Thursday, May 9, 2013

ရဟန္တာမှာ လက်ဖျောက်ဟာ ဘာကြောင့်တီးခဲ့တာ...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


လက်ဖျောက်တီးရာ၊ ရဟန္တာ၊ ကြောင်းရာ ဘယ်သို့နည်း?

မေး။ ။(ခ) ရဟန္တာ လက်ဖျောက်တီးသည့်အကြောင်း ရှင်းပြပေးတော်မူပါဘုရား။

ဖြေ။ ။(ခ) ဘုရားရှင်လက်ထက်တော်မှာ တစ်နေ့တွင် အရှင်မဟာကဿပမထေရ်က နိရောဓသမာပတ်မှထ၍ ရာဇဂြိုဟ်မြို့ထဲ၌ အိမ်စဉ်လှည့်ကာ ဆွမ်းခံဖို့ ကြွအလာ သိကြားမင်းရဲ့အလုပ်အကျွေး နတ်သမီးငါးရာဟာ ဆွမ်းလောင်းလှူဖို့ လမ်းခရီးအကြားဝယ် စောင့်နေကြရာမှ “အရှင်ဘုရား ဤဆွမ်းကို အလှူခံတော်မူပါ၊ တပည့်တော်မတို့အား ချီးမြှင့်တော်မူပါဘုရား”လို့ လျှောက်ထားတောင်းပန်ကြတယ်၊ မထေရ်မြတ်က “သင်တို့ ဖဲသွားကြစမ်း၊ ငါက ဆင်းရဲသူတွေအား ချီးမြှင့်မှာဖြစ်တယ်”လို့ မိန့်တော်မူတဲ့အခါ နတ်သမီးတွေက “အရှင်ဘုရား တပည့်တော်မတို့အား မဖျက်ဆီးပါလင့်၊ တပည့်တော်မတို့အား ချီးမြှင့်တော်မူပါဘုရား”လို့ ထပ်မံ လျှောက်ထားကြပြန်တယ်၊ မထေရ်မြတ်က တစ်ဖန်ပယ်မြစ်ပေမဲ့ ဖဲမသွားလိုကြပဲ ထပ်မံ တောင်းပန်ကြပြန်တဲ့အခါမှာတော့ နတ်သမီးများကို မထေရ်မြတ်က “သင်တို့ဟာ ကိုယ့်ပမာဏကို ကိုယ်မသိကြ၊ ဖဲသွားကြလော့”လို့ မိန့်တော်မူကာ လက်ဖျောက်တီးတော်မူလိုက်ပါတယ်၊ နတ်သမီးများဟာ မထေရ်မြတ်ရဲ့ လက်ဖျောက်တီးသံကို ကြားရလျှင် မထေရ်မြတ်ရဲ့မျက်မှောက်၌ တည်နေခြင်းငှါ မတတ်နိုင်ကြတော့ပဲ ထွက်ပြေးကြကာ တာဝတိံသာနတ်ပြည်သို့ ပြန်သွားခဲ့ကြရပါတယ်။

နိရောဓသမာပတ်မှထတော်မူကြတဲ့ ဘုရား, ရဟန္တာ အရှင်မြတ်တွေဟာ ဆင်းရဲသားများအားသာ ချီးမြှင့်လေ့ရှိတော်မူကြပါတယ်၊ နတ်ကိုမဆိုထားဘိ လူချမ်းသာများအားပင် ချီးမြှင့်တော်မမူကြပါ၊ နတ်သမီးတွေက ပကတိ မိမိတို့နတ်အသွင်အတိုင်း ဆွမ်းလှူတော့ အရှင်မြတ်ကြီးက ဘယ်မှာလက်ခံပါ့မလဲ? ပြောမရတဲ့အဆုံးတော့ အရှင်မြတ်ကြီးက နတ်သမီးတွေကို လက်ဖျောက်တီး၍ မောင်းထုတ်လိုက်တာပါဘဲ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers