Sunday, June 23, 2013

မသိလို့ဖြစ်တဲ့ လောဒေါကို မောဟ,ဆို-မဆို...?



Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---


လောဘ, ဒေါသ၊ ထိုနှစ်ဝ၊ မောဟ ဖြစ်သလော? 


မေး။ ။(ဂ) မသိလို့လောဘဖြစ်သည်၊ မသိလို့ဒေါသဖြစ်သည်၊
လောဘ, ဒေါသသည် မောဟပင် ဖြစ်ပါသလားဘုရား?

ဖြေ။ ။(ဂ) နှစ်သက်ဖွယ်အာရုံတွေအပေါ်မှာ သတိဖြင့် မထိန်းနိုင်လျှင်လောဘဖြစ်တယ်၊ လောဘရဲ့အမှတ်အသားမှာ အာလမ္ဗဂ္ဂါဟလက္ခဏော- အာရုံကို တပ်မက်ခုံမင် ယူချင်လိုချင်တဲ့သဘော လက္ခဏာရှိတယ်၊

မနှစ်သက်ဖွယ် အာရုံတွေ အပေါ်မှာ သတိဖြင့် မထိန်းနိုင်လျှင် ဒေါသ ဖြစ်တယ်၊ ဒေါသသည် စဏ္ဍိက္က လက္ခဏော-မနှစ်သက်ဖွယ်သော အာရုံနှင့် တွေ့ကြုံလာသည့်အခါ ကိုယ်ရောစိတ်ပါ ကြမ်းတမ်းလျက် အမျက်ထွက်ခြင်း လက္ခဏာရှိတယ်၊

မောဟကတော့ အညာဏလက္ခဏော- အာရုံရဲ့အမှန်သဘောကို မသိခြင်း လက္ခဏာရှိတယ်၊

အာလမ္ဗသဘာဝစ္ဆာဒနရသော- အာရုံ၏ သဘောမှန်ကို ဖုံးကွယ်ခြင်းကိစ္စရှိသည့်အတွက်            နှစ်သက်စရာအာရုံတွေအပေါ်မှာ လောဘ, 
   မနှစ်သက်စရာအာရုံတွေ အပေါ်မှာ ဒေါသဖြစ်ရတယ်၊ ဒါ့ကြောင့် လောဘဖြစ်တိုင်း မောဟပါသလို ဒေါသဖြစ်တိုင်းလည်း မောဟပါတယ်၊

ဒါပေမဲ့ လက္ခဏာ သီးခြားစီဖြစ်၍ လောဘ, ဒေါသ တို့သည် မောဟတော့ မဖြစ်ကြပါ၊ သို့သော် လောဘ, ဒေါသဖြစ်တိုင်း မောဟလွှမ်းမိုးမှုတော့ အမြဲပါနေပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, June 13, 2013

အားထုတ်စမှာ မေတ္တာဟာ မပွါးရဟုဆိုနေတာ...



Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---


ကမ္မဋ္ဌာန်းစမှာ၊ အားထုတ်ရာ၊ မေတ္တာမပို့ရ၊
ဒုက္ခမရှိ၊ စင်ကြယ်သိ၊ ပို့ဘိ မေတ္တာက၊
ထိုသည့်လမ်းညွှန်၊ မှန်, မမှန်၊ အမြန် သိလိုလှ။

မေး။ ။(ခ) ကမ္မဋ္ဌာန်းကျောင်းတခုမှာ ကမ္မဋ္ဌာန်းစ အားထုတ်တဲ့ အချိန်တွင် မေတ္တာမပွါးခိုင်းပါဘူး၊ ၁ဝ-ရက်ပြည့် သင်တန်းပြီးမှ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, မိမိကိုယ်တိုင် ဒုက္ခမရှိခြင်း ရှိမှ မေတ္တာပွါးခိုင်းပါသည်၊ အဲဒါမှန် ပါသလားဘုရား?

ဖြေ။ ။(ခ) ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ ရဟန်းဟာ ရှေးဦးစွာ မေတ္တာပွါးစေအပ်၏၊ မေတ္တာပွါးထားသဖြင့် ကမ္မဋ္ဌာန်းအားထုတ်တဲ့ ရဟန်းကို နတ်များစောင့်ရှောက်ခြင်း, အနှောင့်အယှက်မရှိခြင်း-စသည်ဖြင့် ဝိသုဒ္ဓိမဂ် ကမ္မဋ္ဌာနဒါယကအဖွင့်၌ လာရှိသောကြောင့် ကမ္မဋ္ဌာန်းစအားထုတ်တဲ့အချိန်တွင် မေတ္တာမပွါး ခိုင်းတာ မမှန်ပါ၊ ပင်မကမ္မဋ္ဌာန်းရဲ့ ပရိကံ (အခြေခံ)အနေနဲ့ သဗ္ဗတ္ထကကမ္မဋ္ဌာန်း ၃-မျိုး, သို့မဟုတ် စတုရာရက္ခ ကမ္မဋ္ဌာန်း ၄-မျိုးတွင် မေတ္တာပါဝင်နေသောကြောင့် ၁ဝ-ရက်ပြည့် သင်တန်းပြီးမှ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, မိမိကိုယ်တိုင် ဒုက္ခမရှိခြင်း ရှိမှ မေတ္တာပွါးခိုင်း ပို့ခိုင်းတာလည်း မမှန်ပါ၊ ၁ဝ-ရက် သင်တန်းပြီးရုံမျှနဲ့ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, ဒုက္ခမရှိခြင်းကို ဘယ်လိုသတ်မှတ်ချက်ဖြင့် သိနိုင်ပါ့ မလဲ? ရှေးက နှစ်ပေါင်းများစွာ တရားအားထုတ်သော်လည်း တရားမရ, စိတ်မစင်ကြယ်သူပုဂ္ဂိုလ်တွေ ရှိခဲ့ကြတယ်၊ မိမိကိုယ်တိုင် ဒုက္ခမရှိခြင်းရှိမှ-ဆိုတာလည်း မဖြစ်နိုင်၊ ခန္ဓာရှိလျှင် ဒုက္ခရှိမည်သာ ဖြစ်တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Sunday, June 2, 2013

မေတ္တာပို့ခြင်း ကျင့်ကြံခြင်း အရှင်း မည်သို့ ပြုရမည်---?



Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---


မေတ္တသုတ်လာ၊ ပို့ မေတ္တာ၊ ပွါးတာ မပြောပဲ၊
ကျင့်ကြံရမည်၊ ပြောနေသည်၊ ရွယ်ရည် ဘယ်သို့လဲ?

မေး။ ။(က)မေတ္တသုတ်နှင့်ပတ်သက်၍ မေတ္တာပို့တာ ပွါးတာကို မပြောပဲ ကျင့်ကြံရမည်ကို ပြောနေပါသည် ဘုရား၊ ရှင်းပြပါဘုရား။

ဖြေ။ ။(က) မေတ္တာပို့တာ, မေတ္တာပွါးတာ-ဆိုတဲ့စကားထဲမှ မေတ္တာပို့-ဆိုတာက (ပစ္စည်းတစ်ခုခုကို တစ်စုံ တစ်ယောက်ထံသို့ ပို့လိုက်သကဲ့သို့) မေတ္တာကို (အခြားသတ္တဝါတွေထံသို့) ပို့လိုက်တယ်လို့ ဆိုလိုတာပါ၊ မေတ္တာပွါး-ဆိုတာက မေတ္တာကို အကြိမ်ကြိမ် ပွါးများနေတယ်လို့ ဆိုလိုပါတယ်၊ ပို့တာ ပွါးတာ-စကား ၂-မျိုးဟာ ကျင့်ကြံတယ်- ဆိုတဲ့စကားရဲ့ ပရိယာယ်ပါပဲ၊ မေတ္တာပို့တာ, မေတ္တာပွါးတာဟာ ကောင်းတဲ့အလေ့အကျင့် တစ်ခု ဖြစ်၍ စရဏ (အကျင့်) လို့ ဆိုလိုပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Tuesday, May 28, 2013

သေခါနီးသော် ပေါ်, မပေါ် ထိုသူ့တိတ်ကံနော်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


သေခါနီးတွင်၊ တိတ်ကံလျှင်၊ ထင်မြင်တတ်သလော?

မေး။ ။(ဇ) လူတဦး သေခါနီး ဇောတွင် အတိတ်ဘဝများမှ ပြုခဲ့သော ကံများ ထင်တတ်ပါသလားဘုရား?

(ဇ) လူတဦး သေခါနီး ဇောတွင် အတိတ်ဘဝများမှ ပြုခဲ့တဲ့ ကံများထင်တတ်ပါတယ်၊ အပရာပရိယဝေဒနီယ ကံကင်းပြီး သံသရာ၌ ကျင်လည်နေရတဲ့ သတ္တဝါဆိုတာ မရှိပါဘူး၊ ထိုကံဟာ အခွင့်ရလျှင် အကျိုးပေးတာပါဘဲ၊ သံသရာထဲမှာ ဖြစ်နေသရွေ့ အပရာပရိယဝေဒနီယကံက အကျိုးမပေးတော့ဘဲ အဟောသိကံ ဖြစ်သွားရိုး မရှိပါဘူး။ နောက်ဆုံး အရဟတ္တမဂ်ဖြင့် ပယ်ဖျက်လိုက်မှ အကျိုးမပေးတော့တာ ဖြစ်တယ် ။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Friday, May 24, 2013

သီလစင်ရန် ဘိက္ခူကြံ ကပ်သူမရှိပြန်---



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ဆွမ်းကပ်မည့်သူ၊ မရှိမူ၊ ဘိက္ခူ မည်သို့ပြုမည်နည်း?


မေ။ ။(ဆ) ဆွမ်းစသည်များကို ကပ်မည့်သူ မရှိသောကျောင်းမှာ ရဟန်းတော်သည် ပါတိမောက်သီလ မပျက်ရန် မည်ကဲ့သို့ဆောင်ရွက်သင့်ပါသနည်းဘုရား?

(ဆ) ဆွမ်းစသည်များကို ကပ်မည့်သူ မရှိတဲ့ကျောင်းမှာ သီတင်းသုံးတဲ့ရဟန်းတော်ဖြစ်လျှင် (ဒန္တပေါဏ စတဲ့) ပါတိမောက္ခသီလ မပျက်လိုပါက ဆွမ်းခံစားရုံမှတပါး အခြားနည်းလမ်းမရှိပါ။ ဆွမ်းခံ၍ရတဲ့စားဖွယ်များကို မိမိမျှတရုံ ဘုဉ်းပေးသုံးဆောင်ပြီး ဆွမ်းကျန် ဟင်းကျန်များကို စွန့်ပစ်ကာ သပိတ်ကို စင်ကြယ်စွာ ဆေးကြောထားရမယ်၊ အဲဒီလိုသာ ကျင့်သုံးဆောင်ရွက်သင့်ပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Thursday, May 23, 2013

မိမိဘာဆင့် ပြောကြားလင့် မည်သည်အပြစ်သင့်...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ရဟန်းတော်များ၊ ထူးတရား၊ ပြောကြား ကောင်းသလော?

မေး။ ။(စ) ရဟန်းတော်များမှာ မိမိသည် ဂေါတြဘုအဆင့်ထိ ရောက်ကြောင်း ပြောကောင်းပါသလား ဘုရား?

ဖြေ။ ။(စ) ရဟန်းတော်များမှာ မိမိသည် ဂေါတြဘုအဆင့်အထိ ရောက်ကြောင်း ပြောကောင်းပါသလား? ဟူသော မေးခွန်းနှင့်ပတ်သက်၍---

မိမိက ဂေါတြဘုအဆင့်အထိသာမက ဈာန် သို့မဟုတ် မဂ် ရောက်ကြောင်းကို ရဟန်းအချင်းချင်း ပြောကောင်းပါသည်၊ လူ, သာမဏေအားသာ မပြောကောင်းပါ၊ ပြောမိလျှင် “ဘူတာရောစနသိက္ခာပုဒ်-မိမိမှာ အမှန်အကန်ထင်ရှားရှိတဲ့ ဈာန် မဂ်ဖိုလ် စတဲ့ ဥတ္တရိမနုဿဓမ္မကို လူသာမဏေအား ပြောမိ၍ ပညတ်အပ်တဲ့ သိက္ခာပုဒ်”အရ ပါစိတ်အာပတ်သင့်တယ်။

ဘူတာရောစနသိက္ခာပုဒ်ကို ပညတ်ရခြင်း အကြောင်းရင်းကား “ဝေသာလီပြည်၌ ဒုဗ္ဗိက္ခန္တရကပ်ဆိုက်ရောက်စဉ် ရဟန်းတော်များ ဆွမ်းခံယူ မျှတခြင်းငှါ မလွယ်ကူကြရကား ဝမ်းရေးအတွက် လောကီဈာန်ကိုရတဲ့ ပုထုဇဉ်ရဟန်းများဟာ ဥတ္တရိမနုဿဓမ္မ ခေါ်တဲ့ ဈာန်တရားကို လူတို့အား ပြောကြတယ်၊ အရိယာရဟန်းတို့က ဝမ်းရေးကြောင့် မိမိတို့ကိုယ်တိုင် မပြောကြ၊ အခြားရဟန်းတို့က “မည်သည့်ကိုယ်တော်ကတော့ အရိယာဘဲ”လို့ ပြောသဖြင့် မိမိတို့ကို မေးလျှောက်ကြတဲ့အခါ “ဟုတ်မှန်ကြောင်းကို မိမိအတွက်လည်းကောင်း, အခြား အရိယာရဟန်းများအတွက် လည်းကောင်း” ဝန်ခံကြတယ်၊ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူခဲ့ရတယ်။

ရဟန်းတော်များမှာ အမှန်အကန်ရရှိထားတဲ့ ဈာန် မဂ် ဖိုလ်တရားတို့ကို လူ သာမဏေအား ပြောကြားလျှင် ပါစိတ်အာပတ်သင့်တယ်၊ မရရှိတဲ့ ဈာန်မဂ်ဖိုလ်တရားတို့ကို ရရှိသလို မည်သူအားမဆို ပြောကြားမိလျှင် ပါရာဇိကကျ တယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

(ပါရာဇိက=သာသနာတော်မှ ဆုံးရှုံးစေသည်=ရဟန်းမဟုတ်တော့) 



Tuesday, May 21, 2013

ကိလေကင်းသူ ရုပ်လောင်းမူ ပုပ်နံ့ထူ-မထူ...?



ဦးဉာဏ်ရှိန် 115, Chester Ave., San Francisco လျှောက်ထားသော မေးခွန်းမှာ---


ရဟန္တာရုပ်အလောင်း၊ မပုပ်ကောင်း၊ အကြောင်း ဘယ်သို့နည်း?

 မေး။ ။(င) ရဟန္တာများ ပရိနိဗ္ဗာန်စံလျှင် ရုပ်အလောင်း ပုပ်ပါသလားဘုရား?

ဖြေ။ ။(င) ကိလေသာထူပြောတဲ့သူတို့ရဲရုပ်အလောင်းဟာ ပုပ်သော်လည်း ကိလေသာမရှိတဲ့ ပုဂ္ဂိုလ်တို့ရဲ့ရုပ်အလောင်းကတော့ မကောင်းတဲ့အနံ့မရှိ, မပုပ်ကြောင်းကို သုတ္တနိပါတ်အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့၌ လာရှိသောကြောင့် ရဟန္တာများ ပရိနိဗ္ဗာန်စံလျှင် ရုပ်အလောင်း မပုပ်ပါ။

ဆောင်ပုဒ်။ ။ ကိလေသာကင်း၊ အကြောင်းရင်းကြောင့်၊ သေခြင်းနောက်မှာ၊ ရဟန္တာ၏၊ ရုပ်ဟာမပုပ်သိုး ကျမ်းဆိုရိုး။

ယေ ဟိ ဥဿန္နကိလေသာ သတ္တာ၊
တေ တေဟိ အတိဒုဂ္ဂန္ဓာ ဟောန္တိ၊
နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။
(သုတ္တနိပါတ၊ ဋ္ဌ၊ ၁၊ ၃ဝ၃။)


ယေ ယေ ဥဿန္နကိလေသာ သတ္တာ၊
တေ တေ အတိဒုဂ္ဂန္ဓာ ဟောန္တိ၊
တေနေဝ နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။
(အံ၊ ဋီ၊ ၁၊ ၁၆၉။)


ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

Followers