဲ့ နံပါတ် ၄-အမျိုးအစား”မှာ ပါဝင်ပါတယ်။


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့


ကျောက်မဲမြို့  အမှတ်(၈)ရပ်ကွက်နေ ဦးဇော်နီ + ဒေါ်နန်းရွှေအိမ် (ဟိန်း-ဗီဒီယို)တို့၏ 
တစ်ဦးတည်းသောသမီး - အသက် (၁၄) နှစ်ရှိ (မထက်ထက်အောင်) 
အဌမတန်း (A) အထက-၁ ၏ ကွန်လွန်ခြင်း  မှတ်တမ်း

Monday, March 25, 2013

သင်္ကန်းအလှူ နှစ်ခုမူ၊ ကထိန်,၀ါဆို တူ,မတူ



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား---

ဝါဆိုသင်္ကန်း၊ ထိန်သင်္ကန်း၊ လှူဒါန်း ဘယ်သို့ ခြားသနည်း?

ဝါဆိုသင်္ကန်းနှင့် ကထိန်သင်္ကန်း ဘယ်လို ခြားနားပါသလဲဘုရား။

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

ကျောင်းတိုက် တစ်ခုခု၌ ဝါဆိုတဲ့ရဟန်းတော်များအား ဤဝါဆိုသင်္ကန်းကို လှူဒါန်းပါ၏-ဟု ဆို၍ လှူဒါန်းတဲ့ သင်္ကန်းသည် “ဝါဆိုသင်္ကန်း" ဖြစ်တယ်၊ ဝါဆိုသင်္ကန်းကို ပုဂ္ဂိုလ်တစ်ပါးပါးအားဖြစ်စေ, ၂-ပါး ၃-ပါးစတဲ့ ရဟန်းတော်အစုအားဖြစ်စေ, သို့မဟုတ် သံဃာအားဖြစ်စေ လှူဒါန်းနိုင်တယ်၊ ဆိုလိုတာက ပုဂ္ဂိုလ်အားဖြစ်စေ, သံဃာအားဖြစ်စေ လှူလို့ရတယ်၊ ကာလအားဖြင့်လဲ ဝါမဆိုခင်ဖြစ်စေ, ဝါဆိုပြီး ဝါတွင်းမှာဖြစ်စေ, ဝါကျွတ်ပြီးမှဖြစ်စေ အချိန်မရွေး လှူဒါန်းနိုင်တယ်။

ကထိန်သင်္ကန်းက "ဤကထိန်သင်္ကန်းကို သံဃာအား လှူဒါန်းပါ၏" ဟု ဆို၍ လှူဒါန်းရတဲ့ သင်္ကန်းဖြစ်တယ်၊ ဤကထိန်သင်္ကန်းကိုတော့ သံဃာအားသာ လှူဒါန်းရတယ်၊ ပုဂ္ဂိုလ်အား ရည်ရွယ်လှူဒါန်းလျှင် ကထိန်သင်္ကန်း မဖြစ်ဘူး၊ ရဟန်းကလဲ သင်္ကန်းလှူအောင် အရိပ်အမြွက်တောင် မပြောကောင်းဘူး၊ အရိပ်အမြွက်ပြောမိလို့ လှူလာတဲ့သင်္ကန်းဟာလဲ ကထိန်သင်္ကန်း- မဟုတ်တော့ဘူး၊ ကာလအားဖြင့်လဲ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ တစ်လအတွင်း၌သာ ကထိန်သင်္ကန်းကို လှူဒါန်းလို့ရတယ်။


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

ကျယ်,တိုး,ရွတ်ဖတ် တရားမြတ် အကျိုးမည်သို့ရှိသတတ်



မကေသီ (Katherine Chen), 935 Higate Dr., Daly City, CA 94015 လျှောက်ထားသော မေးခွန်းမှာ-

မေး။ ။ အရှင်ဘုရား---

တရားတော်များ၊ ရွတ်ဖတ်ပွါး၊ သံကား ကျယ်ကျယ်နှင့်၊
ကျယ်ကျယ်မဖတ်၊ စိတ်နှင့်မှတ်၊ ရွတ်ဖတ်တစ်မျိုးနှင့်၊
အကျိုးတရား၊ တူသလား၊ ဖြေကြား ပေးဖို့သင့်။

တရားတော်များ ရွတ်ဖတ်ပွါးများရာတွင် အသံထွက် ကျယ်ကျယ်ရွတ်တာနဲ့ စိတ်တွင် ရွတ်ဖတ်တာ ဘယ်က အကောင်းဆုံးနည်း ဖြစ်ပါသလဲ? အကျိုးတရားက အတူတူဘဲလားဘုရား?

ဖြေ။ ။ မကေသီရဲ့ မေးခွန်းများနှင့်ပတ်သက်သော အဖြေများမှာ---

တရားတော်များ ၏ရွတ်ဖတ်ရာတွင် နတ်စတဲ့ တပါးသူတွေကို နာကြားစေချင်တဲ့ စိတ်ဖြင့် ရွတ်ဖတ်ပါက အသံကျယ်ကျယ်နဲ့ ရွတ်တာက ကောင်းပါတယ်၊ မိမိတစ်ဦးတည်း စိတ်တည်ငြိမ်မှုကိုသာ ရည်ရွယ်ပါက အသံတိုးတိုး, သို့မဟုတ် စိတ်ထဲမှာ ရွတ်ဖတ်တာ အကောင်းဆုံးနည်း ဖြစ်ပါတယ်၊ အကျိုးတရားက မိမိ၏စိတ်ထားပေါ်မှာ တည်နေပါတယ်၊ စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် ရွတ်ဖတ်တဲ့ တရားတော်များအပေါ်မှာ စိတ်ထားလျက် အနက်အဓိပ္ပါယ်များကို နားလည်၍ ရွတ်ဖတ်ပါက အကျိုးကြီးပါတယ်။

တစ်နည်းအားဖြင့် “ရွတ်ဖတ်နှင့် ပွါးများ" ၂-ခုခွဲလျက် တရားတော်များ ရွတ်ဖတ်ရာတွင် သူတပါးတွေလဲ သိပါစေ, နာကြားနိုင်ကြပါစေ-ဆိုတဲ့စိတ်ဖြင့် ရွတ်ဖတ်လျှင် အသံထွက် ကျယ်ကျယ်ရွတ်တာ ကောင်းပါတယ်၊ မိမိအတွက်သာ ဆိုရင်တော့ ကျယ်ကျယ် တိုးတိုး ၂-မျိုးလုံးနဲ့ ရွတ်ဖတ်နိုင်ပါတယ်။ တရားတော် ပွါးများရာမှာတော့ စိတ်ထဲက ပွါးများတာ အကောင်းဆုံးပါဘဲ။


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Sunday, March 24, 2013

ရဟန်းနှင့် ဖို ဘာလိုလို


ဒေါက်တာတင်အောင် (ဆန်ဖရန်စစ္စကိုမြို့) လျှောက်ထားသောမေးခွန်းများမှာ---


မေး။ ။ ဆရာတော်ဘုရား---

ဖိုထိုးရွှေမှန်း၊ ထိုရဟန်းနှင့်၊ ဆင့်တန်းသီလ၊ ဝိသေသ၊ တူမျှပါသလော?

(က) ဝိသေသဘာဂိယသီလ (သမထတရား-သီလ) သည် ရွှေဖြစ်အောင် ဖိုထိုး နေသော ရဟန်းနှင့် တူပါသလား?

အင်္ဂဝိဇ္ဇာ၊ ဟောဆရာ၏၊ ကျင့်ရာမှုနှင့်၊ ထူးပြုသီလ၊ ဝိသေသ၊ တူကြပါသလော?

(ခ) အင်္ဂဝိဇ္ဇာဆန်ဆန် ဟောပြောနိုင်သော ရဟန်းပုဂ္ဂိုလ် (ဥပမာ- တောင်တွင်းကြီးဆရာတော်) တို့၏ ကျင့်ကြံမှုမှာ ‘ဝိသေသဘာဂိယသီလ' နှင့် တူပါသလား?

ဒေသနာကြား၊ ပြုပြီးငြား၊ နောက်ကား အာပတ်ဖြေမည်လော?

(ဂ) ဒေသနာကြားပြီး အာပတ်ပြန်ဖြေလို့ ရပါသလား?

ဖြေ။ ။ ဒေါက်တာတင်အောင်ရဲ့ မေးခွန်းများနှင့် ပတ်သက်သော အဖြေများမှာ---

(က) ပြည့်စုံ စင်ကြယ်တဲ့ သီလရှိပြီး ဈာန်သမာဓိရဖို့အတွက် အားထုတ်နေတဲ့ ရဟန်းရဲ့ သီလသည် “ဝိသေသဘာဂိယသီလ (ထူးခြားသောအဖို့ရှိသောသီလ)” မည်၏ လို့ ဝိသုဒ္ဓိမဂ်မှာ လာသောကြောင့် ရွှေဖြစ်အောင် ဖိုထိုးနေသော ရဟန်းနှင့် မည်သို့မျှ မတူပါ, မသက်ဆိုင်ပါ။

(ခ) အခါတပါး အရှင်သာရိပုတ္တရာထေရ်သည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်များကို အစာကျွေးရာဖြစ်သော ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်က သုစိမုခီအမည်ရှိ ပရိဗိုဇ်မသည် မထေရ်မြတ်အား လျှောက်ထားပါတယ်- “အရှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော? နှမငါသည် အောက်သို့ငုံ့၍ မစားပါ။ အရှင်ရဟန်းသို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော? နှမငါသည် အထက်သို့ မော့၍ မစားပါ။ အရှင်ရဟန်းသို့ဖြစ်လျှင် အရပ်လေး မျက်နှာသို့ လှည့်၍ စားပါသလော? နှမငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ။ အရှင်ရဟန်း သို့ဖြစ်လျှင် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော? နှမငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ" ဟု မထေရ်မြတ်က ဖြေကြားတော်မူ၏။

ပရိဗိုဇ်မက “အရှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော? ဟု ဤသို့မေးရာတွင် နှမငါသည် အောက်သို့ငုံ့၍ မစား" ဟု ဆို၏၊ “အရှင်ရဟန်းသို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော? ဟု ဤသို့မေးရာ တွင် နှမ ငါသည် အထက်သို့ မော့၍ မစား" ဟု ဆို၏၊ “အရှင်ရဟန်းသို့ဖြစ်လျှင် အရပ်လေး မျက်နှာသို့ လှည့်၍ စားပါသလော? ဟု ဤသို့မေးရာတွင် နှမငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစား" ဟု ဆို၏၊ “အရှင်ရဟန်း သို့ဖြစ်လျှင် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော? ဟု ဤသို့မေးရာတွင် နှမငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ မစား" ဟု ဆို၏။ “အရှင်ရဟန်းသို့ဖြစ်လျှင် အဘယ်သို့ စားပါသနည်း? ဟု မေးလျှောက်ပြန်လေ၏။

မထေရ်မြတ်က “နှမ မြေယာအကြောင်းအရာကို တတ်သိသော ဝတ္ထုဝိဇ္ဇာ ဟူသော မဂ်ဖိုလ်မှ ဖီလာ အတတ်ဖြင့် မှားသောအသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အောက်သို့ ငုံ့၍ စားသူတို့-ဟု ဆိုအပ်ကုန်၏၊ နက္ခတ်အကြောင်းအရာကို တတ်သိသော နက္ခတ္တဝိဇ္ဇာ (astronomy) ဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထက်သို့ မော့၍ စားသူတို့- ဟု ဆို အပ်ကုန်၏၊ တမန်အမှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်၍ မှားသောအသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အရပ်လေးမျက်နှာသို့ လှည့်၍ စားသူတို့- ဟု ဆိုအပ်ကုန်၏၊ မိန်းမယောက်ျားတို့၏ အင်္ဂါလက္ခဏာကို တတ်သိသော အင်္ဂဝိဇ္ဇာ (the art of prognosticating from marks on the body, chiromantics, palmistry etc.) ဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍ စားသူတို့- ဟု ဆိုအပ်ကုန်၏။

နှမ ငါကား ဝတ္ထုဝိဇ္ဇာဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက် မမွေး၊ နက္ခတ္တဝိဇ္ဇာဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မမွေး၊ တမန်အမှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်၍ မှားသော အသက်မွေးခြင်းဖြင့် အသက်မမွေး၊ အင်္ဂဝိဇ္ဇာဟူသော မဂ်ဖိုလ်မှ ဖီလာအတတ်ဖြင့် မှားသော အသက်မွေးခြင်းဖြင့် အသက်မမွေး၊ တရားသဖြင့် ဆွမ်းကိုရှာ၏၊ တရားသဖြင့် ဆွမ်းရှာ၍ စား၏" ဟု မိန့်ဆိုတော်မူ၏။

ထိုအခါမှာ သုစိမုခီပရိဗိုဇ်မသည် ရာဇဂြိဟ်မြို့ဝယ် လမ်းတခုမှ လမ်းတခုသို့, လမ်းဆုံတခုမှ လမ်းဆုံတခုသို့ ချဉ်းကပ်ပြီးလျှင် “သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့သည် တရားနှင့် လျော်စွာ အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့သည် အပြစ်မရှိသောအားဖြင့် အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းတို့အား ဆွမ်းလှူကြကုန်လော့" ဟု တိုက်တွန်းနှိုးဆော်လေ၏ ။

ဤသုတ်တော်လာ အရှင်သာရိပုတ္တရာထေရ်၏အဆိုအမိန့်ကို ထောက်၍ အင်္ဂဝိဇ္ဇာဆန်ဆန် ဟောပြောနိုင်သော ရဟန်းပုဂ္ဂိုလ်တို့၏ ကျင့်ကြံမှုမှာ ဘယ်လိုမှ ‘ဝိသေသဘာဂိယသီလ' နှင့် မတူပါ။

(ဂ) ဒေသနာကြားခြင်းသည်ပင် အာပတ်ဖြေတာ ဖြစ်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers