Thursday, May 23, 2013

မိမိဘာဆင့် ပြောကြားလင့် မည်သည်အပြစ်သင့်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ရဟန်းတော်များ၊ ထူးတရား၊ ပြောကြား ကောင်းသလော?

မေး။ ။(စ) ရဟန်းတော်များမှာ မိမိသည် ဂေါတြဘုအဆင့်ထိ ရောက်ကြောင်း ပြောကောင်းပါသလား ဘုရား?

ဖြေ။ ။(စ) ရဟန်းတော်များမှာ မိမိသည် ဂေါတြဘုအဆင့်အထိ ရောက်ကြောင်း ပြောကောင်းပါသလား? ဟူသော မေးခွန်းနှင့်ပတ်သက်၍---

မိမိက ဂေါတြဘုအဆင့်အထိသာမက ဈာန် သို့မဟုတ် မဂ် ရောက်ကြောင်းကို ရဟန်းအချင်းချင်း ပြောကောင်းပါသည်၊ လူ, သာမဏေအားသာ မပြောကောင်းပါ၊ ပြောမိလျှင် “ဘူတာရောစနသိက္ခာပုဒ်-မိမိမှာ အမှန်အကန်ထင်ရှားရှိတဲ့ ဈာန် မဂ်ဖိုလ် စတဲ့ ဥတ္တရိမနုဿဓမ္မကို လူသာမဏေအား ပြောမိ၍ ပညတ်အပ်တဲ့ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်တယ်။

ဘူတာရောစနသိက္ခာပုဒ်ကို ပညတ်ရခြင်း အကြောင်းရင်းကား “ဝေသာလီပြည်၌ ဒုဗ္ဗိက္ခန္တရကပ်ဆိုက်ရောက်စဉ် ရဟန်းတော်များ ဆွမ်းခံယူ မျှတခြင်းငှါ မလွယ်ကူကြရကား ဝမ်းရေးအတွက် လောကီဈာန်ကိုရတဲ့ ပုထုဇဉ်ရဟန်းများဟာ ဥတ္တရိမနုဿဓမ္မ ခေါ်တဲ့ ဈာန်တရားကို လူတို့အား ပြောကြတယ်၊ အရိယာရဟန်းတို့က ဝမ်းရေးကြောင့် မိမိတို့ကိုယ်တိုင် မပြောကြ၊ အခြားရဟန်းတို့က “မည်သည့်ကိုယ်တော်ကတော့ အရိယာဘဲ”လို့ ပြောသဖြင့် မိမိတို့ကို မေးလျှောက်ကြတဲ့အခါ “ဟုတ်မှန်ကြောင်းကို မိမိအတွက်လည်းကောင်း, အခြား အရိယာရဟန်းများအတွက် လည်းကောင်း” ဝန်ခံကြတယ်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ရတယ်။

ရဟန်းတော်များမှာ အမှန်အကန်ရရှိထားတဲ့ ဈာန် မဂ် ဖိုလ်တရားတို့ကို လူ သာမဏေအား ပြောကြားလျှင် ပါစိတ်အာပတ်သင့်တယ်၊ မရရှိတဲ့ ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိသလို မည်သူအားမဆို ပြောကြားမိလျှင် ပါရာဇိကကျ တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

(ပါရာဇိက=သာသနာတော်မှ ဆုံးရှုံးစေသည်=ရဟန်းမဟုတ်တော့) 



No comments:

Post a Comment

Followers