Saturday, March 30, 2013

သေပြီးခန္ဓာ မပုပ်တာ သိချင်လွန်းလို့ပါ



ဦးထွန်းရွှေ (ခရမ်းခြံရွာ) တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းရဲ့ လျှောက်ထားသော မေးခွန်းမှာ-


စူဠသောတာ၊ သေသောခါ၊ ခန္ဓာမပုပ်သိုး၊
ချို့သူစကား၊ မှန်, အမှား၊ ဖြေကြား ကျမ်းဖြင့်ကိုး။

(ခ) စူဠသောတာပန်အဖြစ်နဲ့ သေဆုံးသွားရင် မပုပ်မသိုးဘဲ ဖြစ်နေတာနှင့် ပတ်သက်ပြီး, ဘာသာရေးရှုထောင့်နှင့် ဆေးပညာရှုထောင့် (ဆရာဝန်များ)မှ ကူညီရှင်းပြပေးပါရန်   မေတ္တာရပ်ခံအပ်ပါသည် ဘုရား။

---ဆရာတော်နှင့် ဓမ္မမိတ်ဆွေများမှ ခွင့်ပြုပါက ရှမ်းပြည်မှ (၁၄)နှစ်သမီး စံပြကျောင်းသူလေးရဲ့ အသုဘ VIDEO (DVD) ခွေကို အနဲအကျဉ်း ပြသလိုပါတယ်ဘုရား။ ကျောင်းသူလေးရဲ့ အလောင်းဟာ မီးသင်္ဂြိဟ်မည့်နေ့အထိ လူကောင်းပကတိအတိုင်း မပုပ်မသိုးဘဲ   ပျော့ပျော့ပျောင်းပျောင်း   ဖြစ်နေတာ     တွေ့ရပါတယ်ဘုရား၊ မီးသင်္ဂြိဟ်ခါနီးမှာ ဖခင်ဖြစ်သူက ပွေ့ဖက်နမ်းပြီးမှ မီးသင်္ဂြိဟ်ခဲ့ပါတယ်ဘုရား၊
မှတ်ချက်ပေးတော်မူပါဘုရား။
 ***
ကျာက်မဲမြို့  အမှတ်(၈)ရပ်ကွက်နေ 
ဦးဇော်နီ + ဒေါ်နန်းရွှေအိမ် (ဟိန်း-ဗီဒီယို)တို့၏ တစ်ဦးတည်းသောသမီး 
အသက် (၁၄) နှစ်ရှိ (မထက်ထက်အောင်) 
အဌမတန်း (A) အထက-၁ ၏ ကွန်လွန်ခြင်းမှတ်တမ် ရုပ်သံ
***



ဖြေ။ ။ (ခ) စူဠသောတာပန်အဖြစ်နဲ့ သေလို့ မပုပ်မသိုးဘဲ ဖြစ်နေတာတော့ ဟုတ်ဟန်မတူပါ၊ ဘာကြောင့်လဲဆိုရင် မဟာသောတာပန်ဖြစ်တဲ့ သိရိမာတောင် သေ၍ လေးရက်မြောက်မှာ ဖူးဖူးရောင်လာပြီး ဒွါရကိုးပေါက်တို့မှ ပိုးလောက်တွေ ယိုထွက်လာကြောင်း ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် သိရိမာဝတ္ထု (၆၈)၌ ပါရှိပါတယ်။
သုတ္တနိပါတ်အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့အရ “ကိလေသာထူပြောသူတို့ရဲ့ ရုပ်အလောင်းများသည် ပုပ်သော်လည်း ကိလေသာကင်းစင်တဲ့ ဘုရား, ရဟန္တာတို့ရဲ့ ရုပ်အလောင်းများကား မပုပ်ကြောင်း” သိရတယ်။

ဒီအဋ္ဌကထာ, ဋီကာတို့အရ ဘုရား ရဟန္တာတို့ရဲ့ ရုပ်အလောင်းမှတပါး အခြားသူတို့ရဲ့ ရုပ်အလောင်းများမှာ ပုပ်သိုးသည်-လို့ ဆိုရာရောက်တယ်၊ သို့သော် အခြားသူတို့ရဲ့ ရုပ်အလောင်း မပုပ်မသိုးတာကို ကျမ်းဂန်အထောက် အထားကို ဘုန်းကြီးအနေနဲ့ မတွေ့ရသေးပေမဲ့ တချို့ သီလစင်ကြယ်တဲ့ပုဂ္ဂိုလ်တို့ရဲ့ ရုပ်အလောင်းများ မပုပ်မသိုးတာကို မကြာခဏဆိုသလို ကြားနေရတယ်။

ရှမ်းပြည်မှ (၁၄)နှစ်သမီး ကျောင်းသူလေးရဲ့ အလောင်း မပုပ်မသိုးဘဲ ပျော့ပျော့ပျောင်းပျောင်းဖြစ်နေတာက   သူမရဲ့ ဝိပဿနာဘာဝနာစွမ်းရည်ကြောင့် ဖြစ်တယ်လို့ ယူဆမိတယ်၊ သူမဟာ ငယ်ရွယ်သူ ဖြစ်ပေမဲ့ တရားဘာဝနာကို လွန်စွာ ပွါးများအားထုတ်လျက်ရှိကြောင်း DVD ခွေကို ကြည့်ရလို့ သိရပါတယ်၊ ဝိပဿနာဘာဝနာကို အစဉ်မပြတ် ရှုမှတ်နေသူတွေမှာ ဝိပဿနာရဲ့အကျိုးကို ရနိုင်ဖွယ်ရှိပါတယ်---

၁။ ရောဂါကြီးသော်လည်း ငြီးငြူမှု မရှိခြင်း၊
၂။ သတိမမေ့ခြင်း။
၃။ သေမည့်နေ့ အချိန်ကို သိခြင်း၊
၎။ သေခါနီး မျက်ဖြူလန် (မျက်ဖြူဆိုက်) အကြောဆွဲမှု မရှိခြင်း၊
၅။ သေလည်း ခန္ဓာကိုယ်ဟာ မတောင့်တင်းပဲ ပျော့ပျော့ပျောင်းပျောင်းရှိခြင်း၊
၆။ ရုပ်အလောင်း မပုပ်ခြင်း၊
၇။ ကောင်းရာသုဂတိသို့ လားရောက်ရသည်ဖြစ်၍ ဂတိမြဲခြင်း-
ဤအကျိုးများပင် ဖြစ်တယ်။

ဝိပဿနာအကျိုး ခန္ဓာကိုယ်မပုပ်မသိုး
ရောဂါကြီးမူ၊ ငြီးငြူမရှိ၊ သတိမမေ့၊ ချိန်နေ့သိပြန်၊ မျက်လှန်ကြောဆွဲ၊
မရှိဘဲလျှင်၊ သေလဲ (လည်း)မတောင့်တင်း၊ ပုပ်နံ့ကင်းလျက်၊
မြဲခြင်း ဂတိ၊ ကျိုးရင်းရှိသည်၊ မှတ်ဘိ ဝိပဿနာတန်ခိုးတည်း။

THE POWER OF VIPASSANŒ
The yogÊ, who always practices VipassanÈ meditation, does not wail, cry, and is not sad although he/she is feeling a serious disease or deadly disease. He/she pays attention to the object (NÈma and r|pa). He/she knows the day and time when he/she will die or he/she knows the day and time of his/her death. At near the death's door, without showing the white of eyes and twitching of muscles, he/she has to die. After death, the body or corpse is not stiff or is flexible and not rotten. The body is like a sleeping person. And then he/she will be reborn in heaven or a good state surely. All of things are possible because of the power of VipassanÈ.

ဘုန်းကြီးအနေနဲ့ ဆေးပညာရှုထောင့်အရ မသိသော်လည်း ရုပ်အလောင်းရဲ့ ကြည်လင် ပျော့ပျောင်း မပုပ်မသိုးခြင်း အကြောင်းကို အဘိဓမ္မာတရားတော်အရ မှန်းဆကြည့်ရင် သူမရဲ့ သီလ, သမာဓိ, ဘာဝနာ စိတ်စွမ်းရည်ကြည်လင်မှု ကြောင့်ဖြစ်တဲ့ ရုပ်တွေကလဲ ကြည်လင်တယ်၊ စိတ္တဇရုပ်တွေ ကြည်လင်တယ်-လို့ ဆိုလိုတယ်၊ သေပြီးနောက် ဥတုဇရုပ်ကလာပ်အဖြစ် ကျန်ရှိတဲ့ ရုပ်အလောင်းကလဲ သီလ သမာဓိ ဘာဝနာစွမ်းအားတွေရဲ့အကျိုးဆက်အနေဖြင့် ဆက်လက် ကြည်လင် ပျော့ပျောင်း မပုပ်မသိုးပဲ တည်ရှိနေရော့သလား-လို့ ထင်မြင်ယူဆမိပါတယ်။

ဆရာတော် ဦးဇောတာလင်္ကာရ
ဓမ္မာနန္ဒ ဝိဟာရ
ဟာ့ဖ်မွန်းဗေးမြို့

No comments:

Post a Comment

Followers