Tuesday, April 9, 2013

ဗုဒ္ဓဘုရားရှင် နိဗ္ဗာန်ဝင် သက်တမ်းမည်သို့ ဖြစ်မည်ထင်...?



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား---

ဘုရားရှင်မှာ၊ ဓမ္မတာ၊ ဆိုလာကျမ်းအရ၊
သက်တော်ငါးပုံ၊ ချန်တစ်ပုံ၊ လေးပုံသာ နေရ၊
ကဿပမြတ်စွာ၊ သက်ပြည့်သာ၊ နေရှာတော်မူပ၊
အဆိုနှစ်ပါး၊ မညီငြား၊ ကြောင်းကား ရှင်းကာပြ။

မေး။ ။(င) ကဿပဘုရားရှင်သည် အနှစ် ၂ဝ,ဝဝဝ တန်းမှာ ၂ဝ,ဝဝဝ-ထိ သက်တမ်းပြည့် နေပြီးမှ နိဗ္ဗာန်စံဝင်သည်ဟု တရားတော်တစ်ပုဒ်မှာ နာကြားရပါသည်ဘုရား၊ ဂေါတမမြတ်စွာဘုရားသည် အနှစ် တစ်ရာတမ်းမှာ ၈ဝ-အထိသာ နေရပြီး နိဗ္ဗာန်စံဝင်သည်၊ ဥတုနှင့် အာဟာရကြောင့် ဖြစ်တယ်-ဟု ဟောကြားထားပါသည်။ ဘုရားရှင်တွေဟာ သက်တမ်းပြည့်ထိ မနေဘဲ () သက်တော်အထိသာ နေပြီး နိဗ္ဗာန်ဝင်ကြသည်-ဆိုသော အချက်နှင့်မညီ ဖြစ်နေပါသည်၊ ရှင်းလင်းဖြေကြားပေးတော်မူပါအရှင်ဘုရား။

ဖြေ။ ။(င) ကဿပဘုရားရှင်သည် အနှစ် ၂ဝ,ဝဝဝ တန်းမှာ ၂ဝ,ဝဝဝ-ထိ သက်တမ်းပြည့် နေပြီးမှ နိဗ္ဗာန်စံဝင် သည်ဟု တရားတော်တစ်ပုဒ်မှာ နာကြားရတယ်- ဆိုတာက တရားဟောတဲ့ပုဂ္ဂိုလ်က-ဗုဒ္ဓဝံသပါဠိတော် ကဿပဗုဒ္ဓဝံသ, ဂါထာ နံပါတ် (၄၂)မှာ “ဝီသတိဝဿသဟဿာနိ၊ အာယု တဿ မဟေသိနော။ တာဝတာ တိဋ္ဌမာနော သော၊ တာရေသိ ဇနတံ ဗဟုံ ။

အရလည်းကောင်း, မဇ္ဈိမနိကာယ် မူလပဏ္ဏာသအဋ္ဌကထာ (မ၊ ဋ္ဌ၊ ၂၊ ၂၉)မှာ လာတဲ့ “ကဿပသမ္မာသမ္ဗုဒ္ဓေါ ဝီသတိဝဿသဟဿာနိ ဌတွာ ပရိနိဗ္ဗုတော” စကားအရလည်းကောင်း---

ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ် နှစ်သောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက် အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏”ဟူသော ပါဠိတော် တိုက်ရိုက်မြန်မာပြန်ကို ကြည့်၍ ဟောခြင်းဖြစ်ဟန်တူပါတယ်၊ အမှန်ကတော့ ဘုရားရှင်တို့၏ အာယုပရိစ္ဆေဒ (အသက်အပိုင်းအခြား) ဓမ္မတာမှာ သက်တမ်းတော်၏ ၅-ပုံတွင် ၄-ပုံသာ နေတော်မူ၍ ပရိနိဗ္ဗာန်ပြုကြကြောင်းကို သုတ်မဟာဝါအဋ္ဌကထာ မဟာပဒါနသုတ် အာယုပရိစ္ဆေဒအဖွင့်စသည်၌---

“ဣမသ္မိံ တာဝ ကပ္ပေ ကကုသန္ဓော ဘဂဝါ စတ္တာလီသဝဿသဟဿာယုကကာလေ နိဗ္ဗတ္တော၊ အာယုပ္ပမာဏံ ပဉ္စ ကောဋ္ဌာသေ ကတွာ စတ္တာရိ ဌတွာ ပဉ္စမေ ဝိဇ္ဇာမာနေယေဝ ပရိနိဗ္ဗုတော။ တံ အာယု ပရိဟာယမာနံ ဒသဝဿကာလံ ပတွာ ပုန ဝဍ္ဎမာနံ အသင်္ချေယျံ ဟုတွာ တတော ပရိဟာယမာနံ တိံသဝဿသဟဿကာလေ ဌိတံ၊ တဒါ ကောဏာဂမနော ဘဂဝါ နိဗ္ဗတ္တော။ တသ္မိမ္ပိ တထေဝ ပရိနိဗ္ဗုတေ တံ အာယု ဒသဝဿကာလံ ပတွာ ပုန ဝဍ္ဎမာနံ အသင်္ချေယျံ ဟုတွာ ပရိဟာယိတွာ ဝီသတိဝဿသဟဿကာလေ ဌိတံ၊ တဒါ ကဿပေါ ဘဂဝါ နိဗ္ဗတ္တော။ တသ္မိမ္ပိ တထေဝ ပရိနိဗ္ဗုတေ တံ အာယု ဒသဝဿကာလံ ပတွာ ပုန ဝဍ္ဎမာနံ အသင်္ချေယျံ ဟုတွာ ပရိဟာယိတွာ ဝဿသတကာလံ ပတ္တံ၊ အထ အမှာကံ သမ္မာသမ္ဗုဒ္ဓေါ နိဗ္ဗတ္တော။

ဤဘဒ္ဒကမ္ဘာမှာ ---
ကကုသန်ဘုရားရှင်သည် အနှစ် ၄-သောင်းသက်တမ်း၌ ပွင့်တော်မူ၍ အသက်အပိုင်းအခြားကို ငါးပုံပုံကာ လေးပုံတို့ပတ်လုံး တည်တော်မူပြီး ငါးခုမြောက် အပုံသည် ထင်ရှားရှိနေစဉ်ပင် ပရိနိဗ္ဗာန်စံတော်မူပြီ၊ ---

အနှစ် သုံးသောင်းသက်တမ်း၌ ပွင့်တော်မူသော ကောဏာဂုမ်ဘုရားရှင်သည်လည်း အသက်တမ်းကို ငါးပုံပုံ၍ တစ်ပုံအကျန်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့ရပြီ။ ---

အနှစ်နှစ်သောင်း သက်တမ်း၌ ပွင့်တော်မူသော ကဿပဘုရားရှင်သည်လည်း အသက်တမ်းကို ငါးပုံပုံ၍ တစ်ပုံအကျန်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။---

ဟု လာရှိသောကြောင့် ကဿပဘုရားရှင်သည် အနှစ် နှစ်သောင်းသက်တမ်းမှာ ပွင့်တော်မူသော်လည်း သက်တော် တစ်သောင်းခြောက်ထောင်၌ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်၊ ငါတို့ ဂေါတမဘုရားရှင်သည် နှစ်တစ်ရာသက်တမ်း၌ ပွင့်တော်မူသော်လည်း သက်တော် ရှစ်ဆယ်၌ ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့ရသည်မှာလည်း ဥတုနှင့် အာဟာရကြောင့် သက်တစ်ရာတမ်းတွင် ငါးပုံပုံ၍ တစ်ပုံလျော့၍ လေးပုံသာ တည်နေ ခဲ့ရ၏ဟု ဆိုလိုသည် မဟုတ်ပါ၊ ထိုအခါက လူတို့၏သက်တမ်းမှာ ဥတု အာဟာရကြောင့် သက်တမ်းဆုတ်ယုတ်သည့် ကာလ အနှစ်တစ်ရာ သက်တမ်း-ဟု ဆိုလိုခြင်းဖြစ်၏၊ ဒါ့ကြောင့် ဘုရားရှင်တို့၏ဓမ္မတာအရ သက်တမ်း၏ ငါးပုံပုံ၍ လေးပုံသာ နေတော်မူကြကြောင်းကို ယုံမှားကင်းစွာ မှတ်ယူပါလေ။

ဥပါဒိန္နကသရီရံ နာမ ခဏ္ဍိစ္စာဒီဟိ အဘိဘုယျတိ၊ ဗုဒ္ဓါ စ ခဏ္ဍိစ္စာဒိဘာဝံ အပ္ပတွာ ပဉ္စမေ အာယုကောဋ္ဌာသေ ဗဟုဇနဿ ပိယမနာပကာလေယေဝ ပရိနိဗ္ဗာယန္တိ။ (အံ၊ ဋ္ဌ၊ ၃၊ အဋ္ဌကနိပါတ၊ ဘူမိစာလသုတ္တဝဏ္ဏနာ၊ ၂၄၇။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Monday, April 8, 2013

သေကြောင်းကြံသည့် မဟာနာမ် ကံမြောက်,မမြောက် သိချင်ပြန်



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။   ။ဆရာတော်ဘုရား---

မင်းမဟာနာမ်၊ သေကြောင်းကြံ၊ ကြောင်းမှန် ဘယ်သို့နည်း?

မေး။ ။(ဃ) (၁) မဟာနာမ်မင်းကြီးဟာ သောတာပန်မှ သကဒါဂါမ်အထိ ဖြစ်နေပြီး, မြေးတော် ဝိဋဋူဘ မင်းသားနှင့် ပွဲတော်အတူ မတည်ချင်၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သည်မှာ အဘယ့်ကြောင့်ပါနည်း? (ပါဏာတိပါတကံ မြောက်ပါသလား?) 

(၂) အရိယာဖြစ်နေပါလျက် အဘယ့်ကြောင့် အဆင့်အတန်းခွဲခြားနေပါသနည်း?

ဖြေ။    ။(ဃ)။   ။(၁) မဟာနာမ်မင်းကြီးဟာ သောတာပန်မှ သကဒါဂါမ်အထိ ဖြစ်နေပြီး, မြေးတော် ဝိဋဋူဘ မင်းသားနှင့် ပွဲတော်အတူမတည်ချင်၍ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သည်မှာ ဝိဋဋူဘသည် မဟာနာမ်မင်းကြီး၏ နာဂမုဏ္ဍာ မည်သော ကျွန်မ၏ သမီး ဝါသဘခတ္တိယာမှ မွေးဖွားသော သားဖြစ်၍ မင်းတို့မည်သည် အသက်ကိုပင် စွန့်ရစေကာမူ ကျွန်မသားများနှင့် အတူတကွ ပွဲတော်တည်ခြင်း မရှိကြသောကြောင့် မင်းကြီးက “ဝိဋဋူဘသည် အတူတကွ မစားလျှင် သူ့ကို သတ်လိမ့်မည်၊ (ဝိဋဋူဘ သတ်လို့သေခြင်းထက်) မိမိအလိုလိုသာ သေရခြင်းက မြတ်သေး၏”ဟု ကြံစည်လျက် မိမိကိုယ်ကို သေကြောင်းကြံခြင်း ဖြစ်ပါသည်။

(ပါဏာတိပါတကံထမြောက်ရန် အင်္ဂါငါးပါးတွင် သူတပါး၏အသက်ကိုသတ်မှ ကံမြောက်သည်ဟု ပြဆိုရာတွင် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းလည်းဖြစ်, ကြံစည်တဲ့အတိုင်းလည်း အထမမြောက်သည်လည်း ဖြစ်ခြင်းတို့ကြောင့် ပါဏာတိပါတကံ မမြောက်ပါ။ ကြံစည်သည့်အတိုင်း အထမြောက်သည်တိုင်အောင် ပါဏာတိပါတကံ မမြောက်-ဟု ဆိုလိုသည်။)

(၂) လောကမှာ သေယျ- မြတ်သောပုဂ္ဂိုလ် (အထက်တန်းလွှာ), သဒိသ-တန်းတူဖြစ်သောပုဂ္ဂိုလ် (အလတ်တန်းလွှာ), ဟီန-အောက်တန်းကျသောပုဂ္ဂိုလ် (အောက်တန်းလွှာ) ဟု သုံးမျိုးရှိရာတွင် သေယျပုဂ္ဂိုလ်-ဆိုတာ မင်းနှင့် ရဟန်းတို့ဖြစ်၏၊ မင်းတို့မှာ “တိုင်းပြည်အားဖြင့်လည်းကောင်း, စီးပွါးဥစ္စာအားဖြင့်လည်းကောင်း, စစ်အင်အားဖြင့်သော်လည်းကောင်း ငါနှင့်တူသောသူ ဘယ်သူရှိမလဲ? ဟူ၍သော် လည်းကောင်း, ရဟန်းတို့ မှာ သီလဂုဏ် ဓုတင်ဂုဏ် စသည်တို့ဖြင့် ငါနှင့် တူသူ ဘယ်သူ ရှိမလဲ?”ဟူ၍သော် လည်းကောင်း ဤသို့ဖြစ်သော မာန်မျိုးကို “သေယျမာန-မြတ်သောသူတို့မှာ ဖြစ်သောမာန်”လို့ ခေါ်တယ်၊ ထိုမာန်မျိုးကို “ယာထာဝမာန-(မြတ်သောပုဂ္ဂိုလ်မှာ ငါ မြတ်တယ်-ဟု ယူဆသောကြောင့်) မှန်သောမာန်” ဖြစ်၍ အရဟတ္တမဂ်ဖြင့်သာ ပယ်သတ်နိုင်တယ်၊ အယာထာဝမာန်များ (မမှန်ကန်သောမာန်များ)ကိုတော့ သောတာပတ္တိမဂ်ဖြင့် ပယ်သတ်နိုင်တယ်၊ မဟာနာမ်မင်းကြီးမှာ သကဒါဂါမ်သာ ဖြစ်သေး၍ ယာထာဝမာန်ကို မပယ်နိုင်သေးသောကြောင့် “သခင်နှင့် ကျွန် -ဟု အဆင့်အတန်း ခွဲခြားမှု ရှိနေခြင်း”ဖြစ်ပါ သည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Saturday, April 6, 2013

လေးဆူဓာတ်ပုံ ရွှေတိဂုံ တကယ်ဟုတ်,မဟုတ် ဖြေဆိုပုံ



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေး။ ။ ဆရာတော်ဘုရား---

လေးဆူဘုရား၊ ဓာတ်တော်များ၊ သွင်းထား ဌာပနာ၊
ရွှေတိဂုံစေတီ၊ သမိုင်းသည်၊ ပြောပြီ စဉ်အလာ၊
ကျမ်းဂန်အရ၊ ထောက်ခါဆ၊ ဖြေပြတော်မူပါ။

မေး။ ။(ဂ) အရှင်သုမင်္ဂလ (ဒယ်အိုးဆရာတော်) ဟောကြားသောတရားတော်ထဲတွင် လေးဆူဓာတ်ပုံ ရွှေတိဂုံဟု ခေါ်ဆိုသော ရွှေတိဂုံဘုရား၌ ဘုရားလေးဆူတို့၏ဓာတ်တော်များ ရှိသည်ဆိုသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ဘုရားရှင်တို့၏ ဓာတ်တော်တို့မှာ အလွန်တန်ခိုးကြီး၍ ကမ္ဘာမြေကြီးသည် ဘုရားတစ်ဆူ၏ဓာတ်တော်မှ ပို၍ မထမ်းနိုင်ကြောင်း နာကြားရပါသည်ဘုရား၊ ကျိုးကြောင်းပြ၍ ဖြေဆိုပေးတော်မူပါဘုရား။

ဖြေ။ ။(ဂ)ရွှေတိဂုံဘုရား၌ ဘုရားလေးဆူတို့၏ဓာတ်တော်များ ရှိသည်ဆိုသောစကားနှင့် ပတ်သက်၍ စဉ်းစားဖွယ်ရာ အမှန်ပင် ဖြစ်ပါတယ်။ မိလိန္ဒမင်းကြီးက “အရှင်ဘုရား နာဂသေန ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူခြင်းဖြင့်လည်း ဤလောကသည် ဤမျှလောက် ပြောင်ပြောင်တောက်သော တရားအရောင်အလင်း ဖြစ်ပေါ်ချေသေး၏၊ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့၊ ဘုရားနှစ်ဆူတို့၏ တရားအရောင်အလင်းဖြင့် ဤလောကသည် အတိုင်း ထက်အလွန် တရားအရောင်အလင်း ဖြစ်ရာပါ၏၊ ဆုံးမတော်မူကုန်သည်ရှိသော် နှစ်ဆူသောဘုရားတို့သည် ချမ်းသာစွာ ဆုံးမတော်မူကုန်ရာပါ၏၊ သွန်သင်တော်မူကုန်သည်ရှိသော် ချမ်းသာစွာ သွန်သင်တော်မူကုန်ရာပါ၏၊ အကြင်အခြင်း အရာဖြင့် အကျွန်ုပ်သည် ယုံမှားကင်းသည် ဖြစ်ရာ၏၊ ထိုစကား၌ အကျွန်ုပ်အား အကြောင်းကို ဟောတော်မူပါလော့”ဟု လျှောက်ရာတွင်…

အရှင်နာဂသေနမထေရ်က “မင်းမြတ် ဤတစ်သောင်းသော လောကဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်၏၊ ဘုရားတစ်ဆူ၏ ဂုဏ်ကိုသာ ဆောင်နိုင်၏၊ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့၊ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ, လှုပ်ရာ၏, တုန်ရာ၏, နိမ့်ရှိုင်းရာ၏, ညွတ်ကိုင်း ရာ၏, ယိမ်းယိုင်ရာ၏, ဖရိုဖရဲ ဖြစ်ရာ၏, လွင့်ကျရာ၏, ပျက်စီးရာ၏, မိမိတည်နေရာ အတိုင်း မကပ်ရောက်နိုင်ပေရာ။

မင်းမြတ် ဥပမာ, လှေသည် ယောက်ျားတစ်ယောက်ကိုသာ ဆောင်နိုင်ရာ၏၊ တစ်ယောက်သော ယောက်ျား သည် တက်စီးသည်ရှိသော် ထိုလှေသည် ရေနှင့် ညီမျှရာ၏၊ အသက်အရွယ်, အဆင်းသဏ္ဌာန်, အပိန် အဝ, အလုံးစုံသော အင်္ဂါကြီးငယ်တို့ဖြင့် ထိုပဌမယောက်ျားနှင့်တူသော   နှစ်ယောက်မြောက် ယောက်ျားသည် လာ၍ ထိုလှေကို တက်စီးငြားအံ့၊ ထိုလှေသည် ယောက်ျားနှစ်ယောက်တို့ကို   ဆောင်နိုင်ပါမည်လော?”ဟု    မေးတော်မူ၏။

မိလိန္ဒမင်းကြီးက “အရှင်ဘုရား မဆောင်နိုင်ပါ, လှုပ်ရာပါ၏, တုန်ရာပါ၏, နိမ့်ရှိုင်းရာပါ၏, ညွတ်ကိုင်းရာ ပါ၏, ယိမ်းယိုင်ရာပါ၏, ဖရိုဖရဲ ဖြစ်ရာပါ၏, လွင့်ကျရာပါ၏, ပျက်စီးရာပါ၏, မိမိတည်နေရာအတိုင်း မရောက်နိုင်ရာပါ, ရေ၌ နစ်ရာပါ၏”ဟု လျှောက်၏။

အရှင်နာဂသေနမထေရ်က “မင်းကြီး အလားတူပင် ဤတစ်သောင်းသော လောကဓာတ်သည် ဘုရားတစ်ဆူကိုသာ ဆောင်နိုင်ရာ၏၊ ဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးကိုသာ ဆောင်နိုင်ရာ၏၊ နှစ်ဆူမြောက် ဘုရားသည် အကယ်၍ ပွင့်တော်မူငြားအံ့၊ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာ, လှုပ်ရာ၏, တုန်ရာ၏, နိမ့်ရှိုင်းရာ၏, ညွတ်ကိုင်းရာ၏, ယိမ်းယိုင်ရာ၏, ဖရိုဖရဲ ဖြစ်ရာ၏, လွင့်ကျရာ၏, ပျက်စီးရာ၏, မိမိတည်နေရာ အတိုင်း မကပ်ရောက်နိုင်ရာ”ဟု မိန့်တော်မူပါတယ်။

[မင်းကြီး ဤတစ်သောင်းသော လောကဓာတ်သည် တစ်ဆူသောဘုရားရှင် ကျေးဇူးကိုသာ ဆောင်ရွက်နိုင်၏၊ နှစ်ဆူသော ဘုရားတို့သည် ဖြစ်တော်မူကုန်အံ့၊ ဤတစ်သောင်းသော လောကဓာတ်သည် နှစ်ဆူသောဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်များကို မဆောင်နိုင်ရာ၊ တုန်လှုပ်ရာ၏၊ ယိုင်ညွတ်ရာ၏၊ ဖရိုဖရဲရှိရာ၏၊ ပျက်စီးရာ၏၊ တည်ရာအရပ်သို့ မရောက်လေရာ၊ မင်းကြီး ဥပမာသော်ကား ယောက်ျားတစ်ယောက်ကိုသာ ဆောင်နိုင်သော လှေသည် ဖြစ်အံ့၊ တစ်ယောက်သော ယောက်ျားသည် တက်စီးသော်သာ ကောင်းစွာ ဖြစ်စေနိုင်ရာ၏၊ ထိုအခါ နှစ်ယောက်မြောက်သော ယောက်ျားသည် ထိုရှေးဦးစွာသော ယောက်ျားနှင့် အသက်အရွယ် အတိုင်းအရှည် အကြုံအဆူ အင်္ဂါငါးပါးတူသည်ဖြစ်၍ ထိုလှေကို ထိုယောက်ျားပါ တက်စီးအံ့၊ မင်းကြီး… စင်စစ် ထိုလှေသည် နှစ်ယောက်သော ယောက်ျားတို့ကို ဆောင်နိုင်ရာ အံ့လော? ဟု မေးလေသော်--- အရှင်ဘုရား နှစ်ယောက်သော ယောက်ျားတို့ကို မဆောင်နိုင်ရာချေ၊ တုန်လှုပ်ရာ၏၊ ယိုင်ညွတ်ရာ၏၊ ဖရိုဖရဲပျက်စီးရာ၏၊ တည်ရာသို့ မရောက်နိုင်ရာချေ၊ ရေ၌နစ်ရာ၏-ဟု ဖြေဆိုလေသော် မင်းကြီး ထို့အတူ ဤတစ်သောင်းသော လောကဓာတ်သည် မဆောင်နိုင်ရာသည်ဖြစ်၍ တုန်လှုပ်ပျက်စီး ဖရိုဖရဲရှိ၍ တည်ရာသို့ မရောက်နိုင်ရာ-ဟု မိန့်တော်မူ၏။ (ဂုဏာလင်္ကာရ အမည်တော်ရှိ မဟာပညဝန် ထေရ်မွန်သူမြတ် စီရင်အပ်သော မိလိန္ဒပဥှာ မြန်မာဘာသာပြန်၊ ၄၁၉။)]

ဘုရားရှင်ဆိုတာ သတ္တလောက၌ တုဖက်ကင်းတဲ့ အံ့သြဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်တယ်၊ အကယ်၍ မရှေးမနှောင်း နှစ်ဆူ, လေးဆူ စသည် ဘုရားရှင်တို့ ပွင့်ထွန်းနေကြလျှင် အံ့သြဖွယ် မဖြစ်တော့ဘူး၊ ဒါ့ကြောင့် တစ်ဆူသာ ပွင့်တော်မူပြီး ထိုဘုရားရှင်ရဲ့ သာသနာ မကွယ်သရွေ့ နောက်ဘုရားတစ်ဆူ ပွင့်တော်မမူပါ ။

မိလိန္ဒပဥှာပါဠိတော်အရ တစ်သောင်းသောလောကဓာတ်အတွင်းမှာ တပြိုင်နက် ဘုရားနှစ်ဆူ ပွင့်တော်မမူဆိုရာတွင် ဘုရားတစ်ဆူ၏သာသနာတည်ရှိမှု အတိုင်းအတာကို ကျမ်းဂန်များ၌ ဓာတုပရိနိဗ္ဗာန်ဖြင့် တိုင်းတာပေးကြသည်၊ “ဓာတ်တော်များ တည်ရှိကြလျှင် ဘုရားရှင်တို့သည် တည်ရှိကုန်သည်သာ၊ ထို့ကြောင့် ဤဓာတ်တော်တို့ တည်ရှိရာ ကာလအတွင်းဝယ် အခြားသော ဘုရားရှင်၏ ပွင့်တော်မူခြင်းကို တားမြစ်အပ်သည်သာတည်း၊ ဓာတုပရိနိဗ္ဗာန် ဖြစ်ပြီးလေသော် (ဓာတ်တော်များကို တေဇောဓာတ်လောင်းကျွမ်း၍ ဓာတ်တော်များ ကွယ်ပျောက်လေသော်) ထိုဘုရား ရှင်၏သာသနာကွယ်ပြီဖြစ်၍ အခြားတပါးသော ဘုရားရှင်၏ပွင့်တော်မူခြင်းကို တားမြစ်ဖွယ်မရှိ၊ အခြားဘုရားရှင် ပွင့်တော်မူနိုင်တော့သည်သာ - ဟု ဆိုလိုတယ်။

ဤကျမ်းဂန်များအဆိုအမိန့်အရ ရှေးဘုရားသုံးဆူတို့၏ ဓာတ်တော်များသည် ဓာတုပရိနိဗ္ဗာန် ကာလများ၌ပင် တေဇောဓာတ်လောင်ကျွမ်းကာ ပျောက်ကွယ်ကုန်ပြီးဖြစ်သောကြောင့် ဘယ်လိုမှ ထိုဘုရားရှင်တို့၏ ဓာတ်တော်များသည် ရွှေတိဂုံစေတီတော်၌ ရှိမည်မဟုတ်ပါ။

ဒါ့ကြောင့် အရှင်သုမင်္ဂလ (ဒယ်အိုးဆရာတော်)   ဟောကြားသောတရားတော်ထဲတွင်   လေးဆူဓာတ်ပုံ   ရွှေတိဂုံဟု   ခေါ်ဆိုသော ရွှေတိဂုံဘုရား၌ ဘုရားလေးဆူတို့၏ဓာတ်တော်များ ရှိသည်ဆိုသည်မှာ စဉ်းစားစရာဖြစ်ကြောင်း၊ ဘုရားရှင်တို့၏ ဓာတ်တော်တို့မှာ အလွန်တန်ခိုးကြီး၍ ကမ္ဘာမြေကြီးသည် ဘုရားတစ်ဆူ၏ဓာတ်တော်မှ ပို၍ မထမ်းနိုင်ကြောင်း ဟောကြားသော တရားတော်အတိုင်း မှတ်သားနိုင်ပါသည်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Friday, April 5, 2013

အာပတ်နဲ့နော် တရားတော် ရနိုင်မရနိုင် ဖြေပါနော်...?



တပည့် ခင်ခင်ဟန် (Daly City) လျှောက်ထားသော မေးခွန်းများမှာ---


မေး။  ။ ဆရာတော်ဘုရား---

အာပတ်မဖြေ၊ တရားတွေ၊ ကြိုးလေ အားထုတ်ရာ၊
တရားမရ၊ ကြောင်းကျိုးဆ၊ ဖြေပြတော်မူပါ။

မေး။ ။(က) ရဟန်းတော်များသည် အမျိုးသမီးများနှင့် တစ်မိုးတစ်ရံထဲမှာ မအိပ်ကောင်း / အိပ်လျှင် ပါစိတ်အာပတ် သင့်သည်၊ အာပတ်မဖြေမိလျှင် တရားအားထုတ်ပါသော်လည်း မဂ်ဖိုလ်မရနိုင်ကြောင်း- တရားတော်တစ်ခု၌ နာကြားရပါသည်၊ ပြည့်စုံစွာ ဖြေကြားပေးတော် မူပါဘုရား။

ဖြေ။  ။ ခင်ခင်ဟန်၏ မေးခွန်းများနှင့် ပတ်သက်၍---
(က) ရဟန်းတော်များသည် အမျိုးသမီးများနှင့် တစ်မိုးတစ်ရံထဲမှာ မအိပ်ကောင်း/ အိပ်လျှင် ပါစိတ်အာပတ် သင့်သည်၊ အာပတ်မဖြေမိလျှင် တရားအားထုတ်ပါသော်လည်း မဂ်ဖိုလ်မရနိုင်ကြောင်း- ဟောကြားသောတရားနှင့် ပတ်သက်၍ မိမိသင့်ရောက်သော အာပတ်ကို ဖုံးကွယ်လိုစိတ်မရှိ, အကြောင်းသင့်တဲ့အခါ သံဃာ, ဂိုဏ်း, ပုဂ္ဂိုလ်ရဲ့အထံ၌ အာပတ်ဖြေမည်ဟု စင်ကြယ်လိုသော စိတ်ရှိပြီး သင့်ထားတဲ့ အာပတ်အပေါ်မှာ ဝိပ္ပဋိသာရမဖြစ်လျှင် တရားအားထုတ်ပါက မဂ်ဖိုလ်ရနိုင်ပါတယ်။

အမှန်တော့ အာပတ်ကြောင့် တရားမရတာ မဟုတ်ပဲ သင့်ထားတဲ့အာပတ်ကို ဖုံးကွယ်လိုမှု, မကုစားရသေးတဲ့ အာပတ်ကို အမှီပြု၍ နှလုံး မသာယာမှု (ဝိပ္ပဋိသာရ)ဖြစ်တတ်၏၊ ထိုနှလုံးမသာယာမှုကို အကြောင်းခံလျက် ပါမောဇ္ဇ (ဝမ်းမြောက်မှု အနုစား ပီတိ) မဖြစ်နိုင်, ပါမောဇ္ဇ မဖြစ်လျှင် ပီတိ (အရင့်စားပီတိ) မဖြစ်နိုင်, ပီတိမဖြစ်လျှင် ပဿဒ္ဓိ (ကိုယ်စိတ်ငြိမ်းအေးမှု) မဖြစ်နိုင်, ပဿဒ္ဓိမဖြစ်လျှင် သုခ(ကိုယ်စိတ်ချမ်းသာမှု) မဖြစ်နိုင်, သုခမဖြစ်လျှင် သမာဓိမရ, သမာဓိမရလျှင် ယထာဘူတ (လမ်းမှန် ကျအောင်) မသိ, ယထာဘူတ မသိလျှင် ဈာန်မဂ်ဖိုလ်ကို မရနိုင်။

ဒါကြောင့် သင့်ရောက်မိတဲ့ အာပတ်အပေါ်ဝယ် ဝိပ္ပဋိသာရ မဖြစ်ဖို့ လိုတယ်။

သံဃနာယကဥက္ကဋ္ဌ, ဗန်းမော်ဆရာတော် ဘုရားကြီးက “မဂ်ဖိုလ် နိဗ္ဗာန်ရပြီးမှ ကုစားသည့် ထုံးကို ဘေဒါနုဝတ္တကသိက္ခာပုဒ်လာ ရဟန်းတော်များ မဂ်ဖိုလ်နိဗ္ဗာန် ရပြီးမှ အာပတ်ကုစားသည့်ထုံးကို နှလုံးမူရာ၏”ဟု ဓမ္မရသ စာတမ်းများ (၁၆)၌ မိန့်တော်မူပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, April 4, 2013

ကျန်းမာရေးတွက် သေရည်စွက် သိက္ခာပျက်, မပျက်...?



ဒေါ်သန်းနွဲ့ (စက်မှု၊ ၁) တောင်သာရဲ့ လျှောက်ထားသော မေးခွန်းမှာ--- 


သားသ္မီးမျက်နှာ၊ မြင်သောခါ၊ ကျန်းမာရေးတွက်တာ၊
သင့်လျော်ဆေးခွက်၊ သေအရက်၊ ထည့်စွက် (တွဲဖက်)သောက်ရပါ
ပြစ်ရှိ, မရှိ၊ သိလိုဘိ၊ မိန့်ရှိကျမ်းအလာ။

အမေး။ ။(ဂ) တပည့်တော်တို့သည် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ ဖြစ်ငြားသော်လည်း အချို့အချို့သော အမျိုးသမီး၌ သားသမီးမျက်နှာမြင် ဖွားမြောက်ပြီးသောအခါ၌ (သည်းခံပါဘုရား) အချိန်ကာလ အပိုင်းအခြားအထိ မိမိ၏ကျန်းမာရေးနှင့်ပတ်သက်၍ လိုအပ်ပါက သင့်လျော်ရာဆေးနှင့် တွဲဖက်ပြီး အရက်သေစာကို သောက်ဆေး လူးဆေးအဖြစ် သုံးစွဲကြပါသည်ဘုရား။

ဘုရားရှင်ဟောကြားထားသော ကံငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ထိုသုရာမေရယကို သုံးစွဲခြင်းဖြင့် အပါယ်ငရဲကို ကျရောက်နိုင်သည်အထိ အပြစ်ကြီးပါသလားဘုရား? အဘယ်တရားဖြင့် ထိုအပြစ်မှ ကင်းလွတ်နိုင် ပါသလဲဘုရား? ရှင်းလင်းစွာ ဖြေကြားပေးတော်မူပါဘုရား။

အဖြေ။ ။(ဂ) အရက်ကို ဆေး၌ အနည်းငယ်ရောစွက်၍ အရက်နံ့ပျောက်လျှင် ဆေးဟူသောအမှတ်ဖြင့် သောက်ပါက အပြစ်မရှိပါ၊ အရက်ကို သူ့အတိုင်း လူးဆေးအဖြစ် သုံးနိုင်ပါတယ်၊ ကျန်းမာရေးနှင့်ပတ်သက်၍ သင့်လျော်ရာဆေးနှင့် တွဲဖက်၍ အရက်သေစာကို သောက်ဆေးအဖြစ်သုံးစွဲရာတွင် အရက်နံ့, အရက်အရသာ ရှိနေပါက သုရာမေရယသိက္ခာပုဒ် ပျက်ပါလိမ့်မည်၊ အရက်ကို အရက်အတိုင်း ဆေးအဖြစ်သောက်လျှင်တော့ ဆိုဖွယ်ရာမရှိ ဧကန် သုရာမေရယသိက္ခာ ပုဒ်ပျက်၍ အကုသိုလ်ဖြစ်ပါတယ်။

ဘုရားရှင်ဟောကြားထားသော ကံငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ထိုသုရာမေရယကို သုံးစွဲခြင်းဖြင့် အပါယ်ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံကို ကျရောက်နိုင်ပါတယ်၊ သေရည်အရက်ကိုသောက်ခြင်း၏ အပေါ့ဆုံး အသေးငယ်ဆုံး အကျိုးမှာ ရူးသွပ်ခြင်းကို ဖြစ်စေတတ်ပါတယ်၊ အရက်သေစာသောက်စားခြင်းကို အမှီပြု၍ အခြားအကုသိုလ်ကံများကို မလွန်ကျူးသေးပါက ထိုသောက်စားခြင်းမှ ရှောင်ကြဉ်လျက် သမထ ဝိပဿနာတရား ရှုမှတ်ခြင်းဖြင့် ထိုအပြစ်မှ ကင်းလွတ်နိုင်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Wednesday, April 3, 2013

၂၄-ပါး အပေါင်းထားသည့် သုံးပါးဂုဏ်တော် ဖွင့်ဆိုသော်…?



ဒေါ်သန်းနွဲ့ (စက်မှု၊ ၁) တောင်သာရဲ့ လျှောက်ထားသော မေးခွန်းမှာ---


ရတနာသုံးစုံ၊ မြတ်သည့်ဂုဏ်၊ အကုန်သိလိုပါ၊
နက်အဓိပ္ပါယ်၊ ဖွင့်အကျယ်၊ ကျိုးသွယ် မချန်ကာ၊
မေတ္တာရှေ့ထား၊ ကရုဏာပွါး၊ မိန့်ကြားတော်မူပါ။

အမေး။ ။(ခ) တပည့်တော်မတို့ ဗုဒ္ဓဘာသာဝင်များ အမြဲမပြတ် ကိုးကွယ်ဆည်းကပ်, ရွတ်ဖတ်ပူဇော်လေ့ ရှိသော ဘုရားရတနာ, တရားရတနာ, သံဃာရတနာ-ဟုဆိုအပ်သော ရတနာသုံးပါးအပေါ်၌ မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ပါဠိ အနက်သဘောကို လူတိုင်းနားလည်နိုင်ကောင်းပါသည်ဘုရား၊ သို့သော် တရားဂုဏ်တော် ခြောက်ပါး, သံဃာဂုဏ်တော် ကိုးပါးကို နားရည်ဝ၍ ရွတ်ဖတ်ပူဇော်နေကြရသော်လည်း ဂုဏ်တော်တစ်ပါးစီ၏ အစွမ်းသတ္တိကို အချို့နားလည်သဘောပေါက်၍ အချို့သူများ တစ်စေ့ တစ်ဝက်သာ နားလည်သဘောပေါက်နိုင် လောက်ပါသည်၊ သို့ပါ၍ ဤရတနာသုံးပါး၏စွမ်းရည်သတ္တိ, ပါဠိ အနက်သဘောကို အားလုံး၏ အကျိုးစီးပွါးအလို့ငှါ ဆရာတော်ဘုရားမှ မေတ္တာရှေ့ထား ကရုဏာပွါး၍ သေချာစွာ ရှင်းလင်းပေးတော်မူပါဘုရား။

အဖြေ။ ။(ခ) ဘုရားဂုဏ်တော် ကိုးပါး, တရားဂုဏ်တော် ခြောက်ပါး, သံဃာ့ဂုဏ်တော် ကိုးပါးတို့၏ အနက်အဓိပ္ပါယ်ကား ကျယ်ဝန်းလှပါတယ်။ မှတ်ဖို့လည်းလွယ်, ရွတ်ဆိုလို့လည်း လွယ်တဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ ဘုရားဂုဏ်တော် ၉-ပါး, တရားဂုဏ်တော် ၆-ပါး, သံဃာ့ဂုဏ်တော် ၉-ပါးကို မှတ်သားကြစေလို ပါတယ်။

ဘုရားဂုဏ်တော် ၉-ပါး
၁။ ဣတိပိ သော ဘဂဝါ အရဟံ,
၂။ ဣတိပိ သော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ,
၃။ ဣတိပိ သော ဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော,
၎။ ဣတိပိ သော ဘဂဝါ သုဂတော,
၅။ ဣတိပိ သော ဘဂဝါ လောကဝိဒူ,
၆။ ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ,
၇။ ဣတိပိ သော ဘဂဝါ သတ္ထာ ဒေဝမနုဿာနံ,
၈။ ဣတိပိ သော ဘဂဝါ ဗုဒ္ဓေါ,
၉။ ဣတိပိ သော ဘဂဝါ ဘဂဝါ။

၁။ အရဟံဂုဏ်တော်ဖွင့်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန- တစ်ထောင့်ငါးရာ, ကိလေသာတို့, ဝါသနာဓလေ့, အထုံငွေ့မျှ, မငွေ့မရိပ်, ဝင်းဝင်းဖိတ်သို့, ရွှေစိတ်ပျံ့သင်း, လွန်သန့်ရှင်း၍, မင်းမင်းပြည်သူ, ကြည်ဖြူကော်ရော်, အလှူတော်မှန်, အပူဇော်ကို ခံတော်မူထိုက်သော ဤအကြောင်း ကြောင့်လည်း၊ အရဟံ-အရဟံဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ကိလေသာကင်း၊ လွန်သန့်ရှင်း၍၊ မင်းမင်းပြည်သူ၊ များဗိုလ်လူတို့၊ ကြည်ဖြူကော်ရော်၊ အပူဇော်ကို၊ ခံတော်မူဘိ၊ ဤသတ္တိ၊ မည်ရှိ အရဟံဂုဏ်။

အရဟံဂုဏ်တော်အရ--
(၁) “ကိလေသာတို့မှ ဝေးကွာတော်မူ၏”ဟူသော အနက်၊
(၂) “လှူဒါန်းပူဇော်သမျှကို ခံယူတော်မူထိုက်၏”ဟူသော အနက်ကို ပြသည်။

အရဟံဂုဏ်နက် ၅-မျိုးထွက်---
(၁) အရကာမှ ဖြစ်လာတဲ့ အရဟံ-(ကိလေသာတို့မှ) ဝေးကွာတော်မူသောကြောင့် “အရဟံ” မည် တော်မူ၏။ “အရဟံ”ဟု သုံးလုံးတွဲဖတ်။
(၂) အရဟမှ ဖြစ်လာတဲ့ အရဟံ-(ပစ္စည်းအစရှိသည်တို့ကို) ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် “အရဟံ”မည်တော်မူ၏။ “အရဟံ”ဟု သုံးလုံးတွဲဖတ်။
(၃) အရိ+ဟမှ ဖြစ်လာတဲ့ အရဟံ-ကိလေသာရန်သူတို့ကို မဂ်ဖြင့် ပယ်သတ်တော်မူအပ်သောကြောင့် “အရဟံ” မည်တော်မူ၏၊ “အရ ဟံ”ဟု အရနှင့် ဟံကို ခွဲဖတ်။
(၄) အရ-ဟမှ ဖြစ်လာတဲ့ အရဟံ-သံသရာစက် အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူတတ်သော ကြောင့် “အရဟံ” မည်တော်မူ၏၊ အရ ဟံဟု အရနှင့် ဟံ ခွဲဖတ်။
(၅) န ရဟောမှ ဖြစ်လာတဲ့ (န ရဟံ အရဟံ) အရဟံ-ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော် မမူသောကြောင့် “အရဟံ” မည်၏၊ အ ရဟံ ဟု အနှင့် ရဟံ ခွဲဖတ်။

တစ်ထောင့်ငါးရာ, ကိလေသာတို့။ ။ ပုထုဇဉ်တို့၏သန္တာန်၌ ကိလေသာသည် အကျဉ်းအားဖြင့် ဆယ်ပါးရှိ၏၊ အကျယ်အားဖြင့် တစ်ထောင့်ငါးရာ ရှိ၏။ ထိုကိလေသာ တစ်ထောင့်ငါးရာတွက်ပုံကို ဦးထွန်းရွှေ၏ (ဃ)မေးခွန်းရဲ့ အဖြေ ကိုကြည့်ပါ။ (ဒီမှာ)

ဝါသနာဓလေ့ အထုံငွေ့မျှ။ ။ သတ္တဝါတို့၏သန္တာန်၌ အငွေ့အသက် ထုံလျက်ပါသော ကိလေသာတို့၏သတ္တိကို “ဝါသနာအထုံ”ဟု ခေါ်သည်၊ ရဟန္တာများသန္တာန်၌ ကိလေသာကုန်သွားသော်လည်း ဘဝဆက်တိုင်းက ပါလာသော အထုံဝါသနာမှာ မကုန်တတ်ချေ၊ ဥပမာ—စူးရှသော အရက်ထည့်ရာပုလင်းမှ အရက်ကုန်သွားသော်လည်း အရက်အနံ့ အထုံမပျောက်သကဲ့သို့တည်း၊ ဘုရားရှင်ကား ထိုကိလေသာတွေကို အငွေ့အသက် အထုံဝါသနာ ပျောက်ကင်းအောင် ပယ်တော်မူပြီးဖြစ်၍ စိတ်တော်အစဉ်သည် အမြဲအားဖြင့် ဝင်းဝင်းဖိတ်ဖိတ် အရောင်တောက်နေသလို ကြည်လင်သန့်ရှင်းတော်မူပေသည်။

၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်, များသင်္ခါရ, ဝိကာရနှင့်, လက္ခဏ ပညတ်, နိဗ္ဗာန်ဓာတ်ဟု, ငါးရပ်သိရန်, ဉေယျဓမ်ကို, ဖောက်ပြန်မရှိ, ကိုယ်တိုင်သိတော်မူသော ဤအကြောင်းကြောင့်လည်း၊ သမ္မာသမ္ဗုဒ္ဓေါ- သမ္မာသမ္ဗုဒ္ဓါဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော် မူပါပေသည်တကား။

များသင်္ခါရ၊ ဝိကာရနှင့်၊ လက္ခဏပညတ်၊
နိဗ္ဗာန်ဓာတ်ဟု၊ ငါးရပ်သိရန်၊ ဉေယျဓမ်ကို၊
ဖောက်ပြန်မရှိ၊ ကိုယ်တိုင်သိ၊ မှတ်ဘိ သမ္မာသမ္ဗုဒ္ဓဂုဏ်။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အရ “အလုံးစုံသောတရားကို ကိုယ်တော်တိုင် သိမြင်တော်မူနိုင်၏”ဟူသော အနက်ကို ပြသည်။ [သမ္မာ-မဖောက်မပြန် (အမှားမရှိအောင်)+သံ-ကိုယ်တော်တိုင်+ဗုဒ္ဓ-သိတော်မူနိုင်သည်။]

သဗ္ဗဉ်ဉာဏ်အား, စွမ်းပကားဖြင့်။ ။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်ကိုရဖို့ရန် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့်အားလျော်စွာ ဘဝအဆင့်ဆင့် ရင့်လာသော ပညာသည် ဘုရားဖြစ်သည့်အခါ သဗ္ဗညုတဉာဏ်တော်အဖြစ်သို့ရောက်၍ လွန်စွာအစွမ်းသတ္တိ ထက်မြက်ပါပေသည်။ ဗုဒ္ဓရှင်တော်၏ ဉာဏ်တော်သည်ကား သိသင့်သိဖွယ် အသွယ်သွယ်ကို မည်သူနှင့်မျှ ယှဉ်မရအောင် ရှင်းရှင်းလင်းလင်း သိတော်မူပါသည်၊ ထိုသိဖွယ်တရားများကို “ဉေယျဓံ"ဟု ခေါ်၏။ [ဉေယျ-သိသင့်သိထိုက်သော + ဓမ်=ဓမ္မ-တရား။]

၃။ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သုံးပါး ရှစ်ပါး, နှစ်မျိုးအားဖြင့်, ဟောထားပညာ, ဉာဏ်ဝိဇ္ဇာတည်း, နိဗ္ဗာနဓာတ်, အòမိက်ရပ်သို့, ဆိုက်ကပ်ရန်ဖြင့်, အမှန်သင့်သည့်, အကျင့်စရဏ, ဆယ့်ငါးဝနှင့်, တကွဥဿုံ, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဝိဇ္ဇာစရဏသမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

သုံးပါး ရှစ်ပါး၊ နှစ်မျိုးအားဖြင့်၊ ဟောထားပညာ၊ ဉာဏ်ဝိဇ္ဇာနှင့်၊ နိဗ္ဗာနဓာတ်၊ အမြိုက်ရပ်သို့၊ ဆိုက်ကပ်ရန်ဖြင့်၊ အမှန်သင့်သည့်၊ အကျင့်စရဏ၊ ဆယ့်ငါးဝနှင့်၊ ပြည့်ဝလေဘိ၊ ဤသတ္တိ၊ မည်ရှိ ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အရ---
“ဝိဇ္ဇာတရား စရဏတရားနှင့် ပြည့်စုံတော်မူ၏” ဟူသော အနက်ကို ပြ၏။ [ဝိဇ္ဇာ-အသိဉာဏ်+ စရဏ-အကျင့် + သမ္ပန္န-ပြည့်စုံ၏။]
သုံးပါး, ရှစ်ပါး- ဉာဏ်ဝိဇ္ဇာတည်း။ ။ အသိဉာဏ်ပညာဟူသော ဝိဇ္ဇာကို အချို့ သုတ္တန်ဒေသနာတော်၌ ၃-ပါး၊ အချို့သုတ္တန်ဒေသနာတော်၌ ၈-ပါးဟု ၂-မျိုးအားဖြင့် ဟောထားတော်မူသောကြောင့် “ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး”ဟု ကွဲနေသည်။

ဝိဇ္ဇာသုံးပါး---
ပုဗ္ဗေနိဝါသာနုဿတိဉာဏ်။   ။ရှေးရှေးဘဝ၌ ကြုံတွေ့ခဲ့သမျှကို   ပြန်၍   အောက်မေ့နိုင်သောဉာဏ်။
ဒိဗ္ဗစက္ခုဉာဏ်။ ။နတ်မျက်စိကဲ့သို့ ဝေးကွာသောအဆင်း, သေးငယ်သောအဆင်းကို မြင်နိုင်သောဉာဏ်။
အာသဝက္ခယဉာဏ်။ ။ကိလေသာ အာသဝေါတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။

ဝိဇ္ဇာရှစ်ပါး---
ဝိပဿနာဉာဏ်။ ။“အနိစ္စ ဒုက္ခ အနတ္တ”ဟုရုပ်နာမ်တရားအားလုံးကို သိမြင်နိုင်သောဉာဏ်။ စေတောပရိယဉာဏ်။ ။ သူတပါး၏စိတ်ကို သိနိုင်သောဉာဏ်။ မနောမယိဒ္ဓိဉာဏ်။ ။ မိမိခန္ဓာကိုယ်အတွင်း၌ အလားတူ ကိုယ်တစ်မျိုးကို စိတ်ဖြင့် ဖန်ဆင်းနိုင်သောဉာဏ်။ ဒိဗ္ဗသောတဉာဏ်။ ။ နတ်တို့၏ နားကဲ့သို့ ဝေးသောအသံ, သေးငယ်သောအသံကို ကြားနိုင်သောဉာဏ်။ ဣဒ္ဓိဝိဓဉာဏ်။ ။ မြေလျှိုး မိုးပျံ စသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်၊ ရှေ့ ၃-ပါးတွင် ဤငါးပါးကို ထည့်လျှင် ဝိဇ္ဇာရှစ်ပါးဖြစ်၏။

[ဆောင်] သုံးပါးဝိဇ္ဇာ, ပု-ဒိ-အာနှင့်, ဝိဇ္ဇာရှစ်ရပ်, ဝိပသ်-စေတော, မနောမယိဒ်, ဒိနှင့်ဣဒ်, ထည့်သိပ်ရေတွက်လေ။

နိဗ္ဗာနဓာတ်- အကျင့်စရဏ။ ။ မပျက်စီးနိုင်သောအရာကို “အမြိုက်”ဟု ခေါ်၏၊ ထိုအမြိုက်နှင့်တူသော နိဗ္ဗာနဓာတ်သို့ ရောက်ဖို့ရန် ကျင့်သော အကျင့်ကို “စရဏ”ဟု ခေါ်သည်။

စရဏ ၁၅-ပါး---
သဒ္ဓါ-“ကုသိုလ်-အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး မကောင်းကျိုးရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘဝရှိသည်”ဟု ယုံကြည်မှု၊ သတိ- ကုသိုလ်ကောင်းမှု ဆိုင်ရာ၌ အမှတ်ရမှု၊ ဟိရီ-မကောင်းမှု ဒုစရိုက်မှ ရှက်မှု၊ သြတ္တပ္ပ- မကောင်းမှု ဒုစရိုက်မှ ကြောက်လန့်မှု၊ ဝီရိယ- ကုသိုလ်ကောင်းမှုကိစ္စ၌ အားထုတ်မှု၊ သုတ- အကြားအမြင်များမှု၊ ပညာ- အရာရာ၌ တတ်သိလိမ္မာမှု။
ဤကား “သဒ္ဓမ္မ”ဟု ခေါ်အပ်သော သူတော်ကောင်းတရား ၇-ပါးတည်း။ [သူတော်ကောင်းဥစ္စာ၌ကား သတိနှင့် ဝီရိယကို နှုတ်ပြီးလျှင် သီလ (သီလစောင့်မှု), စာဂ (စွန့်ကြဲလှူဒါန်းမှု) ထည့်၍ ရေတွက်ရသည်။]

ဘောဇနေမတ္တညုတာ။ ။ စားသောက်ရာ၌ မိမိနှင့် သင့်, မသင့် နှိုင်းချင့်၍ အတိုင်းအရှည်သိမှု၊ ဇာဂရိယာနုယောဂ။ ။ နိုးနိုးကြားကြား အိပ်မှု, အအိပ်အနေ နည်းမှု၊ သီလ။ ။ ဆိုင်ရာသီလကို နေ့စဉ်စောင့်ထိန်းမှု၊ ဣန္ဒြိယသံဝရ။ ။ တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသ စသည် မဖြစ်စေဘဲ မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဣနြေ္ဒများကို ငြိမ်သက်အောင် စောင့်စည်းမှု။ ဈာန် ၄-ပါး (ပဌမဈာန်, ဒုတိယဈာန်, တတိယဈာန်, စတုတ္ထဈာန်)=ပေါင်း စရဏ ၁၅-ပါးဖြစ်၏။

[ဆောင်] သဒ္ဓါ သတိ, ဟိရီ သြတ္တ, ဝီရိယနှင့်, သုတ ပညာ, ခုနစ်ဖြာ, သဒ္ဓမ္မာ ဟုပြ။ ထိုသဒ္ဓမ္မာ, ခုနစ်ဖြာနှင့်, ဘော ဇာ သီ ဣန်, ဈာန်လေးကြိမ်ထား, ဤဆယ့်ငါး, မှတ်သား စရဏ။

“ဝိဇ္ဇာ”ဟူသော အသိဉာဏ်ရှိသော်လည်း “စရဏ”ဟူသော အကျင့်မရှိက နိဗ္ဗာန်မရနိုင်၊ “စရဏ”အကျင့်သာ ရှိ၍ “ဝိဇ္ဇာ”ဟူသော အသိဉာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲ အလွဲကို ကျင့်နေသဖြင့် ခရီးမတွင်ဘဲ ရှိမည်၊ ရှင်တော်မြတ်ဘုရားကား အထွတ်အထိပ်ဖြစ်သော ဝိဇ္ဇာ=ဉာဏ်, စရဏ=အကျင့်နှင့် ပြည့်စုံတော်မူပါပေသည်။

၎။ သုဂတဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန- ဒီပင်္ကရာ, ထွတ်ချာသနင်း, ခြေတော်ရင်းမှ, မှန်ကင်းသိရီ, ဗောဓိမဏ္ဍိုင်, ခန်းဝါပိုင်အောင်, ဆယ်ခိုင်ပါရမီ, စုံပြည့်ညီလျက်, သုံးလီဘဝ, များသတ္တ၏, သုခစီးပွါး, ကျင့်သောအားဖြင့်, မိုက်မှားအယူ, မိစ္ဆာဟူက, ဆံဖြူတစ်စိ, မကပ်ငြိဘဲ, သတိသမ္ပဇဉ်, မပြတ်ယှဉ်လျက်, သဗ္ဗဉ်ဉာဏ်တော်, ရကြောင်းရော်၍, ကြွတော်မူခဲ့သော ဤအကြောင်း ကြောင့်လည်း၊ သုဂတော-သုဂတဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ဒီပင်္ကရာ၊ ထွတ်ချာသနင်း၊ ခြေတော်ရင်းမှ၊ စ၍ဗောဓိ၊ မဏ္ဍိုင်ထိအောင်၊ ပါရမီဖြည့်ကာ၊ ကောင်းစွာ ကြွတတ်၊ ဤဗျုပ္ပတ်၊ ခေါ်အပ် သုဂတဂုဏ်။

စကားခြောက်မျိုး၊ ပြောဆိုရိုးတွင်၊ ကျိုးရှိဟုတ်မှန်၊
သူနာခံလို၊ မနာလိုဟု၊ ထိုနှစ်မျိုးသာ၊ ကောင်းမွန်စွာဖြင့်၊ ချိန်ခါချင့်မျှော်၊
ဟောတော်မူတတ်၊ ဤဗျုပ္ပတ်၊ ခေါ်အပ် သုဂတဂုဏ်။

စကား ၆-မျိုး---
(၁) မဟုတ်မမှန်, အကျိုးလည်းမရှိ, သူတပါးလည်း မလိုလား မနှစ်သက်သောစကား၊ (၂) ဟုတ်မှန်၏, အကျိုးမရှိ, သူတပါး မလိုလား မနှစ်သက်သောစကား၊ (၃) ဟုတ်မှန်လည်း ဟုတ်မှန်၏, အကျိုးလည်းရှိ၏, သူတပါးကား မလိုလား မနှစ်သက်သောစကား၊ (၄) မဟုတ်မမှန်, အကျိုးမရှိ, သူတပါး လိုလား နှစ်သက်သောစကား၊ (၅) ဟုတ်မှန်၏, အကျိုးမရှိ, သူတပါးကား လိုလား နှစ်သက်သောစကား၊ (၆) ဟုတ်မှန်လည်း ဟုတ်မှန်၏, အကျိုးလည်း ရှိ၏, သူတပါးလဲ လိုလား နှစ်သက်သောစကား။ ဤစကား ၆-မျိုးတွင် ဘုရားရှင်သည် အမှတ် (၃)နှင့် (၆) စကား ၂-မျိုးကိုသာ အခွင့်အခါကိုကြည့်၍ ပြောသင့်တဲ့အခါမှာ ပြောတော်မူပါတယ်။

သုဂတဂုဏ်တော်အရ “ကောင်းစွာကြွတော်မူခဲ့၏, ကောင်းစွာ ပြောဆိုတော်မူ၏”ဟူသောအနက်ကို ပြသည်။ [သု-ကောင်းစွာ+ ဂတ-ကြွ တော်မူခဲ့သည်။]

ထွတ်ချာသနင်း။ ။ အထွတ်အထိပ် အချုပ်အခြာ မြင့်မြတ်သော ဘုရားရှင်။
မှန်ကင်းသိရီ။ ။ ပြာသာဒ် စသည်တို့၏ အထွတ်၌ တပ်ထားအပ်သော တုရင် မှန်ကင်းကဲ့သို့ မို့မောက်နေသော မြေပေါ်ဝယ် ကျက်သရေရှိသော ဗောဓိပင်။
ဗောဓိမဏ္ဍိုင်။ ။ ဗောဓိပင်ပေါက်ရာ မြေအရပ်သည် ဇမ္ဗုဒိပ်ကျွန်း၏ အလယ်ဗဟို မဏ္ဍိုင်ဖြစ်သောကြောင့် ဗောဓိပင်ကိုလည်း “မဏ္ဍိုင်”ဟု ဆိုသည် (တစ်နည်း) ဗောဓိပင်ကိုပင်သဗ္ဗညုတဉာဏ်၏ ကြည်လင်ရာဖြစ်၍ ဗောဓိမဏ္ဍိုင်ဟု ဆိုသည်။

၅။ လောကဝိဒူဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သတ္တောကာသ, သင်္ခါရဟု, လောကသုံးဘုံ, အလုံးစုံကို, အာရုံထင်စွာ, ပိုင်းခြားကာဖြင့်, ကောင်းစွာ ကုန်စင်, သိမြင်တော်မူသော ဤအကြောင်းကြောင့်လည်း၊ လောကဝိဒူ-လောကဝိဒူ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

သတ္တ သြကာသ၊ သင်္ခါရဟု၊ လောကသုံးဘုံ၊ အလုံးစုံကို၊ အာရုံထင်စွာ၊ ပိုင်းခြားကာဖြင့်၊ ကောင်းစွာကုန်စင်၊ သိမြင်လေဘိ၊ ဤသတ္တိ၊ မည်ရှိ လောကဝိဒူဂုဏ်။

လောကဝိဒူဂုဏ်တော်အရ “လောကအားလုံးကို သိမြင်တော်မူနိုင်ပေ၏”ဟူသော အနက်ကို ပြ၏။ [လောက-ကမ္ဘာလောကကြီးကို + ဝိဒူ-သိတော်မူနိုင်သည်။]

လောကသုံးပါး---
(၁) သတ္တလောက-သက်ရှိ သတ္တဝါအပေါင်း၊
(၂) သြကာသလောက-သတ္တဝါတို့၏ တည်နေရာဘုံဌာနနှင့် ဘုံမရှိသော နေရာဌာန၊ [သတ္တဝါတို့၏မှီတင်းနေထိုင်ရာ ၃၁-ဘုံ, ရေမြေ, တောတောင်, ကောင်းကင်၊]
(၃) သင်္ခါရလောက-ရုပ်တရား, နာမ်တရားအားလုံး---ဟု လောကသုံးပါးရှိတယ်။ [သတ္တလောက သြကာသလောကတို့ကို အိုမှု နာမှု သေမှု, ဖြစ်ပျက်မှုစသော အမျိုးမျိုး အဖုံဖုံတို့ဖြင့် စီမံဖန်တီး ပြောင်းလဲ ပြုပြင်ပေးနေသော သဘောတစ်မျိုး၊]

၆။ အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန- ဆုံးမသင့်ရန်, သတ္တဝါမှန်သော်, ခြောက်တန်လျှင်ခြောက်, မြှောက်တန်မြှောက်၍, အောက်အောက်ထက်ဂုဏ်, ဆင့်ဆင့်စုံဖို့, ဖုံဖုံသင်ပေး, အစဉ်ဖေးလျက်, ယဉ်ကျေးလေအောင်, သွေးဆောင်ဆုံးမတော် မူတတ်သော ဤအကြောင်းကြောင့်လည်း၊ အနုတ္တရော ပုရိသဒမ္မသာရထိ- အနုတ္တရော ပုရိသဒမ္မသာရထိ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ဆုံးမသင့်ရန်၊ သတ္တဝါမှန်သော်၊ ခြောက်တန်လျှင်ခြောက်၊ မြှောက်တန်မြှောက်၍၊ အောက်အောက် ထက်ဂုဏ်၊ ဆင့်ဆင့်စုံဖို့၊ ဖုံဖုံသင်ပေး၊ အစဉ်ဖေးလျက်၊ ယဉ်ကျေးလေအောင်၊ သွေးဆောင်ဆုံးမတတ်၊ ဤဗျုပ္ပတ်၊ ခေါ်အပ် အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်။

အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော်အရ “ဆုံးမထိုက်သော သတ္တဝါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ စွမ်းနိုင်ပါပေသည်”ဟူသော အနက်ကို ပြသည်။ [အနုတ္တရော-အတုမရှိမြတ်သည့်+ ပုရိသ-ယောက်ျား (သတ္တဝါ)+ ဒမ္မ-ဆုံးမထိုက်သူ+ သာရထိ-ဆုံးမနိုင်သည်။]

အောက်အောက်ထက်ဂုဏ်။ ။ အောက်အောက် သီလဂုဏ်နှင့် အထက် အထက် ဈာန်မဂ်ဖိုလ်ဂုဏ်များ အဆင့်ဆင့်စုံလင်အောင် အဖုံဖုံသင်ပေးပြီးလျှင် အစဉ်မပြတ် ဖေးဖေးမမ စောင့်ရှောက်တော်မူသည်။
တောဆင်ရိုင်း, မြင်းရိုင်းများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိ ကျွမ်းကျင်သော ဆင်ဆရာ, မြင်းဆရာတို့ သည် အလွန်ရိုင်းပျသော ဆင်မြင်းများကို တဖြည်းဖြည်း ယဉ်ကျေးလာအောင် ဆုံးမပြီးလျှင် မင်းတို့၏ စီးတော်ဆင်, စီးတော်မြင်းများအဖြစ်သို့ ရောက်စေနိုင်သကဲ့သို့ ဘုရားရှင်လည်း “လောကဝိဒူ”ဂုဏ်တော်၌ ပြခဲ့သည့်အတိုင်း သတ္တဝါတို့၏အတွင်းစိတ်ကို ရှေ့နောက်ကုန်စဉ် သိမြင်တော်မူသောကြောင့် ဆုံးမဖို့ရန် သင့်တော်သော သတ္တဝါများကို တွေ့မြင်တော်မူသောအခါ ခြောက်၍ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင် ခြောက်၍ ဆုံးမတော်မူ၏၊ မြှောက်ပင့်၍ ဆုံးမမှ အကျွတ်တရားရမည်သူဖြစ်လျှင် မြှောက်ပင့်၍ ဆုံးမတော်မူသည်။

ထိုသို့ ဆုံးမရာ၌ ပင်ကိုယ်က သီလမရှိသူဖြစ်လျှင် သီလ၌တည်စေတော်မူ၏၊ သီလရှိပြန်လျှင်လည်း အထက်အထက် ဈာန်တရား, မဂ်တရားတို့ကို ထိုသူ၏ ပါရမီအားလျော်စွာ တိုးတက်၍ ရအောင် ဆုံးမတော်မူ၏၊ ထိုဘဝ၌ မည်သည့်တရားထူးကိုမျှ မရထိုက်လျှင် နောက်နောက်ဘဝ၌ အထုံပါအောင် ဆုံးမတော်မူ၏၊ ဘုရားရှင်၏ အဆုံးအမကို သီးခြားခံယူရလျှင် မယဉ်ကျေးသူ မရှိ၊ ယဉ်ကျေးသူချည်းသာ ဖြစ်ကြလေသည်။

၇။ သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-သတ္ထဝါဟော်, ကုန်သည်ကျော်သည်, ဖော်လှော်ငယ်သား, နောက်ပါများကို, ရေရှားဘေးခ, ကန္တာရမှ, ခေမမြေငူ, ထုတ်ပယ်ယူသို့, ထို့တူတစိ, ခဲယဉ်းဘိသည့်, ဇာတိ ဇရာ, မရဏာဟု, ကန္တာရကြမ်း, ခရီးလမ်းမှ, ရွှေနန်းမြေငူ, ပြည်နိဗ္ဗူသို့, နတ်လူဗြဟ္မာ, သတ္တဝါကို, ကောင်းစွာဆောင်ယူ, ကယ်တင်တော်မူတတ်သော ဤအကြောင်း ကြောင့်လည်း၊ သတ္ထာ ဒေဝမနုဿာနံ- သတ္ထာ ဒေဝမနုဿာနံ ဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

သတ္ထဝါဟော်၊ ကုန်သည်ကျော်သည်၊
ဖော်လှော်ငယ်သား၊ နောက်ပါများကို၊
ရေရှားဘေးခ၊ ကန္တာရမှ၊
ခေမမြေငူ၊ ထုတ်ပယ်ယူသို့၊
ထို့တူတစိ၊ ခဲယဉ်းဘိသည့်၊
ဇာတိ ဇရာ၊ မရဏာဟု၊
ကန္တာရကြမ်း၊ ခရီးလမ်းမှ၊
ရွှေနန်းမြေငူ၊ ပြည်နိဗ္ဗူသို့၊
နတ်လူဗြဟ္မာ၊ သတ္တဝါကို၊
ကောင်းစွာဆောင်ယူ၊ ကယ်တော်မူတတ်၊
ဤဗျုပ္ပတ်၊ မည်လတ် သတ္ထာ ဒေဝမနုဿာနံဂုဏ်။

သတ္ထာ ဒေဝမနုဿာနံ ဂုဏ်တော် အရ “နတ်လူဗြဟ္မာ သတ္တဝါတို့၏ ရှေ့ဆောင်ဦးစီး ကုန်သည်ကြီးနှင့် တူတော် မူ၏”ဟူသော အနက်ကို ပြသည်။ [ဒေဝမနုဿာနံ-ဗြဟ္မာနတ်လူတို့၏+ သတ္ထာ- (ဆရာဖြစ်၍) ကုန်သည်ကြီးနှင့် တူတော်မူသည်။] သတ္ထဝါဟော်, ကုန်သည်ကျော်သည်။ ။ သတ္ထဝါဟ-ဟူသောပါဠိကို “သတ္ထဝါဟော်”ဟု စပ်ဆိုသည်၊ ကုန်သည်ငယ်များ အကြီးအမှူးဖြစ်၍ ကူးသန်းရောင်းဝယ်မှု၌ ကျွမ်းကျင်လိမ္မာသော “ကုန်သည်ကြီး”ဟု ဆိုလို။ ကန္တာရမှ။ ။ ခြင်္သေ့ သစ်ကျား ခိုးသား ဓားပြ ပေါများ အစာရေစာရှားပါးသော ခရီးကို “ကန္တာရ”ဟု ခေါ်သည်၊ အသွားအလာ ခက်ခဲသောကြောင့် “ခရီးခဲ”ဟုလည်း ခေါ်သည်။

ကန္တာရ ၅-မျိုး---
၁။ စောရကန္တာရ- ခိုးသူခရီးခဲ၊
၂။ ဝါဠ ကန္တာရ- သားရဲခရီးခဲ၊
၃။ ဒုဗBိက္ခ ကန္တာရ-ငတ်မွတ်ခေါင်းပါး အစာရှားသော ခရီးခဲ၊
၎။ နိရုဒက ကန္တာရ- ရေမရှိသော ခရီးခဲ၊
၅။ အမနုဿ ကန္တာရ- ဘီလူးသရဲရှိသော ခရီးခဲ။
ခေမမြေငူ။ ။ ဘေးမရှိသော ကုန်းမြင့်မြေအရပ်။

ဇာတိဇရာ, မရဏာဟု။ ။ ဇာတိ-ပဋိသန္ဓေနေရမှု၊ ဇရာ- အိုမှု၊ မရဏ- သေရမှုဟူသော ဘေးကြီးတို့ဖြင့် မရှောင်သာ မတိမ်းသာအောင် ကြမ်းတမ်းသော သံသရာခရီး ကန္တာရကြီးမှ။

၈။ ဗုဒ္ဓွဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန-ဒုက္ခ သမုဒယ, နိရောဓနှင့်၊ မဂ္ဂမည်သာ, လေးသစ္စာကို, ဦးစွာပိုင်ပိုင်, သိမြင်နိုင်၍, သုံးဆိုင်ဝေနေ, များ ဗိုလ်ခြေကို, မသွေအတူ, သိစေတော်မူနိုင်သော ဤအကြောင်းကြောင့်လည်း၊ ဗုဒ္ဓေါ-ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ဒုက္ခ သမုဒယ၊ နိရောဓနှင့်၊ မဂ္ဂမည်သာ၊ လေးသစ္စာကို၊ ဦးစွာပိုင်ပိုင်၊ သိမြင်နိုင်၍၊ သုံးဆိုင်ဝေနေ၊ များဗိုလ်ခြေကို၊ သိစေတတ်သည့်၊ ဗျုပ္ပတ္တိ၊ မည်ရှိ ဗုဒ္ဓဂုဏ်။

ဗုဒ္ဓဂုဏ်တော်အရ “ကိုယ်တော်တိုင်သိ၍ သူတပါးကိုလည်း သိစေတော်မူနိုင်သည်”ဟူသော အနက်ကို ပြသည်။

၁။ ဒုက္ခသစ္စာ။ ။ (ဒုက္ခ-ဆင်းရဲခြင်း+ သစ္စာ-အမှန်) ရုပ်ခန္ဓြွာနှင့် စိတ်စေတသိက်ဟူသော နာမ်ခန္ဓွာတရားတွေ ပေါင်းစပ်နေသည်ကို “ခန္ဓွာကိုယ်”ဟု ခေါ်၏၊ ဤခန္ဓာကိုယ်သည် ဒုက္ခတုံး ဒုက္ခခဲ ဆင်းရဲအမှန်ဖြစ်၏၊ ဤခန္ဓွာကိုယ်ကြီးရှိ နေလို့သာ စားဖို့ သောက်ဖို့ ဝတ်ဖို့ နေဖို့ ရှာဖွေသွားလာရ၏၊ အိုရ နာရ သေရ၏၊ အရှာ အဖွေ အနေ မတရားသဖြင့် အပါယ်လေးပါးသို့ ကျရောက်ကာ ဒုက္ခခံရ၏၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်း ပင်ပန်းဆင်းရဲရ၏၊ ထောင်တန်းကျသဖြင့် အရှက်တကွဲ အကျိုးနည်းလည်း ဖြစ်ကြရ၏၊ အလွန့်အလွန် စီးပွါးတွေ စုဆောင်းပြီးမှ စွန့်ပစ်ထားခဲ့ရ၏၊ မခွဲချင်ဘဲနှင့် တကွဲတပြားဖြစ်ရ၏၊ ခေတ္တခဏ ချမ်းသာသလို ထင်ရသော်လည်း အစအဆုံးကြည့်လျှင် ချမ်းသာစစ်စစ်ဟူ၍ မမြင်ရချေ။

၂။ သမုဒယသစ္စာ။ ။ (သမုဒယ-ဒုက္ခဖြစ်ကြောင်း+ သစ္စာ-အမှန်၊) ထိုဒုက္ခ၏အကြောင်းရင်းကား “တဏှာ လောဘ”ခေါ်သော နှစ်သက်ခင်မင် လိုချင်တောင့်တမှုသည် အကြောင်းအမှန်ဖြစ်တော့၏၊ ဒုက္ခဟူသမျှသည် ဤလိုချင် တောင့်တမှုကို အကြောင်းခံ၍ ဖြစ်၏၊ ထိုလိုချင်တောင့်တမှုကြောင့် တစ်ခါတစ်ရံ မတရားပြုမိ၍ ဤလောက၌ပင် မင်းပြစ် မင်းဒဏ်, နောက်သံသရာ၌ အပါယ်လေးပါးသို့ ကျရောက်လျက် အတိုင်းမသိ ဆင်းရဲဒဏ်ကို ခံရ၏၊ သံသရာဝဋ်ဆင်းရဲမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ရချက်သည် ထိုထိုဘဝကို လိုချင်တောင့်တသော လောဘတဏှာ၏ စနက်သာ ဖြစ်၏။

လိုချင်တောင့်တမှုဟူသော တဏှာလောဘလည်း တရားသဖြင့် မချုပ်တည်းနိုင်သမျှ သူ့အလိုအလျောက်သာဖြင့် မည်သည့်အခါမျှ နောက်ဆုတ်လိမ့်မည်မဟုတ်၊ “သံပရာသီး ကြီးလေ ချဉ်လေ” ဖြစ်သကဲ့သို့လည်းကောင်း, “ငယ်ရွယ်စဉ်က ပေါက်သောနွားဦးချိုသည် ကြီးလေရှည်လေ” ဖြစ်သကဲ့သို့လည်းကောင်း, “မီးသည် လောင်စာများလေ မီးတောက်ကြီးလေ” ဖြစ်သကဲ့သို့လည်းကောင်း, ဤတဏှာလောဘ၏ သဘောသည်လည်း “ရလေ လိုလေ, ရဖန်များလေ လောဘတိုးလာလေပင်” ဖြစ်တော့၏၊ တဏှာလောဘကြီးလာသလောက်လည်း ဒုက္ခကြီးကြီးပင် ရောက်ကြမည်သာတည်း။

၃။ နိရောဓသစ္စာ။ ။ (နိရောဓ-ဒုက္ခ၏ချုပ်ဆုံးရာ+ သစ္စာ-အမှန်၊) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာအမှန်ကား နိဗ္ဗာန်တည်း၊ ထိုနိဗ္ဗာန်၏ ဒုက္ခမရှိပုံ, မည်ကဲ့သို့ ချမ်းသာပုံကိုမူ နိဗ္ဗာန်ကို မြင်နိုင်သော ဉာဏ်ရမှသာ ကျနစွာ သိနိုင်ရာ၏၊ သောတာပန်အဖြစ်သို့ ရောက်လျှင်ပင် နိဗ္ဗာန်၏အရသာကို သိမြင်နိုင်ပေပြီ၊ သောတာပန်များသည် နိဗ္ဗာန်၏အရသာကို ကျနစွာ သိမြင်ပြီးဖြစ်၍ ရဟန္တာအဖြစ်သို့ ရောက်အောင်သာ တိုးတက် အားထုတ်ကြတော့၏၊ ပုထုဇဉ်အဖြစ်သို့ ဆုတ်နစ် ခဲ့သူမရှိ၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ဝင်စံခါနီးမှာလည်း ဒုက္ခရုပ်နာမ်ကို စွန့်ရတော့မည်ဖြစ်၍ ကြည်လင် ရွှင်ပျတော်မူကြ၏။

နိဗ္ဗာန်သည် ပုထုဇဉ်အတွေးမျိုးဖြင့် တွေးကာ ပျင်းစရာဖြစ်နေလျှင် နိဗ္ဗာန်ဝင်ခါနီး၌ မည်သူမျှ ရွှင်ပျနိုင်ကြမည် မဟုတ်၊ မိမိတို့သွားရမည့် နိဗ္ဗာန်၏ချမ်းသာပုံကို ထိုပုဂ္ဂိုလ်မြတ်တို့၏အာရုံ၌ ရှင်းရှင်းလင်းလင်း သိပြီးဖြစ်၍သာ ရွှင်ပျတော်မူနိုင်ကြပေ၏၊ မိထွေးတော်ဂေါတမီ ပရိနိဗ္ဗာန်စံခါနီး၌ နတ်ရောလူပါ လွမ်းဆွတ်တသ ငိုပွဲကြီးကျင်းပကြသော်လည်း မိထွေးတော်ကား အနည်းငယ်မျှ ဝမ်းနည်းခြင်းမရှိဘဲ “သားတော် သမီးတော်များ- ဤအခါမျိုးကား ငိုရမည့်အခါမဟုတ်၊ ဝမ်းမြောက်ရမည့်အခါ ဖြစ်သည်”ဟု တရားချလျက် တန်ခိုးပင် ပြခဲ့ပေသေးသည်။

မဂ္ဂသစ္စာ။ ။ (မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း+ သစ္စာ-အမှန်၊) နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်း အမှန်ကား မဂ္ဂင်ရှစ်ပါးတည်း။

မဂ္ဂင် ၈-ပါး---
သမ္မာဒိဋ္ဌိ---- ကောင်းသော အလိမ္မာ ဉာဏ်ပညာ၊
သမ္မာသင်္ကပ္ပ---- ကောင်းသော အကြံအစည်၊
သမ္မာဝါစာ---- ကောင်းသော စကားကို ဆိုခြင်း၊
သမ္မာကမ္မန္တ---- ကောင်းသော အမှုကို ပြုခြင်း၊
သမ္မာအာဇီဝ---- ကောင်းသော အသက်မွေးခြင်း၊
သမ္မာဝါယာမ---- ကောင်းသော အားထုတ်ခြင်း၊
သမ္မာသတိ---- ကောင်းသော အမှတ်ရခြင်း၊
သမ္မာသမာဓိ---- ကောင်းသော တည်ကြည်ခြင်း။

[အပြစ်ကင်း၍ ကုသိုလ်ကြိယာနှင့် ဆိုင်သမျှကိုသာ “အကောင်း”ဟု ဆိုလိုသည်။]

[ဆောင်]
အလိမ္မာဉာဏ်၊ ကောင်းအောင်ကြံ၍၊
အမှန်ပြောပြ၊ ပြုသမျှကောင်း၊
သက်မွေးကောင်းပင်၊ ကောင်းကောင်းအားစိုက်၊
စိတ်၌စွဲမှတ်၊ ကောင်းမြတ်တည်ကြည်၊
ကောင်းရှစ်လီသည်၊ ရွှေပြည်နိဗ္ဗာန် ရောက်ကြောင်းတည်း။

၉။ ဘဂဝါဂုဏ်တော်။ ။ သော ဘဂဝါ- ထိုရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာ စ ကာရဏေန- အဏုမြူသဖွယ်, ပျောက်ကွယ်သိမ်မွေ့, မမြင်တွေ့အောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်၊

စိတ်၏အလား, ကောင်းကင်ဖျား၌, ပေါ့ပါးလျင်မြန်, ဈာန်ပျံကြွသွားနိုင်သော “လဃိမာ" ဘုန်းတော်၊ ကိုယ်တော်သဏ္ဌာန်, ပုံဟန်တိုင်းငြား, မနှိုင်းအားဖို့, ကြီးမားလေအောင်, ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ”ဘုန်းတော်၊

ဆီးတားကွယ်ကာ, မရှိပါဘဲ, လိုရာတိုင်းပေါက်, တစ်ခဏလောက်ဖြင့်, ကြွရောက်နိုင်သော “ပတ္တိ”ဘုန်းတော်၊

အဆင်းအတန်တန်, ပုံသဏ္ဌန်ကို, စီမံဖန်တီး, တစ်ခဏတည်းဖြင့်, ပြီးစီးနိုင်သော “ပါကမ္မ”ဘုန်းတော်၊

ကိုယ်တော်မြတ်၏, စိတ်ဓာတ်တော်မှ, စ၍မကြွင်း, လူနတ်မင်းကို, ပိုင်နင်းအုပ်စိုး, လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်၊

သမာပတ်ဈာန်, အဘိညာဏ်ကို, ဝင်စံလိုက, တစ်ခဏချင်းပိုင်, ဝင်စားနိုင်သော “ဝသိတာ”ဘုန်းတော်၊

ကိစ္စတစ်ခု, ပြုစုတုန်းပင်, ပြီးဆုံးချင်သော်, ဆောလျင်မသွေ, ပြီးဆုံးစေနိုင်သော “ယတ္ထကာမာဝသာယိတာ” ဘုန်းတော်၊

ရှစ်ဖော်အပြား, ဤသို့အားဖြင့်, ထင်ရှားလေဘိ, “ဣဿရိယ”ဘုန်းတော်၊

ကိလေသာရန်, ပယ်ဖျက်လှန်ဖို့, နိဗ္ဗာန်ဖိုလ်မဂ်, ကိုးချက်အပြား, လောကုတ္တရာတည်းဟူသော “ဓမ္မ”ဘုန်းတော်၊

ဟုတ်တိုင်းမှန်စွာ, ဖြစ်ပေါ်လာ၍, ကမ္ဘာတိုက်ပေါင်း, သောင်းလောကဓာတ်, ပဲ့တင်ထပ်မျှ, နှံ့စပ်သတင်း, ကျော်စောခြင်းဟူသော “ယသ”ဘုန်းတော်၊

ရွှေမျက်နှာတော်, လက်ခြေတော်မှ, စ၍မကြွင်း, ပင်လုံးဝင်းသည့်, ပန်းမင်းအနေ, ကျက်သရေမင်္ဂလာ, စုဝေးကာဖြင့်, လွန်စွာတင့်တယ်, သပ္ပါယ်တော်မူသော “သိရီ”ဘုန်းတော်၊

အလိုတော်အတိုင်း, တောင့်တတိုင်းပင်, မဆိုင်းမတွ, ပြီးစီးရသည့် “ကာမ”ဘုန်းတော်၊

တစ်လောကလုံး, ညွတ်ရုံးကိုးစား, အားထားဖို့ရာ, လွန်စွာကြိုးကုတ်, အားထုတ်တော်မူသော “ပယတ္တ” ဘုန်းတော်၊

ဤခြောက်ဖော်ဂုဏ်, ဘုန်းတော်ဟုန်နှင့်, ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း၊ ဘဂဝါ- ဘဂဝါဟူသော ဂုဏ်တော်ကြီးဖြင့်, အံ့ချီး၍မကုန်, ဗြဟ္မာ့ဘုံတိုင်အောင်, ပျံ့လှိုင်ကျော်ကြား, ထင်ရှားတော်မူပါပေသည်တကား။

ဣဿရိယ၊ စသည်ခြောက်စုံ၊
ဘုန်းတော်ဂုဏ်နှင့်၊ ပြည့်စုံပေတတ်၊
ဤဗျုပ္ပတ်၊ ခေါ်အပ် ဘဂဝါဂုဏ်။

ဘုန်းတော် ၆-ပါး။ ။ (၁) ဣဿရိယဘုန်းတော်, (၂) ဓမ္မဘုန်းတော်, (၃) ယသဘုန်းတော်, (၄) သိရီဘုန်းတော်, (၅) ကာမဘုန်းတော်, (၅) ပယတ္တဘုန်းတော်။

ဣဿရိယဘုန်းတော်နှင့်စပ် ရှစ်ရပ်သော တန်ခိုးတော်။ ။ (၁) အဏိမာ, (၂) လဃိမာ, (၃) မဟိမာ, (၄) ပတ္တိ, (၅) ပါကမ္မ, (၆) ဤသိတာ, (၇) ဝသိတာ, (၈) ယတ္ထကာမာဝသာယိတာ။

ဘဂဝါဂုဏ်တော်အရ “ဘုန်းကံကြီးတော်မူ၏”ဟူသော အနက်ကို ပြသည်။ [ဘဂ-ဘုန်းကံ+ ဝါ-ရှိသည်, ကြီးသည်၊]

“ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းခေါ်တဲ့ ဘုရားဂုဏ်တော်များကို ပွါးများအားထုတ်တဲ့ ရဟန်းသည် ဆရာအရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရား၌ ရိုသေ, တုပ်ဝပ်ခြင်းရှိ၏၊ သဒ္ဓါပြန့်ပြောခြင်း, သတိပြန့်ပြောခြင်း, ပညာပြန့်ပြောခြင်း, ကောင်းမှုပြန့်ပြော ခြင်းသို့လည်းရောက်၏၊ နှစ်သိမ့် ဝမ်းမြောက်မှုဖြစ်ခြင်း များ၏၊ ကြောက်ဖွယ် ဘေးငယ် ဘေးကြီးကို သည်းခံနိုင်၏၊ ဆင်းရဲဒုက္ခကို သည်းခံနိုင်၏၊ ဘုရားရှင်နှင့် အတူနေရသည်ဟူသော အမှတ်သညာကိုရ၏၊ အဲဒီ့အပြင် ဗုဒ္ဓါနုဿတိရဲ့ ကိန်းအောင်းရာ ဖြစ်တဲ့ ယောဂီရဲ့ ကိုယ်သည်လည်း စေတီအိမ် (ဘုရားကျောင်း)ကဲ့သို့ ပူဇော်ထိုက်၏၊

အဲဒီယောဂီရဲ့ စိတ်သည် ဘုရားအဆင့်- ဘုရားအဖြစ်၌ ညွတ်၏၊ ကျူးလွန်စရာ ဝတ္ထုအမှုနှင့် တွေ့လျှင် ဘုရားရှင်ကို မျက်မှောက်၌ ဖူးမြင်နေရသကဲ့သို့ ရှက်ကြောက်မှုသည် အဲဒီယောဂီအား ရှေးရှုထင်၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြားသော်လည်း သုဂတိသို့ လားရောက်ရ၏” လို့ ဝိသုဒ္ဓိမဂ် (၁၊ ၂ဝ၆)၌ လာရှိပါတယ်။
ဝိသုဒ္ဓိမဂ် -မြန်မာပြန် (ဒုတိယတွဲ၊ ၁၆၂)၌ ကြည့်နိုင်ပါတယ်။

တရားဂုဏ်တော် ၆-ပါး---
(၁) သွာက္ခာတော ဘဂဝတာ ဓမ္မော---သွာက္ခာတဂုဏ်တော်၊
(၂) သွာက္ခာတော ဘဂဝတာ ဓမ္မော သန္ဒိဋ္ဌိကော---သန္ဒိဋ္ဌိကဂုဏ်တော်၊
(၃) သွာက္ခာတော ဘဂဝတာ ဓမ္မော အကာလိကော---အကာလိကဂုဏ်တော်၊
(၄) သွာက္ခာတော ဘဂဝတာ ဓမ္မော ဧဟိပဿိကော---ဧဟိပဿိကဂုဏ်တော်၊
(၅) သွာက္ခာတော ဘဂဝတာ ဓမ္မော သြပနေယျိကော---သြပနေယျိကဂုဏ်တော်၊
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ---ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ။

၁။ သွာက္ခာတ ဂုဏ်တော် ။ ။ ဘဂဝတာ- ရွှေဘုန်းတော်သခင်, ရှင်တော်မြတ်ဘုရားသည်၊ ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သော တရားတော်မြတ်ကို၊ သွာက္ခာတော- ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးခါ လည်း၊ လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။

ကြားနာရုံပင်၊ အပူစင်၍၊ ကျင့်လျှင်ချမ်းသာ၊ ကျင့်ပြီးခါလည်း၊ လွန်စွာငြိမ်းချမ်း၊ နိဗ္ဗာန်နန်းနှင့်၊ စခန်းသင့်အောင်၊ မှန်းလင့်ရည်ရော်၊ ကောင်းချင့်လျော်စွာ၊ ဟောတော်မူအပ်သော သွာက္ခာတဂုဏ်။

သွာက္ခာတဂုဏ်တော်အရ “ကောင်းမွန်စွာ ဟောတော်မူအပ်သော တရားတော်" ဟူသည်မှာ---မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန် ၁-ပါး, ဓမ္မက္ခန္ဓာ-ဟု ခေါ်သော ပိဋကတော် ၁-ပါး= ပေါင်း ၁ဝ-ပါး ဖြစ်၏။

မဂ်ဖိုလ်နိဗ္ဗာန်၊ ဓမ္မက္ခန်၊ ဆယ်တန် တရားတော်။ ဟောဖော်ညွှန်ပြ၊ ကောင်းလေစွ၊ သွာက္ခာတဂုဏ်တော်။

၂။ သန္ဒိဋ္ဌိကဂုဏ်တော် ။ ။ ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်သည်၊ သန္ဒိဋ္ဌိကော-ဟော ပြသလောက်၊ ကျင့်တိုင်းပေါက်၍၊ မဂ်ရောက် ဖိုလ်ထိ၊ ပညာရှိသည့်၊ များအရိယာ၊ သူတော်စွာတို့၊ သူတကာပြော၊ ယုံကြည်သောကြောင့်၊ သဘောချင်းထပ်၊ မဆည်းကပ်ဘဲ၊ တပ်အပ်ထင်ထင်၊ ကိုယ်တိုင်လည်း သိမြင်ထိုက်ပါပေ၏။

ဟောပြသလောက်၊ ကျင့်တိုင်းပေါက်၍၊ မဂ်ရောက် ဖိုလ်ထိ၊ ပညာရှိသည့်၊ များအရိယာ၊ သူတော်စွာတို့၊ သူတကာပြော၊ ယုံကြည်သောကြောင့်၊ သဘောချင်းထပ်၊ မဆည်းကပ်ဘဲ၊ တပ်အပ်ထင်ထင်၊ ကိုယ်တိုင် လည်း သိမြင်ထိုက်သော သန္ဒိဋ္ဌိကဂုဏ်။

သန္ဒိဋ္ဌိကဂုဏ်တော်အရ “ကိုယ်တိုင် သိမြင်ထိုက်သော တရား”ဟူသည် မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန် ၁-ပါး= ပေါင်း ၉-ပါး ဖြစ်၏။

ကိုယ်တိုင်ကျင့်လတ်၊ သိမြင်အပ်၊ အမြတ်တရားတော်။ သန္ဒိဋ္ဌိက၊ ဂုဏ်တော်မှ၊ ညွှန်ပြ သူ့အာဘော်။

၃။ အကာလိကဂုဏ်တော် ။ ။ ဓမ္မော-သောတာပတ္တိ၊ စသည့်ဆင့်တက်၊ လေးချက်အပြား၊ မဂ်တရားသည်၊ အကာလိကော-ငါးရက် ခုနစ်ရက်၊ စသည်တက်၍၊ ငံ့လျက်ရှည်ဝေး၊ အကျိုးပေးရာ၊ အခါမငဲ့၊ အခြားမဲ့ဖိုလ်၊ အကျိုးကိုလည်း ပေးတော်မူတတ်ပါပေ၏။

ငါးရက် ခုနစ်ရက်၊ စသည်တက်၍၊ ငံ့လျက်ရှည်ဝေး၊ အကျိုးပေးရာ၊ အခါမငဲ့၊ အခြားမဲ့ဖိုလ်၊ အကျိုးကိုလည်း ပေးတော်မူတတ်ပါပေသော အကာလိကဂုဏ်။

အကာလိကဂုဏ်တော်အရ “အကျိုးပေးဖို့ အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိသောတရား" ဟူသည် မဂ် ၄-ပါး ဖြစ်၏၊ မဂ်တရားဟူသည် ကုသိုလ်တရား, ဖိုလ်တရားသည် ထိုမဂ်ကုသိုလ်၏ အကျိုးတရားဖြစ်၏၊ ကမ္မဋ္ဌာန်းအားထုတ်၍ မဂ်ကုသိုလ်စိတ်ဖြစ်လျှင် ချက်ချင်း ဖိုလ်စိတ်တည်းဟူသော အကျိုးလည်း တစ်ဆက်တည်း ဖြစ်ပေါ်လာ၏။ လောကီ ကုသိုလ်ကံများကဲ့သို့ ၅-ရက်, ၇-ရက်, ၁-ဘဝ, ၂-ဘဝ စသည်ဖြင့် အချိန်ဆွဲ၍ ဖင့်နွှဲခြင်းမရှိ၊ ချက်ချင်း အကျိုးပေးနိုင်သော ဂုဏ်ထူးရှိသည်။

အကာလိက၊ ဂုဏ်ဓမ္မ၊ လေးဝ မဂ်ကုသိုလ်။ ချက်ချင်းမနှေး၊ ဖိုလ်ကျိုးလေး၊ ရရေး သူ့ဂုဏ်ဆို။

၎။ ဧဟိပဿိကဂုဏ်တော် ။ ။ ဓမ္မော-မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်သည်၊ ဧဟိပဿိကော-ဝေဟာတက်ထွန်း၊ ယုဂန်စွန်း၌၊ လဝန်းအလား၊ ပတ္တမြားသဖွယ်၊ စင်ကြယ်ထင်ရှား၊ ရှိသည်များကြောင့်၊ အားရရွှင်လန်း၊ လိုက်ခဲ့စမ်းပါ၊ ရှုစမ်းပါဟု၊ သံသာချိုမြ၊ ဖိတ်ခေါ်ပြသို့၊ မုချဧကန်၊ အမှန်သင့်လျော်၊ ထိုက်တန်တော်မူပါပေ၏။

ဝေဟာတက်ထွန်း၊ ယုဂန်စွန်း၌၊ လဝန်းအလား၊ ပတ္တမြားသဖွယ်၊ စင်ကြယ်ထင်ရှား၊ ရှိသည်များကြောင့်၊ အားရရွှင်လန်း၊ လိုက်ခဲ့စမ်းပါ၊ ရှုစမ်းပါဟု၊ သံသာချိုမြ၊ ဖိတ်ခေါ်ပြသို့၊ မုချဧကန်၊ အမှန်သင့်လျော်၊ ထိုက်တန်တော်မူပါပေသော ဧဟိပဿိကဂုဏ်။

ဧဟိပဿိကဂုဏ်တော်အရ “လိုက်ခဲ့စမ်းပါ၊ ကြည့်ရှုလှည့်စမ်းပါ-ဟု ဖိတ်ခေါ်ထိုက်သောတရား”ဟူသည် မဂ် ၄-ပါး, ဖိုလ် ၄-ပါး, နိဗ္ဗာန် ၁-ပါး= ပေါင်း ၉-ပါး ဖြစ်၏။

ယုဂန္ဓြွိုရ်တောင်စွန်းမှ တက်ထွန်းလာသော လပြည့်ဝန်းကြီးအလား ပတ္တမြားရတနာသဖွယ် အလွန်စင်ကြယ် သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင် ထင်ရှားရှိသောကြောင့် “လိုက်ခဲ့စမ်းပါ, မည်မျှအဖိုးတန်၍ အကျိုးများ တဲ့တရားဟု ကိုယ်တိုင်သိရအောင် ကျင့်ကြည့်စမ်းပါ”ဟု ခေါ်ငင်ပြသ တိုက်တွန်းခြင်းငှါ ထိုက်သော တရားဂုဏ်တော် ဖြစ်၏။

လိုက်ခဲ့စမ်းပါ၊ ရှုစမ်းပါ၊ ဖိတ်မံ ခေါ်ထိုက်ပေ။ ဧဟိပဿိက၊ ဂုဏ်တော်မှ၊ အာမခံပြီလေ။

၅။ သြပါနေယျိကဂုဏ်တော် ။ ။ ဓမ္မော- မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်သည်၊ သြပါနေယျိကော-မိမိစိတ်တွင်၊ တစ်ကြိမ်ထင်က၊ လေးခွင်အပါယ်၊ ဝဋ်မီးကွယ်သဖြင့်၊ ကိုယ်ဝယ်ဝတ်နှောင်၊ ဆံဥသျှောင်ကို၊ မီးလောင်သော်ငြား၊ မငြိမ်းအားဘဲ၊ တရားမျက်ရှင်၊ စိတ်စွဲထင်အောင်၊ ကျင့်ဆောင်ခြင်းငှါ ထိုက်တော်မူပါပေ၏။

မိမိစိတ်တွင်၊ တစ်ကြိမ်ထင်က၊ လေးခွင်အပါယ်၊ ဝဋ်မီးကွယ်သဖြင့်၊ ကိုယ်ဝယ်ဝတ်နှောင်၊ ဆံဥသျှောင်ကို၊ မီးလောင်သော်ငြား၊ မငြိမ်းအားဘဲ၊ တရားမျက်ရှင်၊ စိတ်စွဲထင်အောင်၊ ကျင့်ဆောင်ခြင်းငှါ ထိုက်တော်မူပါပေသော သြပါနေယျိကဂုဏ်။

သြပါနေယျိကဂုဏ်တော်အရ “မိမိစိတ်သို့ကပ်၍ ဆောင်ယူထိုက်သောတရား" ဟူသည် မဂ် ဖိုလ် နိဗ္ဗာန် ကိုးတန်သော တရားပင် ဖြစ်၏။

မဂ်ဖိုလ်နိဗ္ဗာန် တရားတော်များသည် ပုထုဇဉ်တို့သန္တာန်၌ တစ်ခါတစ်ရံမျှ မဖြစ်ခဲ့ဖူးပါ၊ မိမိ၏စိတ်တွင် တစ်ကြိမ် တစ်ခါမျှ အထင်အရှား ပေါ်လာလျှင် [သောတာပန်ဖြစ်လျှင် ဟု ဆိုလိုသည်၊] အပါယ် ၄-ပါး၌ ခံစားရမည့် ဝဋ်ဒုက္ခ အပူမီးတို့ကို တစ်ခါတည်းဖြင့် ငြိမ်းစေနိုင်သောသတ္တိရှိခြင်းကြောင့် မဂ်ဖိုလ်ရအောင် ကမ္မဋ္ဌာန်းအားထုတ်နေခိုက်ဝယ် ကိုယ်၌ဝတ်ထားသောအဝတ်ကို, သို့မဟုတ် ဥသျှောင် (ဆံထုံး)ကို မီးလောင်စေကာမူ ထိုမီးကို မငြိမ်းအားဘဲ ကမ္မဋ္ဌာန်းကိုသာ တွင်တွင်ကြိုးစား၍ ပတ္တမြားမျက်ရှင်နှင့် အလားတူသော ထိုမဂ်ဖိုလ်တရားတော်များကို စိတ်ထဲ၌ စွဲထင်အောင်, ထင်မြင်လာအောင် (မဂ်ဖိုလ်ရအောင်) အားထုတ်ထိုက်ပါသည်။

မဂ်ဖိုလ်ရအောင်၊ စိတ်ကိုဆောင်၊ အခေါင် နိဗ္ဗာန်ထိ။ သြပါနေယျိက၊ ဂုဏ်တော်မှ၊ ပြသ စွမ်းရည်ရှိ။

၆။ ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော် ။ ။ ဓမ္မော- မဂ် ဖိုလ် နိဗ္ဗာန်၊ ကိုးတန်သော တရားတော်မြတ်ကို၊ ဝိညူဟိ-ပုထုဇဉ်နှင့်၊ မတန်သင့်စွာ၊ လေးသစ္စာကို၊ ကောင်းစွာမြင်သိ၊ ပညာရှိအပေါင်း၊ အရိယာသူတော်ကောင်းတို့သည်၊ ပစ္စတ္တံ ဝေဒိတဗ္ဗော-ကိုယ်စီကိုယ်င၊ လိုတိုင်းရ၍၊ နိဗ္ဗနဓာတ်၊ သမာပတ်ဖြင့်၊ မပြတ်သိပိုင်၊ ခံစားနိုင်ပါပေ၏။

ပုထုဇဉ်နှင့်၊ မတန်သင့်စွာ၊ လေးသစ္စာကို၊ ကောင်းစွာမြင်သိ၊ ပညာရှိအပေါင်း၊ သူတော်ကောင်းတို့၊ ညွတ်ပျောင်းကိုယ်စီ၊ နိဗ္ဗန်ဆီထိ၊ တည်ကြည်သမာပတ်၊ မပြတ်သိပိုင်၊ ခံစားနိုင်ပါပေသော ပစ္စတ္တံ ဝိညူဟိ ဝေဒိတဗ္ဗဂုဏ်။

ပစ္စတ္တံ ဝေဒိတဗ္ဗဂုဏ်တော်အရ “ကိုယ်စီကိုယ်င သိအပ်ခံစားအပ်သောတရား" ဟူသည် မဂ် ဖိုလ် နိဗ္ဗာန် ကိုးတန်သောတရားပင် ဖြစ်၏။

ဤမဂ်ဖိုလ်နိဗ္ဗာန် တရားတော်သည် ပုထုဇဉ်များနှင့် မတန်မရာပါ၊ သစ္စာလေးပါးကို သိမြင်၍ အရိယာအဖြစ်သို့ ရောက်ပြီးသော သူတော်ကောင်းကြီးတို့သာ ကိုယ်စီကိုယ်ငှ အလိုရှိတိုင်းရ၍ နိဗ္ဗာန်ကို အာရုံပြုကာ ဖလသမာပတ် ဝင်စားသောအားဖြင့် ခံစားကြရပါသည်။

ကိုယ်စီကိုယ်င၊ ခံစားရ၊ ရိယ သူတော်တွေ။ ဝေဒိတဗ္ဗ၊ ဂုဏ်တော်မှ၊ ဓမ္မ အကျိုးပေ။

"ဓမ္မာနုဿတိကမ္မဋ္ဌာန်းခေါ်တဲ့ တရားဂုဏ်တော်များကို ပွါးများအားထုတ်တဲ့ ရဟန်းသည် တရား၏အရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရား၌ ရိုသေ, တုပ်ဝပ်ခြင်း ရှိ၏၊ တရားတော်၌ လေးစားရိုသေခြင်းရှိသည်ဖြစ်၍ သဒ္ဓါစသည်တို့၏ ပြန့်ပြောခြင်းသို့ ရောက်၏၊ နှစ်သိမ့် ဝမ်းမြောက်မှုဖြစ်ခြင်း များ၏၊ ကြောက်ဖွယ် ဘေးငယ် ဘေးကြီးကို သည်းခံနိုင်၏၊ ဆင်းရဲ ဒုက္ခကို သည်းခံနိုင်၏၊ တရားတော်နှင့် အတူနေရသည်ဟူသော အမှတ်သညာကို ရ၏၊ တရားဂုဏ်တို့ကို အဖန် တလဲလဲ အောက်မေ့မှု-ဓမ္မာနုဿတိ၏ ကိန်းအောင်းရာ ဖြစ်တဲ့ ယောဂီရဲ့ ကိုယ်သည်လည်း စေတီအိမ် ပိဋကတ်တိုက် ကဲ့သို့ ပူဇော်ထိုက်၏၊ အဲဒီယောဂီရဲ့ စိတ်သည် အမြတ်ဆုံးဖြစ်တဲ့ (အရဟတ္တမဂ်ဖိုလ်) တရားကို ရခြင်း၌ ညွတ်၏၊ ကျူးလွန်စရာ ဝတ္ထုအမှုနှင့် တွေ့လျှင် တရားတော်၏ကောင်းသောတရားအဖြစ်ကို ကောင်းစွာတဖန် အောက်မေ့မိသည်-သတိရသည်ဖြစ်၍ ရှက်ကြောက်မှုသည် အဲဒီယောဂီအား ရှေးရှုထင်၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြားသော်လည်း သုဂတိသို့ လားရောက်ရ၏” လို့ ဝိသုဒ္ဓမဂ် (၁၊ ၂၁၁)၌ လာရှိပါတယ်။
ဝိသုဒ္ဓိမဂ်-မြန်မာပြန် (ဒုတိယတွဲ၊ ၁၈၃-၁၈၄)၌ ကြည့်ပါ။

သံဃာ့ဂုဏ်တော် ၉-ပါး---
(၁) သုပ္ပဋိပန္နဂုဏ်တော်၊
(၂) ဥဇုပ္ပဋိပန္နဂုဏ်တော်၊
(၃) ဉာယပ္ပဋိပန္နဂုဏ်တော်
(၄) သာမီစိပ္ပဋိပန္နဂုဏ်တော်၊
(၅) အာဟုနေယျဂုဏ်တော်၊
(၆) ပါဟုနေယျဂုဏ်တော်၊
(၇) ဒက္ခိဏေယျဂုဏ်တော်၊
(၈) အဉ္ဇလီကရဏီယဂုဏ်တော်၊
(၉) အနုတ္တရ ပုညက္ခေတ္တံ လောကဿဂုဏ်တော်။

သံဃာ့ဂုဏ်တော် ၉-ပါးတို့တွင်---
၁။ သုပ္ပဋိပန္နဂုဏ်တော် ။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ အရှင်မြတ်ဘုရား၏၊ သာဝကသံဃော- ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ အရှင်ကောင်းသည်၊ သုပ္ပဋိပန္နော-တရားသဖြင့်၊ ဆုံးမသင့်ရာ၊ သာသနာဝယ်၊ လျော်စွာထုံးပြ၊ ဆုံးအမကို၊ လုံးဝလိုက်နာ၊ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။

တရားသဖြင့်၊ ဆုံးမသင့်ရာ၊
သာသနာဝယ်၊ လျော်စွာထုံးပြ၊ ဆုံးအမကို၊
လုံးဝလိုက်နာ၊ ကောင်းမွန်စွာလည်း၊
ကျင့်ရှာတော်မူတတ်ပါပေသော သုပ္ပဋိပန္နဂုဏ်။

သုပ္ပဋိပန္နဂုဏ်တော်သည် “ကောင်းစွာ ကျင့်တော်မူတတ်သော အရိယာသံဃာတော်၏ ဂုဏ် ၁-ခု ဖြစ်၏။

ဘုရားရှင်၏ တပည့်အစစ်ဖြစ်တော်မူကြသော အရိယာသံဃာအပေါင်းသည် တရားသဖြင့် ဆုံးမရာ သာသနာတော်နှင့် သင့်လျော်အောင် ထုံးဟောင်းသက်သေပြ၍ သွန်သင်အပ်သော အဆုံးအမတော်ကို လုံးဝဥဿုံ အကုန်အစင် လိုက်နာ၍ ကောင်းမွန်စွာ ကျင့်ကြံတော်မူကြပါသည်။

ဘုရားဆုံးမ၊ လိုက်နာကြ၊ ကောင်းစွာ့ ကျင့်ကြံမူ။ သုပ္ပဋိပန္န၊ ဂုဏ်တော်က၊ ညွှန်ပြ အနက်ဟူ။

၂။ ဥဇုပ္ပဋိပန္နဂုဏ်တော် ။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ အရှင်မြတ်ဘုရား၏၊ သာဝကသံဃော- ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ အရှင်ကောင်းသည်၊ ဥဇုပ္ပဋိပန္နော- စဉ်းလဲသမှု၊ မာယာစုဖြင့်၊ ဖုဖုထစ်ထစ်၊ မကောက်ကျစ်ဘဲ၊ စင်စစ်နိဗ္ဗာန်၊ လမ်းဖြောင့်မှန်အောင်၊ လျော်ကန်ချင့်မျှော်၊ ကျင့်ကြံတော်မူတတ်ပါပေ၏။

စဉ်းလဲသမှု၊ မာယာစုဖြင့်၊ ဖုဖုထစ်ထစ်၊ မကောက်ကျစ်ဘဲ၊ စင်စစ်နိဗ္ဗာန်၊ လမ်းဖြောင့်မှန်အောင်၊ လျော်ကန်ချင့်မျှော်၊ ကျင့်ကြံတော်မူတတ်ပါပေသော ဥဇုပ္ပဋိပန္နဂုဏ်။ သည် “ဖြောင့်မှန်စွာ ကျင့်တော်မူသော” အရိယာသံဃာတော်၏ ဒုတိယဂုဏ် ဖြစ်၏။

မိမိမှာ အပြစ်ရှိပါလျက် အပြစ်မရှိသူထင်အောင် အပြစ်ဖုံးကွယ်မှုကို “မာယာ" ဟု ခေါ်၏၊ မိမိမှာ ဥစ္စာဂုဏ် သီလဂုဏ် မရှိဘဲ ရှိဟန်ဆောင်မှုကို “သာဌေယျ”ဟု ခေါ်၏။

အရိယာသံဃာတော်ကား သူတပါးတို့ အထင်ကြီးအောင် ပစ္စည်းလာဘ်နှင့် ဒကာ ဒကာမ ပေါများအောင် ဟန်ဆောင်မှု ပရိယာယ် မာယာတို့ဖြင့် ဖုဖုထစ်ထစ် စဉ်းလဲကောက်ကျစ်ခြင်း မရှိဘဲ နိဗ္ဗာန်လမ်းနှင့် ဖြောင့်တန်းအောင် ±ိုးသားဖြောင့်မတ်စွာ ကျင့်ကြံတော်မူကြသည်။

ဖြောင့်စွာကျင့်လတ်၊ ထိုဗျုပ္ပတ်၊ မှတ်အပ် ဥဇုဂုဏ်။

၃။ ဉာယပ္ပဋိပန္နဂုဏ်တော်။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ အရှင်မြတ်ဘုရား၏၊ သာဝကသံဃော- ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ အရှင်ကောင်းသည်၊ ဉာယပ္ပဋိပန္နော-ကိုယ်ဝယ်ဝတ်နှောင်၊ ဆံဥသျှောင်ကို၊ မီးလောင်သော်ငြား၊ မငြိမ်းအားဘဲ၊ ကြီးမားလောင်မီး၊ ဒုက္ခကြီးကို၊ အပြီးဧကန်၊ ငြိမ်းရာမှန်သည့်၊ နိဗ္ဗာန်အလို့ငှါ၊ ကျင့်တော်မူတတ်ပါပေ၏။

ကိုယ်ဝယ်ဝတ်နှောင်၊ ဆံဥသျှောင်ကို၊ မီးလောင်သော်ငြား၊ မငြိမ်းအားဘဲ၊ ကြီးမားလောင်မီး၊ ဒုက္ခကြီးကို၊ အပြီးဧကန်၊ ငြိမ်းရာမှန်သည့်၊ နိဗ္ဗာန်အလို့ငှါ၊ ကျင့်တော်မူတတ်ပါပေသော ဉာယပ္ပဋိပန္နဂုဏ်။

ဉာယပ္ပဋိပန္နဂုဏ်တော်သည် “နိဗ္ဗာန်အလို့ငှါ ကျင့်တော်မူသော” အရိယာသံဃာတော်၏ တတိယဂုဏ် ဖြစ်၏။

အရိယာဖြစ်သော သံဃာတော်အပေါင်းသည် အလွန်ကြီးမား များပြားသော သံသရာဝဋ်ကြီး ဒုက္ခမီးတွေကို မြင်ကြပြီးဖြစ်၍ မိမိကိုယ်၌ ဆင်အပ်သော အဝတ်, ဥသျှောင် (ဆံထုံး)ကို မီးလောင်စေကာမူ မငြိမ်းအားဘဲ သံသရာဝဋ်ကြီး ဒုက္ခမီး၏ အပြီးချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှါ ကျင့်တော်မူကြပါသည်။

နိဗ္ဗာန်အလို့ငှါ၊ ကျင့်ကြံပါ၊ ဉာယပ္ပဋိပန္နဂုဏ်။

၎။ သာမီစိပ္ပဋိပန္နဂုဏ်တော် ။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ အရှင်မြတ်ဘုရား၏၊ သာဝကသံဃော- ဆုံးမထားဟန်၊ တရားမှန်ကို၊ နာခံလိုက်နာ၊ အရိယာဟု၊ သင်္ချာရှစ်ဖော်၊ သံဃာတော်အပေါင်း၊ အရှင်ကောင်းသည်၊ သာမီစိပ္ပရိပန္နော- ရိုသေသမှု၊ လူတို့ပြုသည့်၊ သာမီစိကံ၊ လွန်ထိုက်တန်အောင်၊ ကျင့်ကြံတော်မူတတ်ပါပေ၏။

ရိုသေသမှု၊ လူတို့ပြုသည့်၊ သာမီစိကံ၊ လွန်ထိုက်တန်အောင်၊ ကျင့်ကြံတော်မူတတ်ပါပေသော သာမီစိပ္ပဋိပန္နဂုဏ်။

သာမီစိပ္ပဋိပန္နဂုဏ်တော်သည် “လူတို့ပြုသည့် ရိုသေသမှုနှင့် လျော်အောင် ကျင့်ကြံတော်မူသော” အရိယာသံဃာတော်၏ စတုတ္ထဂုဏ် ဖြစ်၏။

ဒကာ ဒကာမတို့သည် မိမိတို့ မစားရက်, မသောက်ရက်, မသုံးရက်သော အစားအသောက်, ကျောင်း, အိပ်ရာ, နေရာများကို ရိုသေသမှု ပြုစုလှူဒါန်းကြ၏၊ အရိယာဖြစ်ပြီးသော (အရိယာဖြစ်အောင် အားထုတ်နေသော) သံဃာတော် များကလည်း ထိုကဲ့သို့ ရိုသေသမှု ပြုစုလှူဒါန်းခြင်းနှင့် ထိုက်တန်အောင် ကျင့်ကြံ အားထုတ်တော်မူကြပါ၏။

လူတို့ပြုစု၊ ရိုသေမှု၊ လျော်ပြု ထိုက်တန်ပေ။ သာမီစိထုံ၊ သံဃာ့ဂုဏ်၊ ကြည်ယုံ ညွတ်ကြလေ။

ပုရိသယုဂါနိ---
စတ္တာရိ-မဂ် ဖိုလ်နှစ်ပါး၊ အစုံအားဖြင့်၊ လေးပါးကုန်သော၊ ယဒိယံ ပုရိသယုဂါနိ-အကြင်ယောက်ျားတို့သည်၊ အဋ္ဌ- အသီးအခြား၊ ခွဲသောအားဖြင့်၊ ရှစ်ပါးကုန်သော၊ ပုရိသပုဂ္ဂလာ- ပုရိသပုဂ္ဂလ၊ ခေါ်ကြထိုထို၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့ပါပေတည်း။

ဤ“စတ္တာရိ ပုရိသယုဂါနိ”စသော စကားတို့ကား သံဃာ့ဂုဏ်တော်ကိုပြသော စကားမဟုတ်၊ သောတာပတ္တိမဂ်ကိုရသော ပုဂ္ဂိုလ်နှင့် သောတာပတ္တိဖိုလ်ရသော ပုဂ္ဂိုလ်နှစ်ပါးတွဲ တစ်စုံ- ဤသို့စသည်ဖြင့် “မဂ်ဖိုလ်ကိုရသောပုဂ္ဂိုလ် နှစ်ပါးကို တစ်စုံစီတွဲလျှင် အရိယာလေးစုံဖြစ်၍ အသီးအခြားခွဲလျှင် ရှစ်မျိုးဖြစ်၏”ဟု ပြသောစကားတည်း။

အစုံလေးပါး---
၁။ သောတာပတ္တိမဂ်ရ ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ရ ပုဂ္ဂိုလ်။
၂။ သကဒါဂါမိမဂ်ရ ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ရ ပုဂ္ဂိုလ်။
၃။ အနာဂါမိမဂ်ရ ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ရ ပုဂ္ဂိုလ်။
၎။ အရဟတ္တမဂ်ရ ပုဂ္ဂိုလ်, အရဟတ္တဖိုလ်ရ ပုဂ္ဂိုလ်။

၅။ အာဟုနေယျဂုဏ်တော် ။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝကသံဃော-အစုံလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်၊ အာဟုနေယျော-တုံ့ပြန်ကြီးလေး၊ အကျိုးပေးသဖြင့်၊ အဝေးမှယူ၊ ဆောင်၍မူလည်း၊ ကြည်ဖြူလေးမြတ်၊ ပူဇော်အပ်သည့်၊ လာဘ်သပ်ပကာ၊ အဖြာဖြာကို၊ ကောင်းစွာသိမ်းပိုက်၊ ခံယူခြင်းငှါလည်း၊ ထိုက်တော်မူပါပေ၏။

တုံ့ပြန်ကြီးလေး၊ အကျိုးပေးသဖြင့်၊ အဝေးမှယူ၊ ဆောင်၍မူလည်း၊ ကြည်ဖြူလေးမြတ်၊ ပူဇော်အပ်သည့်၊ လာဘ်သပ်ပကာ၊ အဖြာဖြာကို၊ ကောင်းစွာသိမ်းပိုက်၊ ခံယူခြင်းငှါလည်း၊ ထိုက်တော်မူပါပေသော အာဟုနေယျဂုဏ်။

အာဟုနေယျဂုဏ်တော်သည် “အဝေးမှယူဆောင်၍ ပူဇော်အပ်သော ပစ္စည်းကို ခံယူထိုက်၏”ဟူသော ဂုဏ်တည်း။

အရိယာသံဃာတော်သည် လှူဒါန်းပူဇော်သူတို့အား အတုံ့ပြန်၍ ကြီးကျယ်မြင့်မြတ်သော သံသရာကျိုးကို ပေးစွမ်းနိုင်ကြသဖြင့် အနီးအပါးကို မဆိုထားဘိ, တစ်နယ်တစ်ကျေး ဝေးသော မြို့ရွာတို့မှသော်လည်း လှူဖွယ်များကို တမင်တကာ ဆောင်ယူ၍ ပေးလှူပူဇော်ခြင်းငှါ ထိုက်တန်တော်မူပါသည်၊ ထို့ကြောင့် ရှေးက ဒါနအကျိုး နားလည်ကြသော သူတော်ကောင်းတို့သည် ထိုသို့ဆောင်ယူကာ များစွာ ပူဇော်ဖူးကြ၏။

အဝေးမှယူ၊ ဆောင်ကာလှူ၊ ပူဇော်ခံရဂုဏ်။ အာဟုနေယျ၊ မည်တော်သ၊ သံဃာ့အကျိုးဂုဏ်။

၆။ ပါဟုနေယျဂုဏ်တော် ။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝက သံဃော- အစုံလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်၊ ပါဟုနေယျော- ဝေးရပ် မျိုးနွယ်၊ များဧည့်သည်ဖို့၊ ရည်ရွယ်မှန်ထား၊ ပစ္စည်းများကို၊ ဘုရားတစ်ဆူ၊ ပွင့်တော်မူမှ၊ ပေါ်လာကြသည့်၊ ကမ္ဘာ့ဧည့်ကောင်း၊ သူတော်ပေါင်းမို့၊ အကြောင်းတိုက်စွာ၊ ပေးလှူခြင်းငှါလည်း၊ ထိုက်တော်မူပါပေ၏။

ဝေးရပ် မျိုးနွယ်၊ များဧည့်သည်ဖို့၊ ရည်ရွယ်မှန်းထား၊ ပစ္စည်းများကို၊ ဘုရားတစ်ဆူ၊ ပွင့်တော်မူမှ၊ ပေါ်လာကြသည့်၊ ကမ္ဘာ့ဧည့်ကောင်း၊ သူတော်ပေါင်းမို့၊ အကြောင်းတိုက်စွာ၊ ပေးလှူခြင်းငှါလည်း၊ ထိုက်တော်မူပါပေသော ပါဟုနေယျဂုဏ်။

ပါယုနေယျဂုဏ်တော်သည် “ဧည့်သည်များအတွက် စီမံထားသော ပစ္စည်းကို ခံယူထိုက်၏”ဟူသော သံဃာ့ဂုဏ် ဖြစ်၏။

ယခုကာလ ရိုးရာဧည့်သည်များမှာ တွေ့ကြုံဖို့ လွယ်ကူလှ၏၊ ဧည့်ဝတ်ပြုဖို့လည်း လွယ်ကူလှပါ၏၊ အရိယာသံဃာတော်များကား ဘုရားတစ်ဆူတစ်ဆူ ပွင့်တော်မူမှ ပေါ်လာကြသဖြင့် တွေ့ကြုံခဲသော ကမ္ဘာ့ဧည့်သည်တော်ကြီးများ ဖြစ်ကြပါသည်၊ ထိုဧည့်သည်တော်များသည် ရိုးရာဧည့်သည်များအတွက် ချက်ပြုတ်စီမံထားအပ်သော ပစ္စည်းများကို လည်း ခံယူထိုက်ကြပါသည်။

ဧည့်သည်တွက်ကား၊ စီမံထား၊ များပြားပစ္စည်းကို။
ခံယူထိုက်ပေ၊ ဂုဏ်တစ်ထွေ၊ မှတ်လေ ပါဟုနေယျဆို။
၇။ ဒက္ခိဏေယျဂုဏ်တော်။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝက သံဃော- အစုံလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်၊ ဒက္ခိဏေယျော-တမလွန်စခန်း၊ ကြီးပွါးလမ်းဖို့၊ မျှော်မှန်းရည်ရွယ်၊ ပေးလှူဖွယ်ကို၊ ရည်ရွယ်သမျှ၊ အကျိုးရသဖြင့်၊ တစမချန်၊ အလှူခံခြင်းငှါ လည်း၊ ထိုက်တော်မူပါပေ၏။

တမလွန်စခန်း၊ ကြီးပွါးလမ်းဖို့၊ မျှော်မှန်းရည်ရွယ်၊ ပေးလှူဖွယ်ကို၊ ရည်ရွယ်သမျှ၊ အကျိုးရသဖြင့်၊ တစမချန်၊ အလှူခံခြင်းငှါလည်း၊ ထိုက်တော်မူပါပေသော ဒက္ခိဏေယျဂုဏ်။

ဒက္ခိဏေယျဂုဏ်တော်သည် “တမလွန်ဘဝအတွက် ရည်ရွယ်လှူဒါန်းသော အလှူကို ခံထိုက်သောသံဃာ့ဂုဏ်” ဖြစ်၏။

နောင်တမလွန်ဘဝ၌ ကြီးပွါးချမ်းသာဖို့ ရည်မှန်း၍ လှူဒါန်းအပ်သော အလှူကို “ဒက္ခိဏာ" ဟု ခေါ်၏၊ ရည်မှန်းတိုင်းသောအကျိုးကို ရစေနိုင်သောကြောင့် အရိယာသံဃာတော်များသည် ထိုဒက္ခိဏာ (အလှူ)ကို ခံယူခြင်းငှါ ထိုက်တန်တော်မူကြ၏၊

ထိုဒက္ခိဏာသည်---
(၁) မိမိအတွက် ချမ်းသာဖို့ရန် လှူဒါန်းခြင်းတစ်မျိုး၊
(၂) သေလွန်သူ မိဘ ဆွေမျိုးများအတွက် လှူဒါန်းခြင်းတစ်မျိုး-ဟု ၂-မျိုးရှိ၏။

(၁) မိမိအတွက် အလှူသည် အခွင့်သာလျှင် သင့်ရာဘဝ၌ နိဗ္ဗာန်မရမချင်း အကျိုးပေးမည်၊ ယခုခေတ်၌ ဗုဒ္ဓြွဘာသာဝင်မဟုတ်သော သူတို့ ကောင်းကျိုး ခံစားနေကြရသည်မှာလည်း သူတို့သန္တာန်ဝယ် ရှေးက ထို “ဒက္ခိဏာ” အလှူမျိုး ပါရှိခဲ့သောကြောင့် ဖြစ်၏၊ ရှေးက ကုသိုလ်ကံဟောင်း၏ ကောင်းကျိုးကို ခံစားနေကြရသည်၊ ယခုဘဝ၌ ပြုမိသော မကောင်းမှုများအတွက် နောက်နောင်ဘဝ၌ သိသာပါလိမ့်မည်၊ ၉၁-ကမ္ဘာအတွင်းဝယ် မိစ္ဆာဒိဋ္ဌိဖြစ်ပါလျက် နတ်ပြည်သို့ ရောက်သူမှာ တစ်ယောက်သာ ဘုရားရှင်တွေ့မြင်တော်မူပါသတဲ့။
[မိစ္ဆာဒိဋ္ဌိ-ဟု ပြောဆိုရာတွင် သူတို့အယူ၌ သဲသဲမဲမဲ စွဲလမ်းသူကိုသာ ဆိုလိုပါသည်၊ ဗုဒ္ဓြွဘာသာမဟုတ်ရုံမျှကို မဆိုလို။]

(၂) သေလွန်သူ ဆွေမျိုးများကို ရည်မှန်းလျက် လှူဒါန်းရာ၌ကား သေသူက ငရဲကျသော်လည်းကောင်း, တိရစ္ဆာန် အမိဝမ်း၌ ဖြစ်သော်လည်းကောင်း, အလွန်ဝေးသော တော, တောင်, မြစ်, သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်း ကောင်း, လူ့အမိဝမ်း၌ ဖြစ်ရသော်လည်းကောင်း, နတ် ဗြဟ္မာဖြစ်ရသော်လည်းကောင်း ဤက လှူဒါန်းသောကုသိုလ်ကို သူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း သူတို့မှာ အကျိုးထူး မရကြ၊ သို့သော် လှူဒါန်းသူတို့မှာကား ထုံးစံအတိုင်း ဒါန ကုသိုလ် ဖြစ်ကြရပါသည်။

နောင်ဘဝတွက်၊ ရည်ရွယ်လျက်၊ လှူချက် ဒက္ခိဏာ။
မိမိအတွက်၊ သေသူတွက်၊ နှစ်ချက် ကျမ်းအလာ။
မိမိတွက်ပင်၊ ခွင့်သာလျှင်၊ ဆုံးတွင် နိဗ္ဗူတာ။
သေသူတွက်ကား၊ ဘဝများ၊ ရငြား မသေချာ။

၈။ အဉ္ဇလိကရဏီယဂုဏ်တော်။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝက သံဃော- အစုံလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်၊ အဉ္ဇလိကရဏီယော-တစ်လောကလုံး၊ ကိုင်းညွတ်ရုံးလျက်၊ ရွှင်ပြုံးကြည်ညို၊ ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးခြင်းကိုလည်း၊ ထိုက်တော်မူပါပေ၏။

တစ်လောကလုံး၊ ကိုင်းညွတ်ရုံးလျက်၊ ရွှင်ပြုံးကြည်ညို၊ ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးခြင်းကိုလည်း၊ ထိုက်တော်မူပါပေသော အဉ္ဇလိကရဏီယဂုဏ်။

အဉ္ဇလိကရဏီယဂုဏ်တော်သည် “လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်သောဂုဏ်” ဖြစ်၏။

အရိယာသံဃာတော်များသည် တစ်လောကလုံးရှိ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ကြည်လင်ရွှင်ပြ မြတ်နိုးလှစွာ ကိုင်းညွတ်ရိုသေမှု, လက်အုပ်မိုးလျက် ရှိခိုးမှုကို ခံထိုက်ပေ၏၊ ပုထုဇဉ် သံဃာတို့ကား အရိုအသေခံထိုက်လောက်အောင် သီလ, သမာဓိ, ပညာဂုဏ်မရှိပါလျှင် လူတို့က အရိုအသေပြုမှုကြောင့် မိမိတို့အပေါ်၌ ကြီးလေးသော တာဝန်များ တက်ရောက်လာဖွယ်ရှိသည်။

သံဝေဂဖြစ်ဖွယ်ကောင်းသော ဝိသုဒ္ဓိမဂ် ( ၁၊ ၅၄-၅၅-နှာ) လာဂါထာများနှင့်အညီ ဂါထာမှာ-----

ပိဏ္ဍောပိဿ အယောဂုဠော၊ အယောပဋ္ဋောဝ စီဝရံ။
ဝိဟာရော အယောကုမ္ဘီဝ၊ သတ္တိဝေဓောဝ အဉ္ဇလီ။
အဿ- ထိုသီလသိက္ခာ၊ ကောင်းစွာမစင်၊ ပုထုဇဉ်ဆိုး၊ ရဟန်းမျိုး၏၊ ပိဏ္ဍောပိ-ဒကာ ဒကာမ၊ သဒ္ဓါကြွ၍၊ ထာဝရလှူဒါန်း၊ စားဖွယ်ဆွမ်းသည်လည်း၊ အယောဂုဠောဝ-အရှိန်ရဲရဲ၊ မီးလျှံစွဲသည့်၊ သံခဲသံလုံး၊ သံတုံးတွေနှင့်၊ တူလှလေ၏၊ စီဝရံ-ကိုယ်ဝယ်ဆင်မြန်း၊ ဝတ်သင်္ကန်းသည်၊ အယောပဋ္ဋောဝ- အရှိန်ကြီးမား၊ မီးလျှံဝါးသည့်၊ သံပြားကြီးနှင့် တူလှပါပေ၏၊ ဝိဟာရော-သွားရပ်ထိုင်လျောင်း၊ နေရာကျောင်းသည်၊ အယောကုမ္ဘီဝ- ဝန်းကျင် တောက်ပြောင်၊ ရဲရဲလောင်ညီး၊ သံအိုးကြီးနှင့် တူလှလေ၏၊ အဉ္ဇလီ-လူသူအားလုံး၊ များညွတ်ရုံးလျက်၊ ရွှင်ပြုံးကြည်ညို၊ ရိုသေမြတ်နိုး၊ လက်အုပ်မိုး၍၊ ရှိခိုးကြခြင်းသည်၊ သတ္တိဝေဓောဝ- အရောင်လက်လက်၊ မြမြထက်သည့်၊ လှံရွက်ကိုမိုး၊ ဝိုင်း၍ထိုးသည်နှင့် တူလှလေသတည်း။

ရိုသေမြတ်နိုး၊ လက်အုပ်မိုး၊ ရှိခိုးထိုက်ပါပေ။
အဉ္ဇလိခေါ်၊ မြတ်ဂုဏ်တော်၊ ပူဇော်ကြပါလေ။

၉။ အနုတ္တရ ပုညခေတ္တ ဂုဏ်တော်။ ။ ဘဂဝတော- ရွှေဘုန်းတော်သခင်၊ ရှင်တော်မြတ်ဘုရား၏၊ ဧသ ဧသော သာဝက သံဃော- အစုံလေးပါး၊ သီးခြားရှစ်ဖော်၊ သံဃာတော်အပေါင်း၊ ဤအရိယာသူတော်ကောင်းသည်၊ လောကဿ- လူနတ်ဗြဟ္မာ၊ သတ္တဝါအပေါင်း၏၊ အနုတ္တရံ- အတုမရှိ၊ မြတ်ခေါင်ထိသော၊ ပုညခေတ္တံ-ကုသိုလ်ကောင်းမှု၊ မျိုးစေ့စု၏၊ ကြီးထုမြင့်မား၊ စွင့်စွင့်ကားလျက်၊ ဖွံ့ထွားဖွယ်ရာ၊ လယ်ယာမြေကောင်းအတူ၊ ဖြစ်တော်မူပါပေ၏။

လူနတ်ဗြဟ္မာ၊ သတ္တဝါအထု၊ ပေါင်းအစု၏၊ အတုမရှိ၊ မြတ်ခေါင်ထိသား၊ များဘိထိုထို၊ ကုသိုလ်ကောင်းမှု၊ မျိုးစေ့စု၏၊ ကြီးထုမြင့်မား၊ စွင့်စွင့်ကားလျက်၊ ဖွံ့ထွားဖွယ်ရာ၊ လယ်ယာမြေကောင်းအတူ၊ ဖြစ်တော်မူပါ ပေသော အနုတ္တရပုညခေတ္တဂုဏ်။

အနုတ္တရပုညခေတ္တဂုဏ်တော်သည် “ကောင်းမှုမျိုးစေ့ကို ကြဲချစိုက်ပျိုးဖို့ရန် မြတ်သောလယ်ယာနှင့် တူတော်မူ၏” ဟူသော အနက်ကို ပြ၏။

အရိယာသံဃာတော်သည် လယ်ယာမြေကောင်းနှင့်တူ၏၊ ကောင်းမှုရှင်များကား လယ်ယာရှင်နှင့် တူ၏၊ ကောင်းမှုရှင်များ ပြုကြသော လှူဒါန်းမှု, ရဟန်းတော်များ၏ အဆုံးအမအတိုင်း သီလဆောက်တည်မှု, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းမှုမှာ အောင်အောင်မြင်မြင် အနှစ်ပြည့်သော မျိုးစေ့နှင့်တူ၏။

ဘုရားလက်ထက်တော်က ဆင်းရဲသူ အမျိုးသမီးတစ်ယောက်သည် လယ်တောစောင့်ရင်း စားဖို့ရာ ပေါက်ပေါက်များကို လှော်ထား၏၊ အရှင်မဟာကဿပမထေရ်မြတ်သည် နိရောဓသမာပတ်မှ ထလျှင် ဆင်းရဲသူမလေးကို မြင်သဖြင့် လယ်တောသို့ ဆွမ်းခံကြွတော်မူသည်၊ အမျိုးသမီးလေးသည် မိမိစားဖို့ရာ ပေါက်ပေါက်များကို သွားရောက်လှူဒါန်းပြီးလျှင် ဝမ်းမြောက်ဝမ်းသာ မိမိ၏အလှူကို အောက်မေ့လျက် လယ်စောင့်တဲသို့ အပြန်တွင် ကစင်းရိုးမှ မြွေကိုက်သဖြင့် ချက်ချင်း ကွယ်လွန်လေ၏၊ ထိုအခါ မိမိကုသိုလ်ကို ဝမ်းမြောက်သောစိတ်က စွဲနေသဖြင့် နတ်ပြည်သို့ရောက်၍ ပေါက်ပေါက်ဇာတွေ တွဲရရွဲဆွဲနေသောဘုံဗိမာန်၌ နတ်သမီးဖြစ်ကာ “လာဇာနတ်သမီး (ပေါက်ပေါက်နတ်သမီး)”ဟု ထင်ရှားလေ၏။

လာဇာနတ်သမီးသည် အရှင်မဟာကဿပမထေရ်ကို ကျေးဇူးတင်လှ၍ ဝတ်ကြီးဝတ်ငယ် ပြုစုလိုသောကြောင့် မထေရ်မြတ်နေရာ လိုဏ်ဂူသို့ ဆင်းလာသောအခါ မထေရ်မြတ်က အပြုအစု မခံသဖြင့် ငိုငိုရီရီနှင့် နတ်ပြည်သို့အပြန်တွင် ဘုရားရှင် မြင်တော်မူ၍ တရားဟောတော်မူရာ “သောတာပန်" အဖြစ်သို့ ရောက်လေ၏၊ ဤသို့လျှင် အရိယာသံဃာတော်သည် ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးဖို့ရာ အတုမရှိသော လယ်ယာမြေကောင်းနှင့် တူပေ၏။ (ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ လာဇဒေဝဓီတာ၊ ၅-၇။)

ဤဝတ္ထု၌ ပေါက်ပေါက် အနည်းမျှကို လှူဒါန်းမှုကြောင့် နတ်စည်းစိမ်ရရုံမျှမက သောတာပန်ဖြစ်သည့်တိုင်အောင် ကြီးကျယ်သော အကျိုးထူးကို ရသည်မှာ ညောင်စေ့ကလေး စိုက်ပျိုးလိုက်ရာ ညောင်ပင်ကြီးပေါက်လာသည်နှင့် တူသောကြောင့် “ညောင်စေ့လောက် လှူလိုက်လျှင် ညောင်ပင်ကြီးလောက်ရ၏" ဟု ပြောစမှတ်ပြုကြ၏။

"သံဃာနုဿတိကမ္မဋ္ဌာန်းခေါ်တဲ့ သံဃာ့ဂုဏ်တော်များကို ပွါးများအားထုတ်တဲ့ ရဟန်းသည် သံဃာတော်၌ ရိုသေ, တုပ်ဝပ်ခြင်း ရှိ၏၊ သဒ္ဓါစသည်တို့၏ ပြန့်ပြောခြင်းသို့လည်း ရောက်၏၊ နှစ်သိမ့် ဝမ်းမြောက်မှုဖြစ်ခြင်း များ၏၊ ကြောက်ဖွယ် ဘေးငယ် ဘေးကြီးကို သည်းခံနိုင်၏၊ ဆင်းရဲ ဒုက္ခကို သည်းခံနိုင်၏၊ သံဃာတော်နှင့် အတူတကွ နေရသည်ဟူသော အမှတ်သညာကို ရ၏၊ သံဃာ့ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့မှု- သံဃာနုဿတိရဲ့ ကိန်းအောင်းရာဖြစ်တဲ့ ယောဂီရဲ့ ကိုယ်သည် သံဃာတော် စည်းဝေးလျက်ရှိသော ဥပုသ်အိမ်ကဲ့သို့ ပူဇော်ထိုက်၏၊ သံဃာ့ဂုဏ်တော်ကို ရခြင်းငှါ စိတ်ညွတ်၏၊ ဒါ့ပြင် ကျူးလွန်စရာ ဝတ္ထုအမှုနှင့် တွေ့လျှင် သံဃာတော်ကို မျက်မှောက်၌ ဖူးမြင်နေရသကဲ့သို့ ရှက်ကြောက်မှုသည် အဲဒီယောဂီအား ရှေးရှုထင်၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြားသော်လည်း သုဂတိသို့ လားရောက်ရ၏" လို့ ဝိသုဒ္ဓိမဂ် (၁၊ ၂ဝ၆)၌ လာရှိပါတယ်။

ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို အဖန်ဖန် အောက်မေ့သူတို့မှာ ကြောက်ခြင်း, ကိုယ်တုန်လှုပ်ခြင်း, ကြက်သီး မွေးညှင်းထခြင်းတွေကို ပယ်ဖျောက်လိမ့်မည်-လို့ ဓဇဂ္ဂသုတ်၌ ဘုရားရှင် မိန့်တော်မူပါတယ်။

ဘုရားဂုဏ်တော် ၉-ပါး, တရားဂုဏ်တော် ၆-ပါးနှင့် သံဃာ့ဂုဏ်တော် ၉-ပါးတို့၏ အနက်အဓိပ္ပါယ် အကျယ်ကို သိလိုပါက ရတနာ့ဂုဏ်ရည် (၂၇-၉၉-၁၆၁)နှင့် ပရိတ်သင်တန်း မှတ်ဖွယ်ကျမ်း ဓဇဂ္ဂသုတ်နှင့်စပ်သွယ် သိမှတ်ဖွယ် (၆ဝ၆-၆၈၄-၇၃၆)တို့၌ ကြည့်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Tuesday, April 2, 2013

ဗုဒ္ဓဆင်းတု စတင်ပြု မည်သည့်ကာလဟု...?



ဒေါ်သန်းနွဲ့ (စက်မှု၊ ၁) တောင်သာရဲ့ လျှောက်ထားသော မေးခွန်းမှာ---


ဘုရားဆင်းတု၊ စတင်ပြု့သည့်၊ ဘယ်သူ့နိုင်ငံ၊ ဘယ်ချိန်တန်၊ အမှန်သိလိုပါ၊

မေး။ ။ ဆရာတော်ဘုရား တပည့်တော်မ သိလိုသည်ကို ရေးသားလျှောက်ထားအပ်ပါသည်ဘုရား။

(က) တပည့်တော်မတို့ ယုံကြည်သိမှတ် ကိုးကွယ်အားထားရာ အစစ်ဖြစ်တော်မူသော ဗုဒ္ဓဘုရားရှင်၏ ရုပ်တုတော် ရုပ်ပွါးဆင်းတုတော်များကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါကာလကပင် ဗုဒ္ဓဘာသာဝင်တို့ သွန်းလုပ် ထုလုပ် ပူဇော်ခဲ့ကြပါပြီလားဘုရား? သို့မဟုတ် ဗုဒ္ဓဘုရားရှင် ပုံတော် ရုပ်တုတော်များကို ဘုရားရှင် လွန်ပြီး (ပရိနိဗ္ဗာန်စံတော်မူပြီး) မည်သည့်အချိန်ကာလ, မည်သည့်နိုင်ငံ, မည်သည့်လူမျိုးတို့မှ စတင်ခဲ့ပါသလဲဘုရား?

ဗုဒ္ဓဘုရားရှင် ရုပ်ပွါး ရုပ်တုတော်များ ပူဇော်သည့်အခါကာလ, မည်သည့်တိုင်းပြည်, မည်သည့် လူမျိုးများမှ စတင်ခဲ့သည်ကို တပည့်တော်မတို့ သိရှိနားလည်စေရန် ဆရာတော်ဘုရားမှ ရှင်းလင်း ပေးပါရန် ရိုသေစွာ ရှိခိုးဦးတင် လျှောက်ထားအပ်ပါသည် အရှင်ဘုရား။

ဖြေ။ ။ ဒေါ်သန်းနွဲ့ရဲ့ မေးခွန်းများတွင်---
(က) သာသနာဝင် သမိုင်းကြောင်းအရ ဘုရားရှင်၏ရုပ်တုတော် ဆင်းတုတော်များမှာ သာသနာတော်နှစ် ငါးရာပတ်ဝန်းကျင်၌ ပေါ်ပေါက်လာပါသည်၊ သာသနာတော်နှစ် နှစ်ရာကျော် အသောကမင်းကြီး လက်ထက်မှာပင် ဘုရားရှင်ရုပ်ပုံဆင်းတုတော်များ မရှိသေးပါ။ ဘုရားရှင်ကိုယ်တော်စား ခြေတော်ရာ, ဗောဓိပင်ပုံ စသည်များကို ကိုးကွယ်ခဲ့ကြပါသည်၊ မိလိန္ဒမင်းကြီးတို့ ခေတ်ကျမှ ဘုရားရှင်ပုံတော် ဆင်းတုတော်များ ပေါ်စပြုလာကြောင်း သိရ၍ ဘုရားရှင် လက်ထက်တော်က ဘုရားရှင်၏ ရုပ်တုတော် ရုပ်ပွါးဆင်းတုတော်များကို သွန်းလုပ် ထုလုပ် ပူဇော်ခဲ့ခြင်း မရှိကြသေးပါ။ သာသနာတော်နှစ် ငါးရာကျော်မှ ဘုရားရှင်ပုံတော် ဆင်းတုတော်များကို အိန္ဒိယနိုင်ငံ ဂုပ္တအရပ်၌ စတင်ထုလုပ်ကြောင်း စာရေးဆရာ ရဝေထွန်းအမည်ခံ ဆရာတော် ဘဒ္ဒန္တ တိလောကသာရ၏ ဘာသာရေး ပြဿနာများ (၃)တို့အရ သိရပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers