Maung Kyi Shein ( Daly City) လျှောက်ထားသော မေးခွန်းမှာ---
ကမ္မဋ္ဌာန်းစမှာ၊ အားထုတ်ရာ၊ မေတ္တာမပို့ရ၊
ဒုက္ခမရှိ၊ စင်ကြယ်သိ၊ ပို့ဘိ မေတ္တာက၊
ထိုသည့်လမ်းညွှန်၊ မှန်, မမှန်၊ အမြန် သိလိုလှ။
မေး။ ။(ခ) ကမ္မဋ္ဌာန်းကျောင်းတခုမှာ ကမ္မဋ္ဌာန်းစ အားထုတ်တဲ့ အချိန်တွင် မေတ္တာမပွါးခိုင်းပါဘူး၊ ၁ဝ-ရက်ပြည့် သင်တန်းပြီးမှ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, မိမိကိုယ်တိုင် ဒုက္ခမရှိခြင်း ရှိမှ မေတ္တာပွါးခိုင်းပါသည်၊ အဲဒါမှန် ပါသလားဘုရား?
ဖြေ။ ။(ခ) ကမ္မဋ္ဌာန်းတရားအားထုတ်တဲ့ ရဟန်းဟာ ရှေးဦးစွာ မေတ္တာပွါးစေအပ်၏၊ မေတ္တာပွါးထားသဖြင့် ကမ္မဋ္ဌာန်းအားထုတ်တဲ့ ရဟန်းကို နတ်များစောင့်ရှောက်ခြင်း, အနှောင့်အယှက်မရှိခြင်း-စသည်ဖြင့် ဝိသုဒ္ဓိမဂ် ကမ္မဋ္ဌာနဒါယကအဖွင့်၌ လာရှိသောကြောင့် ကမ္မဋ္ဌာန်းစအားထုတ်တဲ့အချိန်တွင် မေတ္တာမပွါး ခိုင်းတာ မမှန်ပါ၊ ပင်မကမ္မဋ္ဌာန်းရဲ့ ပရိကံ (အခြေခံ)အနေနဲ့ သဗ္ဗတ္ထကကမ္မဋ္ဌာန်း ၃-မျိုး, သို့မဟုတ် စတုရာရက္ခ ကမ္မဋ္ဌာန်း ၄-မျိုးတွင် မေတ္တာပါဝင်နေသောကြောင့် ၁ဝ-ရက်ပြည့် သင်တန်းပြီးမှ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, မိမိကိုယ်တိုင် ဒုက္ခမရှိခြင်း ရှိမှ မေတ္တာပွါးခိုင်း ပို့ခိုင်းတာလည်း မမှန်ပါ၊ ၁ဝ-ရက် သင်တန်းပြီးရုံမျှနဲ့ မိမိကိုယ်တိုင် စင်ကြယ်ခြင်း, ဒုက္ခမရှိခြင်းကို ဘယ်လိုသတ်မှတ်ချက်ဖြင့် သိနိုင်ပါ့ မလဲ? ရှေးက နှစ်ပေါင်းများစွာ တရားအားထုတ်သော်လည်း တရားမရ, စိတ်မစင်ကြယ်သူပုဂ္ဂိုလ်တွေ ရှိခဲ့ကြတယ်၊ မိမိကိုယ်တိုင် ဒုက္ခမရှိခြင်းရှိမှ-ဆိုတာလည်း မဖြစ်နိုင်၊ ခန္ဓာရှိလျှင် ဒုက္ခရှိမည်သာ ဖြစ်တယ်။
ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့
No comments:
Post a Comment