Sunday, March 24, 2013

ဘယ်အချိန်မှာ ပရိတ္တာ ဘယ်လိုဘယ်လို ရွတ်ရမှာ...?



ဦးချမ်းမင်း, ရဟန်းဘွဲ့တော် ဦးကောဏ္ဍညဓဇ (Daly City) လျှောက်ထားသော


မေးခွန်းများမှာ---
ပရိတ်ရွတ်တာ၊ ဘေးရန်ကွာ၊ သူငါ သိပါသည်၊
ပရိတ်သင်တန်း၊ နာယူလှမ်း၊ ကျင့်ခန်းပါဝင်ပြီ၊
နာ, ရွတ်ပရိတ်၊ ကျင့်ပရိတ်၊ ခွဲစိတ် သိလိုသည်။

မေး။ ။ အရှင်ဘုရား
(က) ပရိတ်ရွတ်တာက အန္တရာယ်ကင်း, ဘေးကင်းရွတ်တာပဲ သိရပါတယ်၊ ယခု ဆရာတော်ရဲ့ ပရိတ်သင်တန်း တက်ရောက်သင်ရမှ ကျင့်ရမည့် ပရိတ်လို့သိလာရပါတယ်၊ ရွတ်ဆိုရမည့်ပရိတ်, နာယူရမည့်ပရိတ်, ရွတ်ဆို နာယူ ရုံတွင်မက လိုက်နာကျင့်သုံးရမည့်ပရိတ်များကို ခွဲခြား ရှင်းပြပေးပါဘုရား။

ဌာန်, ကရိုဏ်းကျ၊ ရွတ်ဆိုမှ၊ ကင်းပ အန္တရာယ် ရှိလိမ့်မယ်၊
ကရိုဏ်း, ဌာန်, သံ၊ သဒ္ဒါမှန်ဖြင့်၊ ရွတ်အံဖို့ရာ၊
ဘယ်လာပရိတ်၊ ဘယ်ပရိတ်၊ နှုတ်စိတ်ကောင်းသွယ် ရွတ်ရမယ်။

(ခ) ဦးရွှေအောင်ရဲ့စာအုပ်မှာ အသံ၏သြဇာနှင့် ဂါထာ, မန္တရားတွေရွတ်ပြီး ဘေးအန္တရာယ်မှ ကာကွယ်တယ်လို့ ပြောပါတယ်။ ဘယ်ပရိတ်ကို အသံဌာန် ကရိုဏ်းနှင့် ရွတ်ဆိုရပါသလဲ?

ကျေးဇူးပြုပြီး ဖြေကြားပေးပါဘုရား။

ဖြေ။ ။ ဦးချမ်းမင်းရဲ့ မေးခွန်းများနှင့် ပတ်သက်၍ အဖြေမှာ---

(က) ပရိတ်နှင့်ပတ်သက်၍ ရွတ်သူနှင့် နာသူတို့ဟာ မိမိတို့သက်ဆိုင်ရာ အင်္ဂါများနှင့်ပြည့်စုံကြပါက အန္တရာယ်ကင်းတာ အမှန်ပါဘဲ၊ ဒါပေမဲ့ အချို့ပရိတ်တော်တွေက အန္တရာယ်ကာကွယ်ဖို့တွင်မက လိုက်နာကျင့်သုံးဖို့လည်း လိုအပ်ပါတယ်၊ ဥပမာ- မင်္ဂလသုတ်တော်မှာ “သူမိုက်နှင့် မပေါင်းရ, ပညာရှိကို မှီဝဲဆည်းကပ်ပါ" စသည် မင်္ဂလာတရား ၃၈-ပါး ကို နာကြားရုံသက်သက် မလုံလောက်ပါ၊ လိုက်နာကျင့်သုံးရပါမယ်။ မေတ္တသုတ်တော်, ခန္ဓသုတ်တော်တို့မှာပါတဲ့အတိုင်း ကိုယ်တိုင်လည်း မေတ္တာပို့ကြ, မေတ္တာပွါးကြရပါမယ်၊ ဓဇဂ္ဂသုတ်တော်မှာ ကြောက်ရွံ့ထိတ်လန့်စသည်နှင့် ကြုံတွေ့သည့် အခါ ရတနာသုံးပါးဂုဏ်တွေကို အဖန်ဖန် အောက်မေ့ကြရပါမယ်၊ အာဋာနာဋိယသုတ်တော်မှာ ဘီလူး သရဲစသည်တို့မှ ကာကွယ်စောင့်ရှောက်ရန် ပရိသတ် ၄-ပါးအား ဟောကြားထားတာမို့ ဒကာ ဒကာမတွေ ကိုယ်တိုင်လည်း ရွတ်သင့်ကြပါတယ်၊ ပုဗ္ဗဏှသုတ်တော်မှာလည်း ဒုက္ခရောက်နေသူတွေ ထိုဒုက္ခမှ လွတ်မြောက်ဖို့ စသည်အတွက် ကရုဏာပို့ခြင်း စသည်ပြုလုပ်ရန်နှင့် မူရင်းပုဗ္ဗဏှသုတ်မှာဆိုရင် “နံနက်အခါ, မွန်းတည့်အခါ, ညချမ်းအခါ တို့၌ သုစရိုက်ကျင့်သူတို့အား နက္ခတ်ကောင်း, မင်္ဂလာကောင်း, အခါကောင်း, ခဏကောင်းတွေချည်း ဖြစ်တယ်" -လို့ ညွှန်ကြားထားပါတယ်။ ဒါ့ကြောင့် ပရိတ်တော်တိုင်းဟာ ရွတ်ကြရ, နာယူကြရမည့် သုတ်တော်များ ဖြစ်ကြပါတယ်၊ ရတနသုတ်, မောရသုတ်, ဝဋ္ဋသုတ်, အင်္ဂုလိမာလသုတ်, ဗောဇ္ဈင်္ဂသုတ်တွေကိုတော့ နာယူရုံနဲ့ လုံလောက်ပါတယ်၊ ဒါ့ပြင် နာယူရုံမက ကိုယ်တိုင် လက်တွေ့ ကျင့်သုံးရမည့် ပရိတ်သုတ်တော်တွေကတော့

(၁) မင်္ဂလသုတ်,
(၂) မေတ္တသုတ်,
(၃) ခန္ဓသုတ်,
(၄) ဓဇဂ္ဂ သုတ်,
(၅) အာဋာနာဋိယသုတ်,
(၆) ပုဗ္ဗဏှသုတ်တို့ ဖြစ်ပါတယ်။

(ခ) ပရိတ်ရွတ်သူရဲ့ အင်္ဂါ ၄-ပါးရှိရာ----
(၁) ပရိတ်ပါဠိတော်၏ ပုဒ် ပါဌ် အက္ခရာတို့ကို ကျနမှန်ကန် သန့်ရှင်းပီသစွာ ရွတ်ဆိုနိုင်ခြင်း၊
(၂) ပရိတ်ပါဠိတော်၏ အနက်အဓိပ္ပါယ်ကို မှန်ကန်စွာ သိခြင်း၊
(၃) လာဘ်ပူဇော်သက္ကာရကို ငဲ့ကွက်သော စိတ်မရှိခြင်း၊
(၄) သံသရာမှ လွတ်ကြောင်းအဖို့၌တည်၍ မေတ္တာရှေ့ထားကာ ပရိတ်တော်များကို ရွတ်ဆိုခြင်း- ဒီအင်္ဂါ၎-ချက်နှင့်ညီညွတ်လျှင် ဘေးအန္တရာယ်မှ ကာကွယ်နိုင်တော့သည်သာ။

ဦးရွှေအောင်ရဲ့စာအုပ်မှာ ပါရှိတဲ့အတိုင်း လောကီ ဂါထာ, မန္တရားတွေကိုတော့ အသံ၏သြဇာနှင့် ရွတ်ပြီး ဘေးအန္တရာယ်မှ ကာကွယ်နိုင်တယ်လို့ပြောလို့ရပါတယ်။

အက္ခရာတိုင်းမှာ အသံ ဌာန် ကရိုဏ်း ပယတ်တွေ ပါရှိနေပါတယ်၊ ဒါ့ကြောင့် ဘယ်ပရိတ်ကို ဘယ် အသံ, ဌာန်, ကရိုဏ်းနှင့် ရွတ်ဆိုရမယ်လို့ သတ်မှတ်မထားပါဘူး။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Saturday, March 23, 2013

ပစ္စေကနှင့် သမ္ဗုဒ္ဓါ ကွာဟကြောင်းပြောပါ


Cynthia L. Hoe (San Bruno) လျှောက်ထားသော မေးခွန်းများမှာ---


မေး။ ။ အရှင်ဘုရား---
သမ္မာသမ္ဗုဒ္ဓ၊ ပစ္စေက၊ ကွာဟ မည်သို့နည်း?

(က) ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓ ဘယ်လို ကွာခြားပါသလဲ?

ကလေးငယ်များ၊ သေ၍သွား၊ ရောက်ငြား Limbo တည်း၊
ခရစ်ယာန်က၊ ဆိုမိန့်ထ၊ ဗုဒ္ဓဘယ်သို့နည်း?

(ခ) Christian တွေမှာ ကလေးငယ်များ (ကုသိုလ်မရှိ, အကုသိုလ်လည်း မရှိသူများ) ကွယ်လွန်သွားရင် Limbo ဆိုတဲ့ နေရာကို ရောက်သွားတယ်-လို့ပြောပါတယ်၊ ဗုဒ္ဓဘာသာမှာ အဲဒီလို နေရာမျိုး ရှိပါသလားဘုရား?

ဖြေ။ ။ Cynthia L. Hoe ရဲ့မေးခွန်းများနှင့်ပတ်သက်တဲ့ အဖြေများမှာ---

(က) သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့က ကိုယ်တော်တိုင် သစ္စာလေးပါးတရားတို့ကို သိကုန်၍ သူတပါးတို့ကိုလည်း သိစေတော်မူကြပါတယ်၊ ပစ္စေကဗုဒ္ဓါတို့မှာ ကိုယ်တော်တိုင်သာ သစ္စာလေးပါးတရားတို့ကို သိကြသော်လည်း သူတပါးတို့ကို သစ္စာသိအောင် တရားမဟောနိုင်ကြပါ၊ အတ္ထရသကိုသာ ထိုးထွင်း၍ သိကြသော်လည်း ဓမ္မရသကို မသိကြပါ၊ ပစ္စေကဗုဒ္ဓါတို့ဟာ လောကုတ္တရာတရားတို့ကို ပညတ်သို့တင်၍ တရား မဟောနိုင်ကြပါ၊ သူတို့ရဲ့ သစ္စာသိမှုသည် ဆွံအသူက မိမိမြင်မက်တဲ့အိပ်မက်ကို ပြန်မပြောနိုင်သလို, တောတွင်းသားက မြို့၌စားသောက်အပ်တဲ့ ဟင်းရဲ့အရသာကို ပြန်လည် မပြောပြနိုင်သလို ဖြစ်ကြတယ်-လို့ ကျမ်းဂန်များမှာ လာရှိပါတယ် *1*

ဘုရားရှင်များဟာ ပညာဓိကဘုရားအလောင်း (ပညာဦးစီးသော ဘုရားအလောင်း) အနေဖြင့် လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း, သဒ္ဓါဓိကဘုရားအလောင်း (သဒ္ဓါဦးစီးသော ဘုရားအလောင်း) အနေဖြင့် ရှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း, ဝီရိယာဓိကဘုရားအလောင်း (ဝီရိယဦးစီးသော ဘုရား အလောင်း) အနေဖြင့် တစ်ဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကြရတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များမှာ နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကြရပါတယ် *2*

အဲဒီလို သမ္မာသမ္ဗုဒ္ဓနှင့် ပစ္စေကဗုဒ္ဓါတို့မှာ ပါရမီဖြည့်ရသည့် ကာလအတိုင်းအတာရော, သစ္စာလေးပါး တရားသိပြီး နောက်ပိုင်း အခြေအနေမှာရော ကွာခြားကြပါတယ်။

(ခ) ခရစ်ယာန်ဘာသာအရ ကလေးငယ်များ (ကုသိုလ်လည်းမရှိ, အကုသိုလ်လည်း မရှိသူများ) ကွယ်လွန်သွား ရင် Limbo *3* (not heaven nor hell) ဆိုတဲ့ ငရဲနှင့် နတ်ပြည်အကြား နယ်ခြား ဒေသသို့ ရောက်သွားကြတယ် *4* လို့ ပြောသော်လည်း ဗုဒ္ဓဘာသာအရတော့ ကလေးမှာပဲဖြစ်ဖြစ် လူကြီးမှာပဲဖြစ်ဖြစ် ကုသိုလ်, အကုသိုလ်တွေက ရှိနေကြတာပါပဲ၊ ဒီဘဝရဲ့အစိတ်အပိုင်းကာလမျှကို ကြည့်ပြောလို့ မပြည့်စုံပါဘူး၊ ရှေးရှေး ဘဝပေါင်းများစွာ ကျင်လည်ခဲ့စဉ်က ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်, ကောင်းမှု မကောင်းမှုတွေ ရှိနေကြတယ်၊ ကောင်းမှုပြုလုပ်စဉ်မှာဖြစ်စေ, မကောင်းမှု ပြုလုပ်စဉ်မှာဖြစ်စေ ကုသိုလ်ဇော ၇-ကြိမ် သို့မဟုတ် အကုသိုလ်ဇော ၇-ကြိမ် စောရာတွင် ပဌမ ဇောစေတနာက ဒီဘဝမှာပင် အကျိုးပေးပါတယ် *5* ၊ သတ္တမဇော (၇-ခုမြောက်ဇော) စေတနာက ကွယ်လွန်ပြီး နောက်ဘဝမှာ အကျိုးပေးပါတယ် *6* ၊ အဲဒီ ပဌမဇော စေတနာက ဒီဘဝမှာအကျိုးမပေးရင်, သတ္တမဇောစေတနာက နောက်ဘဝမှာ အကျိုးမပေးရင် “အဟောသိကံ (အလကား)” ဖြစ်သွားကြပါတယ်၊ ဒုတိယဇောစေတနာမှ ဆဋ္ဌဇောစေတနာအထိ ဇော စေတနာ ၅-ခုကတော့ တတိယဘဝမှ နိဗ္ဗာန်တိုင်သည့် အထိ အကျိုးပေးပါတယ်၊ ဒီဇောစေတနာ ၅-ခုကို ‘အပရာပရိယဝေဒနီယကံ' လို့ ခေါ်ပါတယ်၊ နိဗ္ဗာန်ကိုမရမချင်း အကျိုးမပေးပဲ အဟောသိကံ-ဖြစ်သွားတယ်လို့ မရှိဘူး၊ ဒီအပရာပရိယဝေဒနီယကံမှ ကင်းတဲ့ သတ္တဝါဆိုတာ မရှိဘူး၊ ကလေးငယ်များ ကွယ်လွန်သွားရတာကိုက ရှေးကံအားမကောင်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်ကြရတာဖြစ်တယ်။ ကွယ်လွန်သွားကြတဲ့ ကလေးများအဖို့ မျက်မှောက်ကံ မထင်ရှားသော်လည်း အတိတ်ကံတစ်ခုခုကြောင့် ကောင်းတဲ့ဘဝ သို့မဟုတ် မကောင်းတဲ့ဘဝသို့ ရောက်သွားကြမှာပါပဲ။ ဒါ့ကြောင့် ကုသိုလ်ကံ သို့မဟုတ် အကုသိုလ်ကံ အကြောင်းမပါပဲ ကွယ်လွန်လျှင် နတ်ပြည် သို့မဟုတ် ငရဲသို့ မရောက်သေးပဲ ကြားဘဝတစ်ခုသို့ ရောက်သွားတယ်ဆိုတာ မရှိပါဘူး။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

မှတ်ချက်။
*1* သုတ္တနိပါတ၊ ဋ္ဌ၊ ၁၊ ၄၆။ အပဒါန၊ ဋ္ဌ၊ ၁၊ ၁၅၉။ ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ၊ ၂၆၂-၂၆၃။

*2* သုတ္တနိပါတ၊ ဋ္ဌ၊ ၁၊ ၄၃။ မ၊ ဋ္ဌ၊ ၄၊ ၁၂၃။ ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ၊ ၂၄၃-၂၄၄။ အပဒါန၊ ဋ္ဌ၊ ၁၊ ၁၅၈။ ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ၊ ၂၆၁။

*3* limbo, a region on the border of hell or heaven, serving as the abode after death of unbaptized infants and of the righteous who died before the coming of Christ.(The Random House College Dictionary, 776)

*4* အဒမ်နှင့် ဧဝ ဇနီးမောင်နှံတို့ဟာ God ၏စကားကိုနားမထောင်ပဲ အေဒင်ဥယျာဉ်အလယ်ရှိ သစ်ပင်မှ သစ်သီးကို စားမိခဲ့ကြသည်၊ God ၏ စကားကို နားမထောင်သည့်အပြစ်သည် ထိုသူတို့မှ ဆင်းသက်ပေါက်ဖွားလာသူမှန်သမျှ၌ ဆက်လက်ပါရှိခဲ့သည်၊ ဒါ့ကြောင့် ခရစ်ယာန် ကမ္ဘာဦးကျမ်းအရ မွေးဖွားစ သေသွားရသော ကလေး၌လည်း အပြစ်ရှိနေသည်-ဟု ဆိုလိုပါသည်။

God did say, "you must not eat fruit from the tree that is in the middle of the garden, and you must not touch it, or you will die." When the woman saw that the fruit of the tree was good for food and pleasing to the eye, and also desirable for gaining wisdom, she took some and ate it. She also gave some to her husband, who was with her, and he ate it. (GENESIS 3:3, 3:6)

Sin is disobedience to the will of God. This conception of sin runs through the entire Bible, starting in the Garden of Eden (Genesis) and ending with the final destruction of the world that results in the coming of the New Jerusalem (Revelation). In both these senses, the Bible insists on the universality of sin. (The life and Teaching of Jesus, 172)

*5* ဒိဋ္ဌဓမ္မဝေဒနီယကံ

*6* ဥပပဇ္ဇဝေဒနီယကံ

ဘယ်အတွက်တာ လောင်းအလျာ ငရဲကျရရှာ...?



ဦးအုန်းမြင့် (San Francisco)လျှောက်ထားသော မေးခွန်းများ---


မေး။ ။ အရှင်ဘုရား---
ဘုရားလောင်းလျာ၊ ဘယ်ကြောင်းရာ၊ ကျရှာ ငရဲနည်း? 
ဘယ်လောက်ကြာကြာ၊ ငရဲမှာ၊ ခံရှာရသနည်း? 
သာမာန်ငရဲမှာ၊ ဘယ်နှစ်ခါ၊ ကျရှာရသနည်း?

(က) ဘုရားအလောင်းသည် သာမာန်ငရဲကျခဲ့ဘူးသည်လည်း ရှိခဲ့ပါတယ်-လို့ အရှင်ဘုရားအမိန့်ရှိခဲ့ပါတယ်။ ဘာကြောင့် သာမာန်ငရဲကျရပါသလဲ? ဘယ်လောက်ကြာကြာခံရပါသလဲ? သာမာန်ငရဲ ဘယ်နှစ်ခါ ကျခဲ့ဘူး ပါသလဲ?

 ဗြဟ္မာ့ပြည်မှာ၊ ဘယ်ကြောင်းရာ၊ မာတုဂါမ ရှိသနည်း?

(ခ) ဗြဟ္မာပြည်မှာ ဘာကြောင့် မာတုဂါမ ရှိပါသလဲ?

ဖြေ။ ။ ဦးအုန်းမြင့်ရဲ့ မေးခွန်း ၂-ခုနှင့် ပတ်သက်၍---

(က) နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်းသည် အဝီစိငရဲနှင့် လောကန္တရိက်ငရဲတို့၌ မဖြစ်တော့စေကာမူ သာမာန်ငရဲတို့၌မူ ဖြစ်တတ်, ကျတတ်ပါတယ်။ ကိလေသာ မကင်းသေး၍ မကောင်းမှုတွေ ပြုမိသောကြောင့် သာမာန် ငရဲကျရပါတယ်။ ဘုရားအလောင်းရဲ့ ငရဲ၌ ဆင်းရဲခံစားခဲ့ရတဲ့ ဝတ္ထုဇာတ်လမ်း များစွာ ရှိပါတယ်။

ကဿပဘုရားရှင်ကို ဘုရားအလောင်း ဇောတိပါလလုလင်က “ဦးပြည်းရဟန်းအား အဘယ်မှာ သဗ္ဗညုတ ဉာဏ်ကို ရပါ့မလဲ? သဗ္ဗညုတဉာဏ်ဆိုတာ အလွန်ရခဲတဲ့ တရားဖြစ်တယ်”လို့ နှိမ့်ချပြောဆိုခဲ့တဲ့မကောင်းမှုကံကြောင့် အရာမက ဘဝများစွာ ငရဲဆင်းရဲအစရှိသည်တို့ကို ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော်, ယင်းအဋ္ဌကထာ(ခု၊ ၃၊ ၃၄၉။ အပဒါန်၊ ဋ္ဌ၊ ၁၊ ၁၂၈)တို့၌ လည်းကောင်း,

လွန်လေပြီးတဲ့ ဘဝတစ်ခု၌ ဘုရားအလောင်းတော်ဟာ သေသောက်ကြူးဖြစ်၍ သဗ္ဗာဘိဘူ ဘုရားရှင်ရဲ့ တပည့် နန္ဒအမည်ရှိတဲ့ တပည့်ရဟန်းတော်အား “ဤရဟန်းသည် သီလမရှိ, ယုတ်မာတဲ့အကျင့်ရှိတယ်" စသည် ဖြင့် စွပ်စွဲ ပြော ဆိုမိတဲ့ အကုသိုလ်ကံကြောင့် အနှစ်တစ်သောင်းတို့ပတ်လုံး ငရဲ၌ ခံရကြောင်း အပဒါန်ပါဠိတော် (ခု၊ ၃၊ အပဒါန၊ ၃၄၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မုနာဠိအမည်ရှိ အရက်သမားဖြစ်၍ သုရဘိအမည်ရှိတော်မူတဲ့ ပစ္စေကဗုဒ္ဓါအား “ဤရဟန်းသည် ဒုဿီလဘဲ၊ ယုတ်မာတဲ့အကျင့်ရှိတယ်" လို့ ဆဲရေးမိတဲ့ အကုသိုလ်ဝစီကံကြောင့် များစွာသော နှစ်အထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇), အပဒါန်အဋ္ဌကထာ (၁၊ ၁၃၃) တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပုဏ္ဏားမျိုး၌ဖြစ်၍ ရသေ့ပြုလုပ်ကာ တပည့်များကို မန္တန်ပို့ချနေစဉ် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးနှင့်ပြည့်စုံတဲ့ ရသေ့တစ်ပါးအပေါ်မှာ မနာလိုဣဿာပွါးလျက် “ဤရသေ့သည် ကာမဂုဏ်ခံစားနေသူဘဲ" ဟု စွပ်စွဲပြောဆိုမိတဲ့ အကုသိုလ်ကံအကျိုးအားဖြင့် အနှစ်တစ်ထောင်တို့ပတ်လုံး ငရဲ၌ ခံစားခဲ့ရ ကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၇-၃၄၈)နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၄)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဘတူမိကွဲ ညီငယ်ကို ကျောက်ဖြင့် ထုသတ်ခဲ့တဲ့ မကောင်းမှု အကျိုးအားဖြင့် ငရဲစသည်တို့၌ အထောင်မကသောနှစ်တို့ပတ်လုံး ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၈) နှင့် အပဒါန်အဋ္ဌကထာ (၁၊ ၁၃၅)တို့၌လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ်က လမ်းမပေါ်ဝယ် ကစားနေတုန်း ဆွမ်းခံကြွလာတဲ့ ပစ္စေကဗုဒ္ဓါကို မြင်၍ “ဤဦးပြည်းရဟန်းက အဘယ်သို့ သွားမည်နည်း?” လို့ ပြောဆိုကာ ကျောက်စရစ်ခဲဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်ရဲ့ ခြေဖမိုး၌ ပစ်ခဲ့တယ်၊ ခြေဖမိုးအရေ ဖြတ်ခွဲ၍ သွေးထွက်ခဲ့တယ်၊ ထိုမကောင်းမှုကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကြီးစွာဒုက္ခ ခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၆-၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ဆင်ထိန်းဖြစ်စဉ် ဆင်စီးလျက် လာသောအခါ ခရီးလမ်းမ၌ ပစ္စေကဗုဒ္ဓြွါကို တွေ့မြင်၍ “ဤဦးပြည်းကား အဘယ်မှ လာသနည်း?”လို့ ထိပါးလိုစိတ်ရှိသည်ဖြစ်၍ ဆင်ဖြင့် ထိပါးခဲ့တဲ့ မကောင်းမှုကြောင့် အပါယ်တို့၌ အထောင်မကသော နှစ်တို့ပတ်လုံး ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၇)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ ပစ္စန္တရစ်မင်းဖြစ်၍ သူယုတ်မာတို့နှင့် ပေါင်းဖော်မိသဖြင့် တစ်နေ့မှာ သန်လျက်လက်စွဲလျက် မြို့တွင်း၌လှည့်လည်ကာ အပြစ်မဲ့သူတွေကို သံလျက်ဖြင့် သတ်ခဲ့တယ်၊ ထိုမကောင်းမှု အကျိုးအားဖြင့် ထောင်ပေါင်းများစွာသောနှစ်တို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရကြောင်း အပဒါန်ပါဠိတော် (၁၊ ၃၄၉)နှင့် အပဒါန် အဋ္ဌကထာ (၁၊ ၁၃၈)တို့၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ တံငါမျိုး၌ ဖြစ်၍ တစ်နေ့မှာ အခြားတံငါသည်တွေနှင့်အတူ ငါးများသတ်ဖြတ်ရာဌာနသွားရာ ငါးတွေ သတ်နေတာကို မြင်တဲ့အခါ ဝမ်းမြောက်ခြင်း ဖြစ်မိတယ်၊ ထိုအကုသိုလ်ကံ ကြောင့် အပါယ်လေးဘုံ၌ ဆင်းရဲခံစားခဲ့ရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၈-၁၃၉)၌ လည်းကောင်း,

အတိတ်ဘဝတစ်ခု၌ပင် ဘုရားအလောင်းဟာ မထင်ရှားတဲ့ အမျိုး၌ဖြစ်၍ မိုက်မဲသည့်အလျောက် ဖုဿဘုရားရှင်ရဲ့ တပည့်ရဟန်းတော်များ, ကောင်းမြတ်တဲ့ ဆွမ်း, အဖျော်, သလေးဘောဇဉ်စသည်များကို ဘုဉ်း ပေးနေသည်တို့ကို မြင်ရလျှင် “ဟယ် ဦးပြည်းရဟန်းတို့ မယောကြမ်းကို စားကြကုန်လော့, သလေးဘောဇဉ်ကို မစားကြနဲ့" လို့ ဆဲရေးမိခဲ့တယ်၊ ထိုအကုသိုလ်ကံကြောင့် အထောင်မက များစွာသောနှစ်တို့ပတ်လုံး အပါယ်လေးပါး၌ ဆင်းရဲခံစားရကြောင်း အပဒါန်အဋ္ဌကထာ (၁၊ ၁၃၉)၌ လည်းကောင်း လာရှိပါတယ်။

အဲဒီ အပဒါန်ပါဠိတော် ပုဗ္ဗကမ္မပိလောတိကဗုဒ္ဓအပဒါန်, အဋ္ဌကထာ ဗုဒ္ဓအပဒါန်အဖွင့်တို့၌ လာရှိသောကြောင့် နိယတဗျာဒိတ်ရ ဘုရားအလောင်းပင် ငရဲကျကြောင်းကို သိရပါတယ်။ သာမာန်ငရဲ၌ ဘယ်နှစ်ခါ ကျခဲ့ဘူးတယ်-ဆိုတာ ပြောဖို့ မလွယ်ပါ။

(ခ) အမျိုးသမီးလည်း ဤကာမဘုံ၌ ဈာန်ကို ဖြစ်စေ၍ သေလျှင် ဗြဟ္မပါရိသဇ္ဇာဗြဟ္မာ ဖြစ်ရတယ်၊ မဟာဗြဟ္မာ (ဗြဟ္မာကြီးတော့) မဖြစ်ပါ။ ဗြဟ္မာပြည်မှာ ဣတ္ထိလိင်, ပုရိသလိင် (ဘာဝရုပ်)တို့ မရှိကြသော်လည်း ဗြဟ္မာမှန်သမျှ ယောက်ျားသဏ္ဌာန် ရှိပါတယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

ကြားသမျှဆိုကာ မျှဝေတာ ဘယ်သူတွေရမှာ...?



ဦးရေချမ်း (San Bruno, CA) လျှောက်ထားသော မေးခွန်းမှာ-


မေး။ ။ ဆရာတော်ဘုရား

ကြားကြားသမျှ၊ မျှဝေက၊ ကြားရသူတွေသာ၊
မကြားရသူ၊ မရဟူ၊ ဆိုယူ ဓိပ္ပါယ်ပါ၊
ထိုယူအဆ၊ မှန်, မှားပြ၊ မိန့်ဟတော်မူပါ။

(က) “အမျှဝေရာတွင် ကြားကြားသမျှ အမျှ" လို့ဆိုကြရာတွင် မကြားတဲ့ သူတွေ မရကြစေနဲ့, မယူကြစေနဲ့-လို့ သတ်မှတ်သလို ဖြစ်မနေဘူးလားဘုရား?

သာဟတ္တိက၊ လှူဒါန်းမှ၊ ကျိုးရများမည်ဆို၊
တဆင့်ပေးကမ်း၊ ထိုလှူဒါန်း၊ ကျိုးမှန်း နည်းမည်ကို၊
ထိုနှစ်မျိုးခင်း၊ ခြားနားခြင်း၊ ရှင်းလင်းပေးစေလို။

(ခ) လှူဒါန်းရာတွင် မိမိလက်နှင့်ထိပြီးလှူမှ ပိုအကျိုးများမည်ဆိုလျှင် မြန်မာပြည်မှ ရဟန်းများအား ဆွမ်းကပ်ပေးဖို့, ခလေးသူငယ်များအား စားဝတ် နေရေးဖို့လှူမှု, ဒုက္ခသည်များအား ပေးလှူမှုတို့သည် အကျိုးပေးနည်းသလို ဖြစ်မလားဘုရား? တပည့်တော်တို့မှာ လေယာဉ်ခကို အလှူအတွက် သုံးခြင်းဖြစ်၍ ကိုယ့်လက်ဖြင့် မလှူလိုက်ရပေမဲ့ သဒ္ဓါတရားလုံးဝ လျော့ပါးခြင်း မရှိပါ။ (မမြင်ရပေမဲ့ စိတ်ထဲမှ ကျိတ်ပြီး ပီတိသုခ ဖြစ်မိပါသည်။)

ဖြေ။ ။ ဦးရေချမ်းရဲ့ မေးခွန်းများနှင့်ပတ်သက်၍--

(က) “အမျှဝေရာတွင် ကြားကြားသမျှ အမျှ" လို့ ဆိုကြရာတွင် မကြားတဲ့သူတွေ မရကြပါစေနဲ့, မယူကြစေနဲ့-လို့ သတ်မှတ်သလို မဖြစ်ပါဘူး၊ ကြားတဲ့သူတွေတောင် (သူတပါးတို့ပြုလုပ်သော ကုသိုလ်အဖို့ကို) ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်မှ ရနိုင်မည့်ကိစ္စကို လုံးဝမကြားတဲ့သူတွေက ကြားမှမကြားတာ ဘယ်လို သာဓုခေါ်နိုင်ပါ့မလဲ?

(ခ) အခြေအနေအရ ကိုယ်တိုင် မသွားနိုင်, မပြုနိုင်တဲ့အခါ လူ့ကံ လက်ဆင့်ကမ်းလှူဒါန်းရခြင်းကိုပင် မမြင်ရပေမဲ့ စိတ်ထဲမှ ကျိတ်ပြီး ပီတိသုခဖြစ်မိသေးရင် ကိုယ်တိုင်လှူဒါန်းရပါက အဘယ်မျှ ပီတိသုခဖြစ်မည်ဆိုတာ ပြောပြစရာပင် မလိုတော့ပါ။ ကိုယ်တိုင်လှူရရင် “သာဟတ္ထိကဒါန- အလှူခံရှေ့မှောက် မိမိကိုယ်လက်ဖြင့် ပေးလှူရခြင်း" လည်း ဖြစ်တယ်၊ “သက္ကစ္စဒါန-ရိုရိုသေသေ ပေးလှူရခြင်း”လည်း ဖြစ်တယ်၊ “အလှူခံပုဂ္ဂိုလ်တွေကို ကိုယ်တိုင်ဖူးရ, တွေ့မြင်ရတော့ ပို၍လည်း သဒ္ဓါတရားတွေလဲဖြစ်, မေတ္တာ ကရုဏာဖြစ်စရာဆိုရင်လဲ ပိုလို့ မေတ္တာကရုဏာ တိုးပွါးဖြစ်တယ်၊ ရဟန်းသံဃာများထံမှ တရားလဲနာရ၊ အမျှအတန်းလဲ ကောင်းစွာဝေရတယ်၊ ကလေးသူငယ်တွေ, ဒုက္ခသည်တွေထံမှ တုံ့ပြန်တဲ့ မေတ္တာဓာတ်ကိုလဲ တိုက်ရိုက် ခံယူလို့ရတယ်" စတဲ့ အကြောင်းတွေကြောင့် ကိုယ်တိုင်ကိုယ်ကျ လှူတာက ကုသိုလ်တွေ များစွာ ပိုရပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

ညအိပ်ရာဝင် သီလဆင်...?



နေရည်ရည် (Fremont) လျှောက်ထားသော မေးခွန်းမှာ---


အိပ်ရာဝင်ချိန်မှာ၊ ယူသီလာ၊ ရပါသလားဘုရား…?

မေး။ ။ တပည့်တော်မ ကြားဘူးတယ်၊ ၈-ပါးသီလပဲ ဖြစ်ဖြစ်, ၉-ပါးသီလပဲ ဖြစ်ဖြစ် ညအိပ်ရာ မဝင်ခင်မှာ ယူပြီး အချိန်အကန့်အသတ်ထားပြီး သီလယူရင် ရတယ်တဲ့။ အိပ်နေတဲ့အချိန်မှာ သီလဆောက်တည်လို့ ရပါသလား? သီလကော ရပါသလားဘုရား?

ဖြေ။ ။ အိပ်ပျော်နေတဲ့အချိန်မဟုတ်ရင် သီလကို အချိန်မရွေး ဆောက်တည်လို့ရပါတယ်၊ သီလနှင့်ပတ်သက်၍ ---

(၁) ကာလပရိယန္တသီလ- ကာလအပိုင်းအခြားðပ၍ ဆောက်တည်သောသီလ၊

(၂) အာပါဏကောဋိကသီလ- အသက်ထက်ဆုံး ဆောက်တည်၍ ထိုဆောက်တည်သည့် အတိုင်းသာလျှင် ဖြစ်စေသော (လိုက်နာကျင့်သုံးသော) သီလ။
ကာလပရိစ္ဆေဒံ ကတွာ သမာဒိန္နံ သီလံ ကာလပရိယန္တံ။ ယာဝဇီဝံ သမာဒိယိတွာ တထေဝ ပဝတ္တိတံ အာပါဏကောဋိကံ။ (ဝိသုဒ္ဓိမဂ္ဂ၊ ဋ္ဌ၊ ၁၊ ၁၂။)
ကာလပရိယန္တသီလဆိုတာ ဒီနေ့, ဒီည, ဒီအချိန် စသည်ဖြင့် အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလဖြစ်တယ်။
ကာလေန ပရိယန္တံ ကာလပရိယန္တံ၊ ယထာပရိစ္ဆိန္နော ဝါ ကာလော ပရိယန္တော ဧတဿာတိ ကာလပရိယန္တံ။ ကာလပရိစ္ဆေဒံ ကတွာတိ “ဣမဉ္စ ရတ္တိံ, ဣမဉ္စ ဒိဝ”န္တိအာဒိနာ ဝိယ ကာလဝသေန ပရိစ္ဆေဒံ ကတွာ။ (ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၊ ၁၊ ၃၁, ၃၃။)

ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (၁၊ ၁၈၈) ၌ “ကာလအပိုင်းအခြားသည် အဘယ်နည်း? ဟု မေးခွန်းထုတ်၍ ဖြေရာဝယ် ရတနာသုံးပါးကို ဆည်းကပ်သောသူတို့သည် အလှူဒါနကို ပေးလှူကုန်စဉ် ကျွေးမွေးချိန် ပြီးဆုံးသည့်တိုင်အောင် ပိုင်းခြား၍ သီလကို ဆောက်တည်ကုန်၏၊ (သို့မဟုတ်) ကျောင်းတိုက်၌ တည်သော ဥပါသကာ ဥပါသိကာမတို့သည် ကျောင်းတိုက် အတွင်း၌ တည်နေစဉ် အပိုင်းအခြားရှိသောသီလကို ဆောက်တည်ကုန်၏၊ တစ်ညဥ့်တစ်နေ့ဖြစ်စေ, နှစ်ညဥ့်နှစ်နေ့ဖြစ်စေ, သုံးညဥ့် သုံးနေ့ဖြစ်စေ, ထို့ထက်အလွန် ညဥ့်နေ့တို့ပတ်လုံးဖြစ်စေ ပိုင်းခြား၍ သီလကို ဆောက်တည်ကုန်၏၊ ဤကား ကာလ အပိုင်းအခြားပေတည်း" ဟု လာရှိပါတယ်။ ဆိုလိုတာက အလှူပြုလုပ်နေစဉ် ကျွေးမွေးမှု ပြီးဆုံးတဲ့အချိန်အထိ ဆောက်တည်ပါမယ်-လို့ အချိန်ကို ပိုင်းခြားသတ်မှတ်၍ သီလဆောက်တည်ခြင်း၊ ကျောင်းတိုက်အတွင်း၌ နေစဉ်ကာလ အတွင်း ဆောက်တည်ပါမယ်-လို့ နေရာဌာနကို သတ်မှတ်၍ သီလဆောက်တည်ခြင်းတို့ ဖြစ်တယ်။

ဒီနေရာမှာ ဌာနကို ပိုင်းခြားသတ်မှတ်၍ သီလဆောက်တည်ခြင်း၊ 

ဥပမာ--- ဤကျောင်းတိုက်အတွင်းမှာ ရှစ်ပါးသီလကို ဆောက်တည်မည်ဟု နေရာသတ်မှတ်၍ ဆောက်တည်ခြင်း၊  
အချိန်ကို ပိုင်းခြားသတ်မှတ်၍ သီလဆောက်တည်ခြင်း၊
ဥပမာ--- ၉-နာရီမှ နေ့ ၁-နာရီ အတွင်းမှာသာ ဥပုသ် သီလကို စောင့်ရှောက်မည်ဟု အချိန်ကို သတ်မှတ်၍ ဆောက်တည်ခြင်း-ဟု ၂-မျိုးရှိပါတယ်။

သစ်ကျုတ်သီလ၊ ပမာပြ၊ အားက ပျော့လှသည်
နေရည်ရည်ရဲ့ မေးခွန်းမှာ ၈-ပါးသီလပဲ ဖြစ်ဖြစ်, ၉-ပါးသီလပဲ ဖြစ်ဖြစ် ညအိပ်ရာ မဝင်ခင်မှာ ယူပြီး အချိန်အကန့်အသတ်ထားပြီး သီလယူရင် ရတယ်တဲ့-ဒီကြားဘူးနားဝနှင့်ပတ်သက်၍ စဉ်းစားဖွယ်က သီလကိုတော့ ရပါတယ်၊ သီလယူတဲ့ သူရဲ့ခံယူချက်က အားပျော့လွန်းတယ်၊ ညအိပ်ရာမဝင်ခင် ယူတာတောင် အချိန်အကန့်အသတ် ထားသေးတယ်-ဆိုတော့ ဇာတ်တော်မှာလာတဲ့ သစ်ကျုတ်ဥပုသ်စောင့်သလို ဖြစ်နေပါတယ်---

“တခါက သစ်ကျုတ် တစ်ကောင်ဟာ ဂင်္ဂါမြစ်ကမ်းနား ကျောက်ဖျာပေါ်မှာ နေတယ်၊ တနေ့တွင် ဂင်္ဂါမြစ်၌ ဆီးနှင်းရေတွေ လာကာ ကျောက်ဖျာ ပတ်လည်မှာ ရေတွေဝိုင်းလျက်နေတယ်၊ သစ်ကျုတ်ဟာ ကျောက်ဖျာပေါ်၌ အိပ်တယ်၊ သစ်ကျုတ်အဖို့ရာ ကျက်စားရာ မရှိ၊ ကျက်စားရာကို သွားတဲ့လမ်းလည်း မရှိ၊ ရေက များသထက်များလာ တယ်၊ ထိုသစ်ကျုတ်ဟာ “ငါ့အတွက် ကျက်စားရာ မရှိ၊ ကျက်စားရာကိုသွားတဲ့လမ်းလည်း မရှိ၊ အလုပ်မရှိတဲ့ ငါ့အဖို့ရာ အိပ်နေခြင်းထက် ဥပုသ်ဆောက်တည်ခြင်းက မြတ်၏" ဟု ကြံပြီး စိတ်ဖြင့်သာ ဥပုသ်ကို အဓိဋ္ဌာန်ကာ သီလဆောက်တည်ပြီး အိပ်ပါတယ်။

ထိုအခါ သိကြားမင်းက ဆင်ခြင်လတ်သော် သစ်ကျုတ်ရဲ့ အားနည်းလှတဲ့ သီလဆောက်တည်ခြင်းကို သိ၍ ထိုသစ်ကျုတ်ကို စုံစမ်းအံ့-လို့ကြံလျက် ဆိတ်အသွင်ဖြင့် လာကာ သစ်ကျုတ်ရဲ့အနီး၌ ကိုယ်ကို ပြပါတယ်၊ သစ်ကျုတ်ဟာ ထိုဆိတ်ကိုမြင်လျှင် “တပါးသောနေ့၌ ဥပုသ်စောင့်တော့အံ့" -ဟု ထကာ ဆိတ်ကို ဖမ်းဖို့ရန် ပြေးလာတယ်၊ ဆိတ်က လည်း ဟိုဟိုဒီဒီ ပြေး၍ မိမိကိုယ်ကို ဖမ်းစိမ့်သောငှါ မပေး၊ သစ်ကျုတ်ဟာ ဆိတ်ကို ဖမ်းဖို့ရန် မတတ်နိုင်တဲ့အခါ ကျောက်ဖျာအပြင်သို့ ပြန်လာ၍ “ဥပုသ်အမှုသည် ငါ့အား မပျက်သေး" ဟု တဖန် ပြန်အိပ်ပါတယ်၊ သိကြားမင်းဟာ ပကတိသိကြားအသွင်ဖြင့် ကောင်းကင်၌ ရပ်လျက် “ဒီလိုသဘောရှိတဲ့ ကုသိုလ်ဆန္ဒအားနည်းတဲ့ သင့်အဖို့မှာ ဥပုသ်ဆောက်တည်သဖြင့် အဘယ်အကျိုးရှိအံ့နည်း? သင်က ငါ့ကို သိကြားမင်းအဖြစ်ကို မသိ၍သာ ဆိတ်သားကို စားလို လို့ ထိုသစ်ကျုတ်ကို ကဲ့ရဲ့ပြောဆိုကာ နတ်ပြည်သို့ ပြန်သွားသတဲ့" ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Friday, March 22, 2013

ဘုရားနှင့် ရှင် ဦးတော်တွင် ကွာခြားမည်သို့ ဖြစ်သည်ထင်...?



ပိုင်စိုး (Fremont, CA) လျှောက်ထားသော မေးခွန်းမှာ… 


ဘုရားမြတ်စွာ၊ ရောင်လျှံမှာ၊ ပမာ ဆံထုံးလို၊ 
အခြားရဟန်းမှ၊ ကွာခြားပြ၊ ကြောင်းက ဘယ်သို့ဆို။

မေး။ ။ အရှင်ဘုရား မြတ်စွာဘုရားရဲ့ပုံတော်ရုပ်ပုံတော်တွေမှာ ဆံထုံးကဲ့သို့သော ဆံချည်တွေရှိနေတာ သတိပြုမိပါတယ်၊ အခြားသော ရဟန်းတော်တွေနှင့် အဘယ့်ကြောင့် ကွာခြားနေပါသလဲဘုရား? 

ဖြေ။ ။ မောင်ပိုင်စိုးရဲ့ မေးခွန်းနှင့်ပတ်သက်၍ အဖြေမှာ… 
“ဘုရားအလောင်းတော်က ‘ငါရဲ့ ဤဆံပင်တို့ကား ရဟန်းတို့အား မလျောက်ပတ်ကုန်၊ ထိုဆံပင်တို့ကို သန်လျက်ဖြင့် ဖြတ်အံ့' လို့ ကြံစည်ကာ လက်ယာလက်ဖြင့် သန်လျက်ကိုကိုင်လျက် လက်ဝဲလက်ဖြင့် မကိုဋ်နှင့်တကွ ဆံထုံးကို ဖြတ်လေ၏၊ ဆံတော်တို့မှာ လက်နှစ်သစ်ပမာဏ အညီအမျှ ကြွင်းကျန်ရစ်ပြီး လက်ယ္ပ၁ာရစ်လည်ကာ ဦးခေါင်းတော်၌ ကပ်ငြိတည်ရှိကြ၏၊ ထိုဆံတော်တို့၏ ပမာဏကား အသက်ထက်ဆုံးပင် အသစ် တဖန် မရိတ်မပယ်ရပဲ ထိုလက်နှစ်သစ် ပမာဏသာ ရှိ၏”ဟု ဗုဒ္ဓဝံသအဋ္ဌကထာ (၃၃၂) ၌ လာရှိပါတယ်၊ ထိုဆံတော်များ လက်နှစ်သစ်ပမာဏ လက်ျာရစ်လည်ကာ ဦးခေါင်းတော်၌ ရာသက်ပန်တည်နေခြင်းကပင် ရဟန်းတော် တို့ဆံပင် တည်နေပုံထက် ထူးခြားနေ၏၊ ရဟန်းတော်များလည်း ဆံလက်နှစ်သစ်, သို့မဟုတ် နှစ်လအထိ ဆံမရိတ်ပဲ ထားနိုင်၏၊ သို့သော် ထိုအတိုင်းအရှည်, ထိုကာလတိုင်အောင် ဆံပင်ကို ထားလျှင် ဘယ်လိုမှ ကြည့်လို့ သင့်လျော်မည် မဟုတ်ပါ။ 

ဘုရားရှင်ရဲ့လက္ခဏာတော်ငယ် ရှစ်ဆယ်တွင် “ကေတုမာလရောင်လျှံခေါ်တဲ့ ဦးထိပ်တော်၌ တည်ရှိထွန်း တောက်နေတဲ့ ရောင်လျှံတော်အစု” လို့ခေါ်တဲ့ လက္ခဏာတစ်ပါးရှိပါတယ်၊ ထိုလက္ခဏာတော်ငယ်နှင့်စပ်၍ သာရတ္ထဒီပနီ ပဌမတွဲ (၁၂၅)မှာ “ ကေတုမာလာ-ဆိုတာ ဦးခေါင်းမှ ထွက်၍ ထိပ်၏အထက်၌ (ထိပ်လယ်၌) အစုဖြစ်လျက် ထင်သော ရောင်ခြည်တော်အစု ဟူ၍လည်းကောင်း, ထိပ်လယ်၌ ထင်ရှားစွာ မြင့်မောက်သောနေရာ-ဟူ၍လည်းကောင်း ပြောဆိုကြ၏" ဟု လာရှိပါတယ်။ ထိုကျမ်းဂန်များအရ “ဦးခေါင်းတော်မှ ထွက်ကာ ထိပ်လယ်၌ အစုဖြစ်လျက် ထင်သောရောင်ခြည်တော်အစုကို ထင်ရှားစေလို၍ဖြစ်စေ, သို့မဟုတ် ပကတိ ထိပ်လယ်၌ ထင်ရှားစွာ မြင့်မောက် နေရာကို သိစေလို၍ဖြစ်စေ ဘုရားရှင်ရဲ့ ဆံတော်ပုံတွေမှာ ရဟန်းတော်များရဲ့ပုံတွေနှင့် မတူပဲ ဆံထုံးကဲ့သို့ အမို့ အမောက်, အချွန်များနှင့် ရေးဆွဲခြင်း, ထုလုပ်ခြင်း ဖြစ်ပုံရပါတယ်။ 

ရဝေထွန်းရဲ့ ဘာသာရေးပြဿနာများ (၄၊ ၁၈၁)မှာတော့… “မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် ဦးခေါင်းတော်မှ ကေတုမာလာ ရောင်လျှံတော်သည် အထက်သို့ထွက်၍ နေကြောင်း၊ သာသနာနှစ် ငါးရာကျော်မှ ဘုရားပုံတော်ကို ဂုပ္တအရပ်တွင် စတင်ထုလုပ်ရာ ထိုကေတုမာလာ ရောင်လျှံတော်ကို ပုံတော်ဦးထိပ်၌ အထက်သို့ အချွန်ထွက်၍ ပုံဖော်ထားသည်၊ ထိုသို့ပုံဖော်ထားသဖြင့် နောင်တွင် ပုံတော်တိုင်း ဦးထိပ်၌ အချွန်ပုံ အမျိုးမျိုး ထုလုပ်ကြရာမှ သျှောင် တော်ကဲ့သို့ အမို့အမောက် ဖြစ်၍ လာကြောင်း၊ ထိုင်း, ကမ္ဘောဒီးယားစသော အရှေ့တိုင်းပုံတို့တွင် ဘုရားပုံတော်ဦးထိပ်၌ ထောင်နေသောအပြားပုံ၊ မီးလျှံပုံများ ဖော်ထားကြောင်း တွေ့နိုင်ပေသည်။ ထိုအစဉ်အလာအတိုင်းပင် ကေတုမာလာ ရောင်လျှံတော်ပုံကို သျှောင်ထုံးပုံကဲ့သို့ ထုလုပ်ရာမှ ဘုရားပုံတော်၌ သျှောင်ထုံးပုံရှိသည် ဟု ယခုခေတ် လူတို့ ယူဆ လာကြပေသည်။ သျှောင်ထုံးမဟုတ်၊ ကေတုမာလာ ရောင်လျှံတော်ဟု မှတ်ယူကြရမည်။ ‘ဒက္ခိဏတော အာဝဋ္ဋမာနာ' ဟု ဗုဒ္ဓဝင် အဋ္ဌကထာစကားအရ လက်ယာရစ် ခွေလိပ်၍ ဟူသည်အတိုင်း ဦးခေါင်းတော်၌ လက်ယာရစ် ခွေနေသော ပိန္နဲဆူးသဏ္ဍာန်များ ရှေးဆင်းတုတော်များ၌ တွေ့ရတတ်သည်။ မှန်ကန်သော အယူအဆပင် ဖြစ်ပါ၏”ဟု ဖြေကြားထားတော်မူပါတယ်။ 

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

သေခါနီးမှာ ပရိတ်နာ မလားပါယ်ရွာ ဘယ့်ကြောင့်ပါ



မခိုင်စိုးဝေ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ သမိုင်း၊ ရန်ကုန်ရဲ့ လျှောက်ထားသောမေးခွန်းများမှာ…

မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။

သေခါနီးမှာ၊ ပရိတ်နာ၊ ပါယ်ရွာ မလားသော၊ 
ပရိတ်နာကြား၊ ပါယ်မလား၊ စကား သူငါပြော၊ 
ဓိပ္ပါယ်မသိရ၊ နာရုံမျှ၊ ပါယ်မှ လွတ်မည်လော...? 

(က) လူတို့သေဆုံးခါနီးတွင် ပရိတ်ကြီး (၁၁) သုတ်ကို အာရုံပြု၍ သေသွားပါက တစ်ဘဝစာ အပါယ်မလား-ဟု ကြားသိရပါသည်ဘုရား၊ ပရိတ်တော်တွေရဲ့ အဓိပ္ပါယ်ကို မသိဘဲ စာသားကို အာရုံပြုနေရုံမျှဖြင့် အပါယ်က လွတ်နိုင်ပါ့ မလားဘုရား? ဤအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထား အပ်ပါသည်ဘုရား။

 ဇောခုနစ်ဖြာ၊ ကြောင်းကျိုးပါ၊ တွဲကာ မိန့်၍ဟော။

(ခ) ကုသိုလ် (အကုသိုလ် တစ်ခုခု ပြုလုပ်သည့်အခါ) ဇော (၇) ကြိမ် ကျသည်-ဟု ကြားသိရပါသည်၊ ထိုဇော(၇)ကြိမ်၏ အသေးစိတ် အကြောင်းအရာများနှင့် အကျိုးပေးပုံများကို သိလိုပါသည်ဘုရား။ 

 ဖြေ။ ။ မခိုင်စိုးဝေရဲ့ မေးခွန်း ၂-ခု၏အဖြေမှာ… 

(က) စမ္ပါမြို့ရဲ့ဂဂ္ဂရာရေကန်အနီး၌ ဘုရားရှင် တရားဟောတော်မူသောအခါ ဖားငယ်တစ်ကောင်ဟာ ဘုရားရှင်ရဲ့ သာယာတဲ့ တရားအသံတော်ကို နာကြားနေစဉ် နွားကျောင်းသားက သူ့ကျောပေါ်မှာ တုတ်နှင့်ထောက် သဖြင့် ဖားငယ် သေဆုံးခဲ့ရတယ်၊ တိရစ္ဆာန်ပင် ဖြစ်သော်လည်း တရားတော်သံကို ရိုသေစွာ နာကြားရခြင်းကြောင့် တာဝတိံသာ နတ်ပြည်၌ နတ်သား ဖြစ်ရကြောင်း ကျမ်းဂန်များ၌ လာရှိပါတယ်၊ ဒါ့ကြောင့် တိရစ္ဆာန်တောင် တရားတော်ရဲ့အဓိပ္ပါယ်ကို မသိပဲ အသံကို နာကြားရရုံကုသိုလ်ကောင်းမှုကြောင့် နတ်ပြည်ရောက်ရသေးလျှင် လူသားက ပါဠိတော်များရဲ့ အဓိပ္ပါယ်ကို မသိစေကာမူ ပရိတ်တရားတော်ကို အာရုံပြု၍ ကွယ်လွန်လျှင် ကောင်းရာသုဂတိရောက်ဖို့ သေချာပါတယ်။ 

(ခ) ကုသိုလ် သို့မဟုတ် အကုသိုလ် တစ်ခုခု ပြုလုပ်သည့်အခါ ဇော (၇) ကြိမ် ကျရာတွင် ပဌမဇောစေတနာကို အကြောင်းညီညွတ်လျှင် ကံပြုရာ ယခုဘဝမှာပင် အကျိုးပေးတတ်သောကြောင့် “ဒိဋ္ဌဓမ္မဝေဒနီယကံ" ဟု ခေါ်တယ်၊ သတ္တမဇောစေတနာကို ပဋိသန္ဓေကျိုး ပဝတ္တိကျိုး ၂-မျိုးလုံးကိုဖြစ်စေ, တစ်မျိုးမျိုးကိုဖြစ်စေ အခြားမဲ့ ဒုတိယဘဝ၌ အကျိုးပေးသောကြောင့် “ဥပပဇ္ဇဝေဒနီယကံ" ဟု ခေါ်တယ်၊ အလယ်ဇော ၅-ချက်စေတနာကိုတော့ တတိယဘဝမှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကျိုးပေးခွင့်ရှိသောကြောင့် “အပရာပရိယဝေဒနီယကံ" ဟု ခေါ်တယ်။ 

ထိုဇောစေတနာများသည် မိမိတို့ သက်ဆိုင်ရာဘဝ၌ အကျိုးမပေးလျှင် “အဟောသိကံ" ဖြစ်ကြတယ်။ ပဌမဇောသည် အကျိုးမပေးပဲ မျက်မှောက်ဘဝကို လွန်လျှင် အဟောသိကံဖြစ်တယ်၊ သတ္တမဇောသည် အကျိုးမပေးပဲ ဒုတိယဘဝကိုလွန်လျှင် အဟောသိကံဖြစ်တယ်၊ အလယ်ဇော ၅-ချက်သည် အကျိုးမပေးပဲ ဘဝပြတ်စဲလျှင် [ရဟန္တာ ဖြစ်သွားလျှင်] အဟောသိကံဖြစ်တယ်-လို့ ဆိုလိုတယ်။ 

ကုသိုလ်ဒိဋ္ဌဓမ္မ ဝေဒနီယကံရဲ့အကျိုးပေးခံရသူများကား “မဟာဒုဂ်သည် ကဿပဘုရားရှင်အား ဆွမ်းလှူခြင်းကြောင့် သူဌေးဖြစ်၏။ ပုဏ္ဏဆင်းရဲသား ဇနီးမောင်နှံတို့သည် အရှင်သာရိပုတ္တရာထေရ်အား ဆွမ်းလှူခြင်းကြောင့် သူဌေးဖြစ်၏။ ကာကဝဠိယ ဇနီးမောင်နှံတို့သည် အရှင်မဟာကဿပထေရ်အား ဆွမ်းလှူခြင်းကြောင့် သူဌေးဖြစ်၏။ 

အကုသိုလ် ဒိဋ္ဌဓမ္မဝေဒနီယကံရဲ့အကျိုး ရသူများကား- နန္ဒမည်သောလုလင်သည် ဥပ္ပလဝဏ်ထေရီကို အဓမ္မပြုကျင့်ခြင်းကြောင့် ချက်ချင်း မြေမျိုခံရ၏၊ အခြား နန္ဒမည်သော နွားသတ်သမားသည် အမြဲနွားသတ်၍ အသက်မွေးနေရာ တစ်နေ့မှာ ထမင်းပွဲ၌ အမဲဟင်းမပါ၍ နွားလျှာကို လှီးဖြတ်ကင်စားတုန်းမှာပင် လျှာပြတ်ကျလျက် ဟစ်အော်မြည် တမ်းကာ ငရဲကျရ၏။ အခြားတစ်ယောက် နန္ဒမည်သော ဘီလူးသည် အရှင်သာရိပုတ္တရာထေရ်၏ဦးခေါင်းတော်ကို ရိုက်နှက်ပုတ်ခတ်ခြင်းကြောင့် မြေမျို၍ မဟာအဝီစိငရဲ၌ ကျလေ၏။

ဆရာတော် ဦးဇောတာလင်္ကာရ 
ဓမ္မာနန္ဒ ဝိဟာရ 
ဟာ့ဖ်မွန်းဗေးမြို့

မှတ်ချက်။ ။ မဟာဒုဂ်ဝတ္ထုကို ဓမ္မပဒအဋ္ဌကထာ (၁၊ ၃၆ဝ-၃၆၆), ကျန်ဝတ္ထုများအားလုံးကို ဥပရိပဏ္ဏာသ အဋ္ဌကထာ ဒေဝဒဟသုတ်အဖွင့် (၄-၆), ကာကဝလိယဝတ္ထုကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ (၂၊ ၃၃), ဥပ္ပလဝဏ်ထေရီဝတ္ထုကို ဓမ္မပဒအဋ္ဌကထာ (၁၊ ၃၁ဝ-၃၁၁)တို့၌ လာရှိ၏။ 

Followers