Sunday, May 5, 2013

ရင်နှစ်သည်းချာ ချနင်းတာ မည်သည့်အကြောင်းရာ---?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ကမ္ဘာမီးလောင်၊ သားကောင်ချနင်း၊ ဆိုလိုရင်း၊ တိုရှင်း လင်းတော်မူ။

မေး။ ။(ည) ဆရာတော်--- မိခင်များသည် သားသမီးအပေါ် အသက်တမျှ ချစ်ကြသည်ဆိုတာ သိပါသည်၊ ဒါပေမဲ့ ဘာ့ကြောင့် “ကမ္ဘာမီးလောင် သားကောင်ချနင်း" ဆိုသော စကားပုံ ပေါ်ထွက်လာရသနည်းဘုရား?

ကမ္ဘာမီးလောင်၊ သားကောင်ချနင်း၊ လောကတွင်း၊ ပုံသွင်းစကားမှာ၊
အဓိပ္ပါယ်နက်၊ သိဖို့တွက်၊ ဖြေလျက် ပြတော်မူပါ။

ဖြေ။ ။(ည) “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုသောစကားပုံအရ ကမ္ဘာမြေကြီး မီးလောင်သကဲ့သို့ အလွန်တရာ ပူပြင်းသောအခါ မိခင်ဖြစ်သူသည် မိမိသက်သာရာရစေရန် မိမိသားသမီးကိုပင် မြေ၌ချ၍ နင်းသည်ဆိုသောအဓိပ္ပါယ်မှာ မိခင်သည် သားသမီးအပေါ် ချစ်မြတ်နိုးသည်မှန်သော်လည်း မိမိကိုယ်တိုင် အတိဒုက္ခရောက်လာသောအခါ မိမိသား သမီးကိုပင် မငဲ့ညှာနိုင်သည့်အခြေအနေမျိုး ကြုံတွေ့ရာတွင် မိမိလွတ်မြောက်ရာ လွတ်မြောက်ကြောင်းကိုသာ လုပ်ဆောင်ရာ၌ သုံးစွဲသောစကားပုံဖြစ်သည်။

“ကိုယ်မချိ အမိသော်လည်း သားတော်ခဲ”
“ကိုယ်မချိ အမိ သားကို မတွယ်တာ”

ဆိုသောစကား ပုံတွေလည်း အလားတူ အဓိပ္ပါယ်ပင် ဖြစ်သည်၊ မိခင်ဟာ လွန်စွာ ဆင်းရဲဒုက္ခရောက်နေသောအခါ မိမိ၏ သားသမီးကို ကျွေးမွေး ပြုစုခြင်းငှါ မစွမ်းနိုင်၍ တစ်ရပ်တစ်ကျေး ပေးပစ်သည်, ရောင်းစားပစ်ကြသည်။ ယခုခေတ် စစ်ကာလ ဗရုတ်ဗရက်ထဲမှာ ပြေးလားလွှားလားနှင့် သားသည်အမေတွေတောင် ကလေးများကို မခင်တွယ်နိုင်တော့ပဲ ကိုယ်လွတ်ရုံး၍ ပြေးကြရသည်။ အဲဒီလို အခြေအနေမျိုးမှာ ဒီစကားပုံများကို သုံးပါသည်။

မူရင်းဖြစ်ရပ်ကတော့ “လွန်လေပြီးသော တစ်ခါက သဲကန္တာရခရီးခဲမှ လှည်းကုန်သည်တို့သည် ထိုသဲကန္တာရကို လွန်မြောက်ရန် နံနက်စောစောထ၍ လှည်းများကို အဆောတလျင် မောင်းနှင်ကြရာ ထိုလှည်းကုန်သည် အပေါင်းထဲမှ သားငယ်နှင့် မိန်းမသည် ကျန်ရစ်၏၊ ထိုမိန်းမသည် ခေါင်းပေါ်မှာ တောင်းကို ရွက်၍ သားငယ်ကို ချီပိုးလျက် လိုက်သွားလေသော် နေမြင့်လာသောအခါ သဲပူလွန်းသဖြင့် ခြေဖြင့် မနင်းနိုင်ပဲ ခေါင်းပေါ်မှ တောင်းကိုချ၍ နင်းရသည်၊ တောင်းကိုချ၍ နင်းသော်လည်း ပြင်းစွာ ပူလောင်လာသောအခါ ခေါင်းခုအဝတ်ကို ချ၍ နင်းရပြန်သည်၊ ခေါင်းခုအဝတ်ပူလာပြန်သောအခါ သည်းမခံနိုင်တော့ရကား သားကို မတွယ်တာနိုင်ပဲ သားငယ်ကို သဲပြင်မှာချ၍ တက်နင်းလေတော့သည်၊ နောက်ဆုံးတွင် ထိုသဲပူပြင်၌ပင် အမိရော သားပါ နှစ်ယောက်လုံး သေဆုံးခြင်းသို့ ရောက်ရလေသည်။ ထိုဖြစ်ရပ်ကို ရည်ရွယ်၍ “ကမ္ဘာမီးလောင် သားကောင်ချနင်း”စတဲ့ စကားပုံများ ဖြစ်ပေါ်လာဟန်တူ ပါသည်။

ဒီအကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ ရူပက္ခန္ဓာ အဖွင့် (အဘိ၊ ဋ္ဌ၊ ၂၊ ၅), သံယုတ္တနိကာယ် ခန္ဓဝဂ္ဂအဋ္ဌကထာ ခဇ္ဇနီယသုတ်အဖွင့် (သံ၊ ဋ္ဌ၊ ၂၊ ၂၆၈)တို့၌ ကြည့်ရှု နိုင်သည်။ မြန်မာဆိုရိုးစကား (၁၂), မြန်မာစကားပုံ (၈)နှင့် ဝိစိတ္တရပေါရာဏစကားပုံအဖြေကျမ်း၊ ပထမတွဲ (၁၂-၁၃) တို့၌လည်း ကြည့်ရှုနိုင်ပါသည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers