Tuesday, May 28, 2013

သေခါနီးသော် ပေါ်, မပေါ် ထိုသူ့တိတ်ကံနော်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


သေခါနီးတွင်၊ တိတ်ကံလျှင်၊ ထင်မြင်တတ်သလော?

မေး။ ။(ဇ) လူတဦး သေခါနီး ဇောတွင် အတိတ်ဘဝများမှ ပြုခဲ့သော ကံများ ထင်တတ်ပါသလားဘုရား?

(ဇ) လူတဦး သေခါနီး ဇောတွင် အတိတ်ဘဝများမှ ပြုခဲ့တဲ့ ကံများထင်တတ်ပါတယ်၊ အပရာပရိယဝေဒနီယ ကံကင်းပြီး သံသရာ၌ ကျင်လည်နေရတဲ့ သတ္တဝါဆိုတာ မရှိပါဘူး၊ ထိုကံဟာ အခွင့်ရလျှင် အကျိုးပေးတာပါဘဲ၊ သံသရာထဲမှာ ဖြစ်နေသရွေ့ အပရာပရိယဝေဒနီယကံက အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားရိုး မရှိပါဘူး။ နောက်ဆုံး အရဟတ္တမဂ်ဖြင့် ပယ်ဖျက်လိုက်မှ အကျိုးမပေးတော့တာ ဖြစ်တယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Friday, May 24, 2013

သီလစင်ရန် ဘိက္ခူကြံ ကပ်သူမရှိပြန်---



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ဆွမ်းကပ်မည့်သူ၊ မရှိမူ၊ ဘိက္ခူ မည်သို့ပြုမည်နည်း?


မေ။ ။(ဆ) ဆွမ်းစသည်များကို ကပ်မည့်သူ မရှိသောကျောင်းမှာ ရဟန်းတော်သည် ပါတိမောက်သီလ မပျက်ရန် မည်ကဲ့သို့ဆောင်ရွက်သင့်ပါသနည်းဘုရား?

(ဆ) ဆွမ်းစသည်များကို ကပ်မည့်သူ မရှိတဲ့ကျောင်းမှာ သီတင်းသုံးတဲ့ရဟန်းတော်ဖြစ်လျှင် (ဒန္တပေါဏ စတဲ့) ပါတိမောက္ခသီလ မပျက်လိုပါက ဆွမ်းခံစားရုံမှတပါး အခြားနည်းလမ်းမရှိပါ။ ဆွမ်းခံ၍ရတဲ့စားဖွယ်များကို မိမိမျှတရုံ ဘုဉ်းပေးသုံးဆောင်ပြီး ဆွမ်းကျန် ဟင်းကျန်များကို စွန့်ပစ်ကာ သပိတ်ကို စင်ကြယ်စွာ ဆေးကြောထားရမယ်၊ အဲဒီလိုသာ ကျင့်သုံးဆောင်ရွက်သင့်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, May 23, 2013

မိမိဘာဆင့် ပြောကြားလင့် မည်သည်အပြစ်သင့်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ရဟန်းတော်များ၊ ထူးတရား၊ ပြောကြား ကောင်းသလော?

မေး။ ။(စ) ရဟန်းတော်များမှာ မိမိသည် ဂေါတြဘုအဆင့်ထိ ရောက်ကြောင်း ပြောကောင်းပါသလား ဘုရား?

ဖြေ။ ။(စ) ရဟန်းတော်များမှာ မိမိသည် ဂေါတြဘုအဆင့်အထိ ရောက်ကြောင်း ပြောကောင်းပါသလား? ဟူသော မေးခွန်းနှင့်ပတ်သက်၍---

မိမိက ဂေါတြဘုအဆင့်အထိသာမက ဈာန် သို့မဟုတ် မဂ် ရောက်ကြောင်းကို ရဟန်းအချင်းချင်း ပြောကောင်းပါသည်၊ လူ, သာမဏေအားသာ မပြောကောင်းပါ၊ ပြောမိလျှင် “ဘူတာရောစနသိက္ခာပုဒ်-မိမိမှာ အမှန်အကန်ထင်ရှားရှိတဲ့ ဈာန် မဂ်ဖိုလ် စတဲ့ ဥတ္တရိမနုဿဓမ္မကို လူသာမဏေအား ပြောမိ၍ ပညတ်အပ်တဲ့ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်တယ်။

ဘူတာရောစနသိက္ခာပုဒ်ကို ပညတ်ရခြင်း အကြောင်းရင်းကား “ဝေသာလီပြည်၌ ဒုဗ္ဗိက္ခန္တရကပ်ဆိုက်ရောက်စဉ် ရဟန်းတော်များ ဆွမ်းခံယူ မျှတခြင်းငှါ မလွယ်ကူကြရကား ဝမ်းရေးအတွက် လောကီဈာန်ကိုရတဲ့ ပုထုဇဉ်ရဟန်းများဟာ ဥတ္တရိမနုဿဓမ္မ ခေါ်တဲ့ ဈာန်တရားကို လူတို့အား ပြောကြတယ်၊ အရိယာရဟန်းတို့က ဝမ်းရေးကြောင့် မိမိတို့ကိုယ်တိုင် မပြောကြ၊ အခြားရဟန်းတို့က “မည်သည့်ကိုယ်တော်ကတော့ အရိယာဘဲ”လို့ ပြောသဖြင့် မိမိတို့ကို မေးလျှောက်ကြတဲ့အခါ “ဟုတ်မှန်ကြောင်းကို မိမိအတွက်လည်းကောင်း, အခြား အရိယာရဟန်းများအတွက် လည်းကောင်း” ဝန်ခံကြတယ်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ရတယ်။

ရဟန်းတော်များမှာ အမှန်အကန်ရရှိထားတဲ့ ဈာန် မဂ် ဖိုလ်တရားတို့ကို လူ သာမဏေအား ပြောကြားလျှင် ပါစိတ်အာပတ်သင့်တယ်၊ မရရှိတဲ့ ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိသလို မည်သူအားမဆို ပြောကြားမိလျှင် ပါရာဇိကကျ တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

(ပါရာဇိက=သာသနာတော်မှ ဆုံးရှုံးစေသည်=ရဟန်းမဟုတ်တော့) 



Tuesday, May 21, 2013

ကိလေကင်းသူ ရုပ်လောင်းမူ ပုပ်နံ့ထူ-မထူ...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ရဟန္တာရုပ်အလောင်း၊ မပုပ်ကောင်း၊ အကြောင်း ဘယ်သို့နည်း?

 မေး။ ။(င) ရဟန္တာများ ပရိနိဗ္ဗာန်စံလျှင် ရုပ်အလောင်း ပုပ်ပါသလားဘုရား?

ဖြေ။ ။(င) ကိလေသာထူပြောတဲ့သူတို့ရဲရုပ်အလောင်းဟာ ပုပ်သော်လည်း ကိလေသာမရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့ရုပ်အလောင်းကတော့ မကောင်းတဲ့အနံ့မရှိ, မပုပ်ကြောင်းကို သုတ္တနိပါတ်အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့၌ လာရှိသောကြောင့် ရဟန္တာများ ပရိနိဗ္ဗာန်စံလျှင် ရုပ်အလောင်း မပုပ်ပါ။

ဆောင်ပုဒ်။ ။ ကိလေသာကင်း၊ အကြောင်းရင်းကြောင့်၊ သေခြင်းနောက်မှာ၊ ရဟန္တာ၏၊ ရုပ်ဟာမပုပ်သိုး ကျမ်းဆိုရိုး။

ယေ ဟိ ဥဿန္နကိလေသာ သတ္တာ၊
တေ တေဟိ အတိဒုဂ္ဂန္ဓာ ဟောန္တိ၊
နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။
(သုတ္တနိပါတ၊ ဋ္ဌ၊ ၁၊ ၃ဝ၃။)


ယေ ယေ ဥဿန္နကိလေသာ သတ္တာ၊
တေ တေ အတိဒုဂ္ဂန္ဓာ ဟောန္တိ၊
တေနေဝ နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။
(အံ၊ ဋီ၊ ၁၊ ၁၆၉။)


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Saturday, May 18, 2013

ကောသလနဲ့ မလ္လိကာ တရားမရ ဘယ်ကြောင်းဖန်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ကောသလ, မလ္လိကာ၊ မြတ်ဗုဒ္ဓါ၊ လွန်စွာ ဆည်းကပ်သူ၊
တရားမရ၊ ဘယ်ကြောင့်ပ၊ မိန့်ဟပေးတော်မူ။

မေဒ။ ။(ဃ) ကောသလဘုရင်ကြီးနှင့် မလ္လိကာ မိဖုရားကြီးတို့သည် ဘုရားရှင်အား ချဉ်းကပ်တရားနာကြရပြီး, သူမတူသော အသဒိသဒါနများကိုပြုကြပါလျက် အဘယ့်ကြောင့် တရားထူး မရရှိကြပါသနည်း?

ဖြေ။ ။(ဃ) “မေတ္တေယျဘုရားသခင် သာသနာတော်ကွယ်၍ ကာလရှည်မြင့်သဖြင့် ဤဘဒ္ဒကမ္ဘာ ပျက်သည်ရှိသော် ကမ္ဘာတစ်သင်္ချေလွန်၍ မဏ္ဍကမ္ဘာ၌ ရာမဘုရား, ဓမ္မရာဇာဘုရား နှစ်ဆူ ဖြစ်ကုန်လတ္တံ့၊ ထိုနှစ်ဆူတို့တွင် ရာမမင်းသည် ရာမဘုရားဖြစ်လတ္တံ့၊ ရာမဘုရားသခင် သာသနာတော် ကွယ်လွန်ပြီးသော် ထိုကမ္ဘာ၌ပင် ပေဿနဒီ ကောသလ မင်းကြီးသည် ဓမ္မရာဇာ (မည်သော) ဘုရားဖြစ်တ္တံ့၊ သက်တော် ငါးသောင်း, အရပ်တော် သန်တောင် ခြောက်ဆယ်, ကံ့ဂေါ်ပင် ဗောဓိ (ပင်)ဖြစ်လတ္တံ့” ဟူသော အနာဂတဝင်ဝတ္ထု, ဒသဗုဒ္ဓအနာဂတဝင် (၄၈-၄၉) အရလည်းကောင်း, According to the AnÈgatavaÑsa, Pasenadi is a Bodhisatta. He will be the fourth future Buddha. (DICTIONARY OF PŒ£I PROPER NAMES, VOL. II) အရ လည်းကောင်း ကောသလ ဘုရင်ကြီးသည် ဘုရားအလောင်းဖြစ်၍ ဘုရားရှင်အား ချဉ်းကပ်၍ တရားနာရသော်လည်း တရားထူးမရနိုင်ပါ။

မလ္လိကာမိဖုရားကြီးကတော့ ရေချိုးအိမ်အတွင်း၌ အကျွမ်းတဝင်မွေးထားသော ခွေးနှင့် ပြစ်မှားကျူးလွန်နေစဉ် ကောသလမင်းကြီး ပြသာဒ်ထက် လေသာပြတင်းမှ တွေ့မြင်သဖြင့် အဘယ့်ကြောင့် ဤမျှ လောက် ယုတ်မာသော အမှုကို ပြုရသနည်း?ဟု ပြောဆို၏၊ မလ္လိကာမိဖုရားကြီးက “မဟုတ်ပါကြောင်း” ငြင်းဆိုပြီး “တစ်စုံ တစ်ယောက်က ဤရေချိုးအိမ်မှာ ဝင်နေစဉ် ပြာသာဒ်ထက် လေသာပြတင်းမှ ကြည့်လျှင် တစ်ယောက်တည်းပင် နှစ်ယောက်အားဖြင့် ထင်တတ်ပါ၏”ဟု ပြောဆိုကာ ကောသလ မင်းကြီးကို ရေချိုးအိမ်အတွင်း ဝင်စေကာ “ဆိတ်မတစ်ကောင်နှင့် လွန်ကျူး နေကြောင်း” လိမ်ညာ၍ စွပ်စွဲ ပြောဆိုလေသည်၊ ကွယ်လွန်ခါနီးဝယ် ထိုမကောင်းမှုကို သတိရကာ ကွယ်လွန်သဖြင့် အဝီစိငရဲ၌ ခုနစ်ရက်ခံရပြီး ရှစ်ရက်မြောက်နေ‹၌ ထိုအဝီစိငရဲမှ စုတေလတ်သော် တုသိတာနတ်ပြည်၌ ဖြစ်လေသည်-ဟု ဓမ္မပဒအဋ္ဌကထာ ဒုတိယတွဲ မလ္လိကာဝတ္ထု (၇၅-၇၆)လာရှိသောကြောင့် မလ္လိကာမိဖုရားကြီးလည်း တရားထူးမရရှိပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Tuesday, May 14, 2013

တိဟိတ်ဖြစ်သည့် ဤမောင်နှံ တရားမရ မည်သည့်ကံ---?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


သူဌေးမောင်နှံ၊ တိဟိတ်ကံ၊ ကြုံပြန် မြတ်ဘုရား၊
တရားထူးမျှ၊ မရကြ၊ ကြောင်းက ဘယ်သို့နည်း?

မေး။ ။(ဂ) မဟာဓနသူဌေးသား ဇနီးမောင်နှံတို့သည် တိဟိတ်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သက်တော်ထင်ရှား ဘုရားရှင်နှင့် တွေကြုံပါလျက် အဘယ့်ကြောင့် တရားထူး မရရှိကြပါသနည်း?

ဖြေ။ ။(ဂ) မဟာဓနသူဌေးသား ဇနီးမောင်နှံတို့ဖြစ်ပုံမှာ ကခြင်း သီချင်းဆိုခြင်း တီးမှုတ်အတတ်မျှကိုသာ သင်ခဲ့ကြရပြီး အခြားမည်သည့်အတတ်ပညာမှ မရှိကြ၊ တနေ့မှာ သူဌေးသားကို သေသောက်ကြူးများက အရက်တိုက်၍ မြှူဆွယ်ခဲ့ကြတယ်၊ သူဌေးသား အရက်ကြိုက်သွားတဲ့အခါ သေသောက်ကြူးများကိုပါ ခေါ်လျက် နေ့စဉ် အရက်ဝိုင်းဖြင့်သာ အချိန်ကုန်ကာ အရက်သမားလုံးလုံးဖြစ်ပြီး စီးပွါးမရှာနိုင်ပဲ နှစ်ဖက်မိဘများမှ အမွေပစ္စည်းများကို မူးယစ်သောက်စား ပျော်ပါးဖန်းတီးသည့်အတွက် နောက်ဆုံး ခွက်လက်စွဲကာ တောင်းစားကြရတဲ့ဘဝသို့ ရောက်ခဲ့ ကြရတယ်၊ ထိုသူဌေးသားဇနီးမောင်နှံတို‹သည် တိဟိတ်ပုဂ္ဂိုလ်များဖြစ်ကြသော်လည်း ဘုရားရှင်လက်ထက်တော်မှာ ဖြစ်ကြရပါလျက် ဘုရားရှင်နှင့် မတွေ့ကြုံရ, သူတော်ကောင်းနှင့်ပေါင်းသင်းမှုမရ၍ တရားကျင့်ကြံမှု မရှိ ခြင်းတို့ကြောင့် တရားထူး မရရှိခဲ့ကြခြင်းဖြစ်ပါတယ်၊ လူ့စည်းစိမ်မှလည်းကောင်း, မဂ်ဖိုလ်မှလည်းကောင်း ဆုတ်ယုတ်ခဲ့ကြရပါတယ် ။

ရှေးသရောအခါ၊ ပြည်ဗာရာဝယ်၊ 
ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ 
သားတစ်ယောက်ဖြစ်၊ ချစ်၍ တစေ၊ 
အိမ်မှာ နေ၍၊ စာပေမကျ၊ 
မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ 
အရှေ့ အနောက်၊ တောင်မြောက်ဘယ်မှာ၊ 
မသိပါငြား၊ သူဌေးသားသည်၊ 
သိုထားမတတ်၊ အရပ်ရပ်၌၊
နှံ့အပ်ဥစ္စာ၊ ရှိသည်ငှါကို၊ 
များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ 
ယူ၍ ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊
ထောင်းထောင်းကြေလျက်၊ ခွက်လက်စွဲကာ၊
တောင်းစားပါလည်း၊ နင်သာလူမိုက်၊ 
ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ 
ရွာမှထွက်လေ၊ တောမှာသေသည်၊
ကောင်သေ လင်းတ ကျ၏တည်း။ 

(ဆုံးမစာပေါင်းချုပ်ကြီး၊ ပုတ္တောဝါဒဆုံးမစာ၊ နှမက မောင်ကိုဆုံးမခန်း၊ ၂၈၁-၂၈၂။)

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, May 9, 2013

ရဟန္တာမှာ လက်ဖျောက်ဟာ ဘာကြောင့်တီးခဲ့တာ...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


လက်ဖျောက်တီးရာ၊ ရဟန္တာ၊ ကြောင်းရာ ဘယ်သို့နည်း?

မေး။ ။(ခ) ရဟန္တာ လက်ဖျောက်တီးသည့်အကြောင်း ရှင်းပြပေးတော်မူပါဘုရား။

ဖြေ။ ။(ခ) ဘုရားရှင်လက်ထက်တော်မှာ တစ်နေ့တွင် အရှင်မဟာကဿပမထေရ်က နိရောဓသမာပတ်မှထ၍ ရာဇဂြိုဟ်မြို့ထဲ၌ အိမ်စဉ်လှည့်ကာ ဆွမ်းခံဖို့ ကြွအလာ သိကြားမင်းရဲ့အလုပ်အကျွေး နတ်သမီးငါးရာဟာ ဆွမ်းလောင်းလှူဖို့ လမ်းခရီးအကြားဝယ် စောင့်နေကြရာမှ “အရှင်ဘုရား ဤဆွမ်းကို အလှူခံတော်မူပါ၊ တပည့်တော်မတို့အား ချီးမြှင့်တော်မူပါဘုရား”လို့ လျှောက်ထားတောင်းပန်ကြတယ်၊ မထေရ်မြတ်က “သင်တို့ ဖဲသွားကြစမ်း၊ ငါက ဆင်းရဲသူတွေအား ချီးမြှင့်မှာဖြစ်တယ်”လို့ မိန့်တော်မူတဲ့အခါ နတ်သမီးတွေက “အရှင်ဘုရား တပည့်တော်မတို့အား မဖျက်ဆီးပါလင့်၊ တပည့်တော်မတို့အား ချီးမြှင့်တော်မူပါဘုရား”လို့ ထပ်မံ လျှောက်ထားကြပြန်တယ်၊ မထေရ်မြတ်က တစ်ဖန်ပယ်မြစ်ပေမဲ့ ဖဲမသွားလိုကြပဲ ထပ်မံ တောင်းပန်ကြပြန်တဲ့အခါမှာတော့ နတ်သမီးများကို မထေရ်မြတ်က “သင်တို့ဟာ ကိုယ့်ပမာဏကို ကိုယ်မသိကြ၊ ဖဲသွားကြလော့”လို့ မိန့်တော်မူကာ လက်ဖျောက်တီးတော်မူလိုက်ပါတယ်၊ နတ်သမီးများဟာ မထေရ်မြတ်ရဲ့ လက်ဖျောက်တီးသံကို ကြားရလျှင် မထေရ်မြတ်ရဲ့မျက်မှောက်၌ တည်နေခြင်းငှါ မတတ်နိုင်ကြတော့ပဲ ထွက်ပြေးကြကာ တာဝတိံသာနတ်ပြည်သို့ ပြန်သွားခဲ့ကြရပါတယ်။

နိရောဓသမာပတ်မှထတော်မူကြတဲ့ ဘုရား, ရဟန္တာ အရှင်မြတ်တွေဟာ ဆင်းရဲသားများအားသာ ချီးမြှင့်လေ့ရှိတော်မူကြပါတယ်၊ နတ်ကိုမဆိုထားဘိ လူချမ်းသာများအားပင် ချီးမြှင့်တော်မမူကြပါ၊ နတ်သမီးတွေက ပကတိ မိမိတို့နတ်အသွင်အတိုင်း ဆွမ်းလှူတော့ အရှင်မြတ်ကြီးက ဘယ်မှာလက်ခံပါ့မလဲ? ပြောမရတဲ့အဆုံးတော့ အရှင်မြတ်ကြီးက နတ်သမီးတွေကို လက်ဖျောက်တီး၍ မောင်းထုတ်လိုက်တာပါဘဲ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers