Tuesday, April 30, 2013

တူတူရေစက် ချလေသော် ဘ၀ဆက်တိုင်းနော်...



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ရေစက်ချ, ဆုံ၊ စကားစုံ၊ ကုန်လုံနက်လာ ရှင်းပြပါ။

မေး။ ။(ဇ) ရေစက်ချသဖြင့် ရေစက်ဆုံတာ ရှင်းပြပေးပါဘုရား။

ဖြေ။ ။(ဇ) ရေစက်ချသဖြင့် ရေစက်ဆုံတာတော့ မဟုတ်ဘူး၊ အတူတကွ စုပေါင်းလျက် ကုသိုလ်ကောင်းမှုပြုကြသူတွေဟာ ဖြစ်ရာဘဝများမှာ ပြန်လည်ဆုံစည်းတတ်တာကို ရည်၍ ရေစက်ဆုံတယ်-လို့ ပြောဆိုကြတာပါ၊ ပုံစံပြောရရင် “အရှင်ယသထေရ်အလောင်း အမှူးပြုတဲ့ အမျိုးကောင်းသား ငါးကျိပ်ငါးယောက်သော သူငယ်ချင်းတွေဟာ အသင်းဖွဲ့ပြီး ကောင်းမှုပြုကြရာ ဟိုဟိုဒီဒီ၌ လှည့်လည်ကြလျက် အားကိုးရာမဲ့ အလောင်းများကို မီးသင်္ဂြိဟ်ခြင်းစတဲ့ကောင်းမှုတွေကို ပြုလုပ်ခဲ့ကြတယ်၊ (ယနေ့ခေတ် မြန်မာနိုင်ငံ နာရေးအသင်းများလို) တစ်နေ့မှာ ကိုယ်ဝန်ဆောင်မိန်းမအလောင်း မီး သင်္ဂြိဟ်ရာမှ အသုဘဘာဝနာ ရှုမှတ်နိုင်ခဲ့ကြပါတယ်၊ သူငယ်ချင်း ငါးကျိပ်ငါးယောက်တို့ဟာ အတူတကွ ပေါင်းစုပြုလုပ် ခဲ့ကြတဲ့ နာရေးကိစ္စ အသုဘရှု မြတ်ကောင်းမှု၏ပြည့်စုံ ခြင်းကြောင့်ပင် ငါတို့ဘုရားရှင် လက်ထက်တော်ဝယ် ရဟန«ာတွေ ဖြစ်ခဲ့ကြရတယ်"။

ရေစက်ဆုံမှုနှင့်ပတ်သက်၍ ဘုရားရှင်က နကုလမာတာနှင့် နကုလပိတာဇနီးမောင်နှံအား ဟောတော်မူခဲ့ဘူးပါတယ်၊ နကုလပိတာသူကြွယ်က ဘုရားရှင်အား “အရှင်ဘုရားæတပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြားလက်ထပ်ခဲ့သည်မှစ၍ ကိုယ်ဖြင့်မဆိုထားဘိ စိတ်မျှဖြင့်ပင် သူမကို သစ္စာမဲ့လျက် မကျင့်မိဘူးပါ၊ တပည့်တော်တို့သည် ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်လိုကြပါ၏၊ နောင်တမလွန်ဘဝမှာလည်း အချင်းချင်း ရှုမြင်လိုကြပါ၏”ဟု လျှောက်၏။

နကုလမာတာသူကြွယ်မကလည်း “အရှင်ဘုရားæနကုလပိတာသူကြွယ်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြာလက်ထပ်ခဲ့သည်ကစ၍ ကိုယ်ဖြင့်မဆိုထားဘိ စိတ်မျှဖြင့်ပင် သူကို သစ္စာမဲ့လျက် မကျင့်မိဘူးပါ၊ တပည့်တော်တို့သည် ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်လိုကြပါ၏၊ နောင်တမလွန်ဘဝမှာလည်း အချင်းချင်း ရှုမြင်လို ကြပါ၏”ဟု လျှောက်၏။

ဘုရားရှင်က “ဒါယကာတို့ ဇနီးမောင်နှံနှစ်ဦးဟာ ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်ကြရန်, တမလွန်ဘဝမှာ လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်မူ နှစ်ဦးလုံးတို့သည်---

သမသဒ္ဓါ-တူမျှသော သဒ္ဓါတရား ရှိကြရမယ်၊
သမသီလာ-တူမျှသော သီလရှိကြရမယ်၊
သမစာဂါ-တူမျှသော စွန့်ကြဲမှုရှိကြရမယ်၊
သမပညာ-တူမျှသော ပညာရှိကြရမယ်---

ဤလေးပါးနှင့် ပြည့်စုံသော ဇနီးမောင်နှံတို့သည် ယခုဘဝမှာလည်း အချင်းချင်း ရှုမြင်ကြရ၏၊ နောင်တမလွန်ဘဝမှာလည်း အချင်းချင်း ရှုမြင်ကြရပါလိမ့်မည်”ဟု မိန့်တော်မူပါတယ်။ ဒီဒေသနာတော်ကိုထောက်လျှင် ဇနီးမောင်နှံဘဲဖြစ်ဖြစ်, ဆွေမျိုး မိတ်ဆွေသင်္ဂဟတွေဘဲ ဖြစ်ဖြစ် ‘တူမျှတဲ့သဒ္ဓွါ တူမျှတဲ့ သီလ, တူမျှတဲ့ စာဂ, တူမျှတဲ့ ပညာ- ဤလေးပါးနှင့်ပြည့်စုံကြပါမူ နောင်ဘဝမှာလဲ အချင်းချင်း ပြန်လည် ရေစက်ဆုံကြရပါလိမ့်မယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Monday, April 29, 2013

ကုန်ခန်းအာသ၀ါ မသိပါ ရှင်းပြစေလိုတာ---



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


အာသဝေါကုန်ခန်း၊ စကားဆန်း၊ နက်စွမ်း ဓိပ္ပါ ရှင်းပြပါ။

(ဆ) “အာသဝေါကုန်ခန်း”စကား၏အဓိပ္ပါယ်ကို ရှင်းပြပေးတော်မူပါဘုရား။

(ဆ) “အာသဝေါကုန်ခန်း” စကားက ပါဠိဘာသာစကား “အာသဝက္ခယ”ကို မြန်မာမှုပြုလိုက်ခြင်းဖြစ်တယ်၊ “အာသဝ+ခယ=အာသဝက္ခယ၊ အာသဝ-မှ အာသဝေါ+ ခယ-ကုန်ခန်း (ကုန်ခန်းခြင်း)= အာသဝေါကုန်ခန်း” လို့ ဖြစ်သွားပါတယ်။

အာသဝ-ပါဠိရဲ့ မူရင်းအနက်မှာ အရက် (စိမ်ရည်)ဖြစ်တယ်၊ ဒီနေရာမှာတော့ ထိုအရက်နှင့်တူတဲ့ လောဘစသည်ကို ဆိုလိုတယ်၊ အရက်ကို အနံ့ပြင်းအောင် သင့်တော်တဲ့အိုးမှာ ကြာရှည်စွာ စိမ်ထားရသလို အလားတူပင် လောဘ ဒိဋ္ဌိ မောဟ-ဆိုတဲ့ တရားဆိုးများကိုလည်း (ခန္ဓာအစဉ်တည်းဟူသော အရက်အိုးမှာ) အနမတဂ္ဂ (အစမထင်) သံသရာတစ်ခွင်ဝယ် ကြာရှည်စွာ စိမ်ထားသလို ဖြစ်တယ်၊ အရက်နှင့်တူတဲ့ လောဘ ဒိဋ္ဌိ မောဟ တရားဆိုးများ (အာသဝ) အာသဝေါ + (ခယ) ကုန်ခန်းခြင်း= အာသဝေါကုန်ခန်းခြင်း-လို့ အဓိပ္ပါယ်ရပါတယ်။ (ထိုအာသဝေါတရား ဆိုးများအနက် ဒိဋ္ဌိကို သောတာပတ္တိမဂ်ဖြင့် ပယ်သတ်၍ ကျန် လောဘနှင့် မောဟတို့ကိုတော့ အရဟတ္တမဂ်ဖြင့် ပယ်သတ် ကုန်ခန်းစေပါတယ်။)

အာသဝမည်၊ သဒ္ဒါသည်ကား၊
စိမ်ရည်အရက်၊ ဟောရင်းနက်တည်း၊
မပျက်တမူ၊ သဒိသူဖြင့်၊
ညီတူကြံကာ၊ သံသရာဝယ်၊
ခန္ဓာကိုယ်ဆိုး၊ အရက်အိုး၌၊
အခိုးပြင်းစွာ၊ ထုံလျက်ပါသည့်၊
သုံးဖြာသဘော၊ လော,ဒိဋ္ဌ်,မော ကို၊
ခေါ်လောအာသဝ အမည်တည်း ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Sunday, April 28, 2013

ကလျာဏနဲ့ အန္ဓရယ် ဘယ်လိုခွဲရမယ်...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


နှစ်မျိုး ပုထုဇဉ်၊ ခြားနားအင်၊ ကျမ်းယှဉ် မိန့်တော်မူ။

မေး။  ။(င) ကလျာဏပုထုဇဉ်နှင့် အန္ဓပုထုဇဉ်-လို့ ပုထုဇဉ် ၂-မျိုးကို တပည့်တော်မ ကြားဖူးပါသည်၊ ထိုပုထုဇဉ် ၂-မျိုး၏ ကွဲပြားခြားနားချက်ကို ဖြေရှင်းပေးတော်မူပါဘုရား။

ဖြေ။  ။(င) ခန္ဓာ (၅-ပါး), အာယတန (၁၂-ပါး), ဓာတ် (၁၈-ပါး), ပဋိစ္စသမုပ္ပါဒ်တို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, ကြားနာခြင်း, ဆောင်ရွက် မှတ်သားခြင်း, ဆင်ခြင် စဉ်းစားခြင်းတို့ မရှိတဲ့ ပုထုဇဉ်ကို “အန္ဓပုထုဇဉ် (ပညာမျက်စိ ကာဏ်း -(ကန်း)- တဲ့ ပုထုဇဉ်)” ခေါ်ပါတယ်။

ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်တို့၌ သင်ယူခြင်း, အဖန်ဖန် မေးမြန်းခြင်း, ကြားနာခြင်း, ဆောင်ရွက် မှတ်သားခြင်း, ဆင်ခြင် စဉ်းစားခြင်းတို့ ရှိတဲ့ ပုထုဇဉ်ကို “ကလျာဏပုထုဇဉ် (ပညာမျက်စိရှိ၍ ကောင်းတဲ့ ပုထုဇဉ်)” ခေါ်ပါတယ် ။ ဤကဲ့သို့ ကွဲပြားခြားနားပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Friday, April 26, 2013

မဲ စာရေးတံ သိချင်ပြန် ပြောပြပေးရန် ခွင့်တောင်းပန်



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


စာရေးတံမဲ၊ ဓိပ္ပါယ်လဲ၊ သိတွဲပေးတော်မူ။

(ဃ) စာရေးတံမဲ အဓိပ္ပါယ်ကို ရှင်းပြပေးပါဘုရား။

(ဃ) စာပေကျမ်းဂန်များအရ “စာရေးတံ”ဟူသည် “သလာက”ဆိုတဲ့ ပါဠိစကားကို မြန်မာပြန်ဆိုထားခြင်း ဖြစ်ကြောင်း သိရပါတယ်၊ ရှေးက ဝါးခြမ်းစိတ်မှာဖြစ်စေ, သစ်သားခြမ်းမှာဖြစ်စေ “ဦးစံဝင်းအိမ် ဆွမ်းစားကြွပါ, ဒေါ်မြမေ အိမ် ဝါဆိုသင်္ကန်း အလှူခံကြွပါ”စသည်ဖြင့် စာရေးထားသောကြောင့် ထိုဝါးခြမ်းစိတ် သို့မဟုတ် သစ်သားခြမ်း တုတ်တံ ကလေးကို “စာရေးတံ (စာရေးထားသော အတံ)” ဟု ခေါ်ကြပါတယ်။

အလှူ့ဒါယကာ တစ်ဦးသာမက အလှူ့ရှင် အများဖြစ်တတ်သောကြောင့်လည်းကောင်း, လှူဖွယ်ပစ္စည်းများကလည်း အကောင်းအဆိုး အမျိုးမျိုး ရှိတတ်သောကြောင့် လည်းကောင်း ဝေဖန်ခွဲခြမ်းရာ၌ တရားမျှတမှု ရှိစေရန် အလှူ့ရှင်ရဲ့ အမည်ကိုဖြစ်စေ, လှူဖွယ်ပစ္စည်းများရဲ့အမည်ကိုဖြစ်စေ ဝါးခြမ်းစိတ်တံ, သို့မဟုတ် သစ်သားခြမ်းတံပေါ်၌ ရေးသားထားရတယ်၊ ယခုခေတ်တွင်မူ စာရွက်ပေါ်၌ ရေး၍ ထိုစာရွက်ကို လိပ်ထားကြတယ်၊ ထိုစာလိပ်ကိုလည်း ရှေးထုံးကိုမှီး၍ ခေါ်တဲ့နည်းဖြင့် “စာရေးတံ”လို့ ပင် ခေါ်ကြပါတယ်။

အမရပူရ မဟာဂန္ဓွာရုံဆရာတော်ဘုရားကြီးက “ထိုအခြမ်းအလိပ်များကို နာမည် (နာမယ်) ပါသောကြောင့် ‘မယ် လိပ်, ဝါ- မဲလိပ်’ ဟုခေါ်သည်၊ (နာမယ်ရေး၍ လိပ်ထားသောကြောင့် “မယ်လိပ်၊ မယ်လိပ်မှ မဲလိပ်’သို့ ပြောင်းလာသည်၊) ထိုမယ်လိပ်ချခြင်းကို ‘မယ်ချသည်’ သို့မဟုတ် ‘မဲချသည်’ဟု ခေါ်စမှတ်ပြုကြောင်းကို စူဠဝါဘာသာဋီကာ (စာမျက်နှာ ၃ဝ၉, ၃၃၉)၌ ရေးသားတော်မူခဲ့သည်။ အကျယ်ကို သိလိုပါမူ ကိုယ်ယဉ်ဇော ၏ ဗုဒ္ဓနေ့အနေ့ပွဲတော် အကြောင်း သိကာင်းစရာနှင့် အခြားဆောင်းပါးများ-စာအုပ်မှ “စာရေးတံနှင့်စပ်သွယ် သိမှတ်ဖွယ်”ကို ဖတ်ရှုနိုင်ပါသည်။

စာရေးတံဆို-ထိုစကားကို၊ လူဗိုလ်များတို့ သိဖို့ကွယ်။
ကျမ်းဂန်ထွေလာ-ဖွေရှာစုလို့၊ ရေးပြုပါရ အမယ်မယ်။
စာရေးထားရာ အတံကလေးမို့၊ စာရေးတံလို့ ခေါ်ပါတယ်။
ယခုအခါ စက္ကူများနဲ့၊ ရေးသားလို့လဲ ပြုကြတယ်။
မျိုးမည်ကိုရေး- ကြီးငယ်ရွေး၊ ချပေး မယ်သွယ်သွယ်။
မှတ်ကွယ် မှတ်ကွယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, April 25, 2013

ကိုယ်တိုင်ပေးလှူ တစ်ဆင့်မူ အကျိုးတူ,မတူ...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ကိုယ်တိုင်အလှူ၊ တဆင့်လှူ၊ ရယူ ကုသိုလ်တူသလော?

(ဂ) အလှူပေးရာတွင် ကိုယ်တိုင်ကိုယ်ကျ လှူတာနဲ့ တဆင့်ပေး၍ လှူတာ ကုသိုလ်ရတာချင်း တူပါသလား? ဆိုလိုတာက “မြန်မာပြည်သွားသူကို လူကြုံပေး၍ လှူခြင်း”ကို ဆိုလိုပါသည်ဘုရား။

(ဂ) ကိုယ်တိုင်ကိုယ်ကျ လှူတာနဲ့ တဆင့်ပေး၍ လှူတာ ကုသိုလ်ရတာချင်း မတူပါ၊ ကိုယ်တိုင်လှူတာက “သာဟတ္ထိကဒါန-အလှူခံရှေ့မှောက် မိမိကိုယ်လက်ဖြင့် ပေးလှူရခြင်း”လည်း ဖြစ်တယ်၊ “သက္ကစ္စဒါန-ရိုရိုသေသေ ပေးလှူရခြင်း”လည်း ဖြစ်တယ်၊ ဒါ့ကြောင့် ကိုယ်တိုင်ကိုယ်ကျ လှူတာက ကုသိုလ်ပိုရပါတယ်။ အခြေအနေအရ ကိုယ်တိုင် မသွားနိုင်, မပြုနိုင်တဲ့အခါ လူကြုံ လက်ဆင့်ကမ်းလှူဒါန်းရခြင်းဖြစ်၍ ကိုယ်တိုင်လှူဒါန်းသလောက် အားရကျေနပ်မှုလည်း မရှိနိုင်ပါ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Wednesday, April 24, 2013

မည်သည့်ပရိတ္တာ ဘယ်ချိန်ခါ ရွတ်ဆိုကြရမှာ...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းမှာ---


ပရိတ် ၁၁-သုတ်မှ၊ ဘယ်သုတ်က၊ စ၍ ရွတ်မည်နည်း?
နတ်ပင့် နတ်ပို့၊ ရွတ်ဆိုဖို့၊ ဘယ်သို့ မိန့်မည်နည်း?

မေး။ ။(ခ) ပရိတ်ကြီး ၁၁-သုတ်မှာ မေတ္တသုတ် အဓိကထား ရွတ်ပါမည်၊ ဒါပေမဲ့ မည်သည့်သုတ်ကို အရင်ရွတ်ရ မည်နည်း? နတ်ပင့် နတ်ပို့ရွတ်ရအုံးမည်လော? ရှင်းပြတော်မူပါဘုရား။

(ခ) ပရိတ်ကြီး ၁၁-သုတ်အနက် ဘယ်သုတ်ကို အရင်ရွတ်မည်-လို့ သတ်မှတ်ချက်မရှိပါ။ ရှေးအစဉ်အလာအရ ဘုရားဝတ်တက်တဲ့ ညဝတ်ရွတ်စဉ်မှာတော့ ---

၁။ တနင်္ဂနွေနေ့မှာ သမန္တာက စ၍ မင်္ဂလသုတ်အကုန်၊
၂။ တနင်းလာနေ့မှာ ရတနသုတ်၊
၃။ အင်္ဂါနေ့မှာ မေတ္တသုတ်၊
၎။ ဗုဒ္ဓဟူးနေ့မှာ ခန္ဓသုတ်, မောရသုတ်, ဝဋ္ဋသုတ်၊
၅။ ကြာသပတေးနေ့မှာ ဓဇဂ္ဂသုတ်၊
၆။ သောကြ်ာနေ့မှာ အာဋာနာဋိယသုတ်၊
၇။ စနေနေ့မှာ အင်္ဂုလိမာလသုတ်, ဗောဇ္ဈင်္ဂသုတ်, ပုဗ္ဗဏှသုတ်တို့ကို ရွတ်ဆိုပါတယ်။

ဘုန်းကြီးတို့ ဓမ္မာနန္ဒ ဝိဟာရမှာ နံနက် ဘုရားဝတ်တက်တိုင်း ပရိတ်ကြီး ၁၁-သုတ်လုံးကို ရွတ်ဆိုပူဇော်ကြပါ တယ်။ ဒကာ, ဒကာမများအနေနဲ့ ၁၁-သုတ်လုံးကို မရွတ်နိုင်လျှင် မေတ္တသုတ်နှင့် ခန္ဓသုတ်ကို နေ့စဉ် ရွတ်သင့်ပါတယ်၊ ခန္ဓသုတ်ကလည်း မေတ္တာပို့တဲ့ သုတ်ပါဘဲ။

နတ်ပင့် နတ်ပို့ကတော့ ရှေးဆရာတော်များ စီမံခဲ့တဲ့ အစဉ်အလာကောင်း တစ်ခု ဖြစ်ပါတယ်၊ နတ်ပင့်-ဆိုတာ အမှန်တော့ ပရိတ်နာဖို့ နတ်များကို ဖိတ်တာဖြစ်၍ အလွန်တရာ လုပ်သင့်တဲ့ အကျင့်ကောင်းဖြစ်ပါတယ်။ နတ်ကိုပင့်ဖိတ်ပြီး နတ်ပို့ မလုပ်တာ ပြဿနာ မဟုတ်ပါ၊ ဧည့်သည်ကို ဖိတ်၍ ဧည့်ခံပြီးနောက် “ခင်ဗျားတို့ ပြန်ကြတော့”လို့ ပြောစရာ မလိုသလို ပါဘဲ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

လွယ်လွယ်သိလို ဓိပ္ပါယ်ကို မောဟဘာကိုဆို...?



ဒေါ်ကျင်မွှေး (Daly City) လျှောက်ထားသော မေးခွန်းများမှာ---


မောဟအဓိပ္ပါယ်၊ သိလိုတယ်၊ အလွယ် မိန့်ကြားပါ။

မေး။ ။ အရှင်ဘုရား (က) မောဟ-ကို အဝိဇ္ဇာ-လို့ အဓိပ္ပါယ်ဖွင့်၍ ရပါသလား? မောဟ၏အဓိပ္ပါယ်အပြည့်အစုံ ရှင်းပြပါဘုရား၊ မောဟ တွေဝေခြင်းဆိုတာတော့ သိပါတယ်ဘုရား။

ဖြေ။ ။(က) မောဟ-ကို အဝိဇ္ဇာ-လို့ ဆိုလို့ရပါတယ်၊ မောဟရဲ့ ပရိယာယ်စကားလုံးတွေက “အဝိဇ္ဇာ (ဝိဇ္ဇာ၏ဆန့်ကျင်ဘက်), အညာဏ (ဉာဏ်၏ဆန့်ကျင်ဘက်), မုစ္ဆာ (တွေဝေမိန်းမောခြင်း)”တို့ ဖြစ်တယ်၊ မောဟဆိုတာ အာရုံ၌ တွေဝေ ခြင်း, အာရုံရဲ့အမှန်သဘောကို မသိခြင်း, ဖုံးကွယ်ခြင်းပင် ဖြစ်တယ်၊ အာရုံ၌ တွေဝေခြင်းဆိုရာ၌ ဝိစိကိစ္ဆာသဘောကဲ့သို့ မဆုံးဖြတ်နိုင်ဘဲ ဝေတေတေဖြစ်နေခြင်းမဟုတ်, အာရုံရဲ့အမှန်သဘောကို မသိခြင်းပင် ဖြစ်တယ်၊ ဘဝင်ကျ၍ အိပ်ပျော်နေသလို မသိရုံ သက်သက်လည်း မဟုတ်, ဉာဏ်က အမှန်ကို သိသလို မောဟက အမှားကို သိတယ်၊ ဒါ့ကြောင့် မောဟရဲ့ လက္ခဏာက ဉာဏ်ရဲ့ဆန့်ကျင်ဘက်ပင် ဖြစ်တယ်၊ အာရုံရဲ့ ဟုတ်မှန်တဲ့သဘောကို ဖုံးကွယ်ခြင်းဆိုသည်မှာ ဒုစရိုက် တရားတို့ရဲ့ မကောင်းတဲ့သဘော, သုစရိုက်တရားတို့ရဲ့ကောင်းတဲ့သဘော, ဒုက္ခသစ္စာ စသည်တို့ရဲ့သဘော, အတိတ် ဘဝနှင့် အနာဂတ်ဘဝတို့ ရှိခြင်းသဘော, အကြောင်းအကျိုးဆက်စပ်ဖြစ်ပေါ် နေတဲ့ ပဋိစ္စသမုပ္ပါဒ်သဘော စသည်တို့ကို မသိအောင် ကာကွယ်ဖုံးလွှမ်းထားခြင်းဟာ မောဟရဲ့လုပ်ငန်းပင် ဖြစ်တယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers